သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာ ၈ ရက် ကျင်းပမည်


လွှတ်တော်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ငန်းတွေ လွှတ်တော်တွင်းမှာ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်း လွဲမှားမှုတွေကို ပြင်ဆင်မပြီးသေးပေမဲ့လို့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာလိုက်တဲ့ အပေါ်မှာတော့ အတိုက်အခံတွေက ကြိုဆိုကြပါတယ်။

အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကလည်း ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူးဆိုတာကို မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ဆုံးဖြတ်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

“တနင်္ဂနွေနေ့ပါ၊ နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့၊ အခုဟာက ကျနော်တို့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ပေါ့။ နောက်တခုပါသေးတယ်ဗျ။ ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း စတင်တယ်ဆိုတဲ့ ကြေညာချက်ပါ တွဲကြေညာတယ်။”

လွှတ်တော်တွင်းမှာ အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုတွေ မအောင်မမြင် ဖြစ်ပြီးချိန်မှာ အခုလို ၂၀၁၅ လွှတ်တော်အမတ် ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပေမဲ့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ကြိုဆိုလိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ရွေးကောက်ပွဲ ဝင်မယ် - မဝင်ဘူး ဆိုတာကိုတော့ ဒီလ ၁၁ ရက်နေ့ ပါတီ ဗဟိုအလုပ်အမှုဆောင်တွေရဲ့ အစည်းအဝေးပွဲမှာ ဆုံးဖြတ် ကြေညာမယ်လို့လည်း ပါတီ ပြောခွင့်ရ ဦးထွန်းထွန်းဟိန် ပြောပါတယ်။

“ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲကို ကျနော်တို့ နိုဝင်ဘာလ ၈ ရက်နေ့လို့ ပြောလိုက်တာကို ကျနော်တို့က ကြိုဆိုတယ်ဆိုတာက ရွေးကောက်ပွဲကို အချိန်မှန်မှန် ကျင်းပဖို့ လိုတဲ့အတွက်ကြောင့် အချိန်မှန်မှန် ကျင်းပတာကို ကျနော်တို့ ကြိုဆိုတာပါခင်ဗျ။ နောက်တချက်က ကျနော်တို့ ဒီရွေးကောက်ပွဲ ကြေညာပြီ ဆိုတဲ့အခါကျတော့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးထိုင်ဖို့ လိုလာတာပေ့ါခင်ဗျာ။ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ထိုင်ပြီးတော့မှ ကျနော်တို့က ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆိုတာ ဆုံးဖြတ်ရမှာပါခင်ဗျ။ အခုကျနော်တို့ ဆောင်ရွက်ထားသမျှတွေက တကယ်လို့ ဗဟိုအလုပ်အမှုဆောင်တွေက ရွေးကောက်ပွဲ ဝင်မယ်လို့ ကျနော်တို့က ကြေညာလိုက်ရင်၊ ကြေညာမယ်ဆိုရင် အသင့်ဖြစ်အောင် ပြင်ထားတဲ့ အနေအထားပါခင်ဗျ။ ကျနော်တို့ဒီ ၁၁ ရက်နေ့မှာတော့ CEC အများစုနဲ့ တွေ့စရာရှိပါတယ်ခင်ဗျာ။ အဲဒီကျလို့ရှိရင် ဒီဥစ္စာကို ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျ။”

ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းပဲ လိုတော့တဲ့အချိန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က အကြို ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းကို အတိုက်အခံ NLD ပါတီဘက်ကလည်း တအိမ်တက်ဆင်း လိုက်လံ စစ်ဆေးနေရဆဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အဓိကကျတဲ့ မဲဆန္ဒရှင်စာရင်း အမှန်ကန်ဆုံး ရရှိရေးကို အတိုက်အခံတို့ဘက်က ဆက်လက် လုပ်ဆောင်သွားမှာဖြစ်သလို ၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေးကိုလည်း ဆက်လက် အာရုံစိုက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း NLD ပါတီ ပြောခွင့်ရ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“ကျနော်တို့ ရပ်ဆိုင်းထားတာတော့ မဟုတ်ပဲကိုးဗျာ။ ဇူလိုင်၊ သြဂုတ်လလောက်အထိတော့ ကျနော်တို့ စိစစ်နိုင်လိမ့်မယ်ပေါ့၊ အဲဒီလို ယူဆပါတယ်ခင်ဗျ။ ဆိုလို့ရှိလို့ရှိရင် တော်တော်လေးတော့ ပြီးသွားပါပြီခင်ဗျ။ ကျနော်တို့ပြီးနိုင်ပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲ ဝင်မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ တပြိုင်တည်း လွှတ်တော် ကိုယ်စားလှယ်လောင်း ကိစ္စတွေ ကျနော်တို့ ကိုင်မှာပါခင်ဗျ။ ကျနော်တို့ဒီလိုပါခင်ဗျ၊ ကိုယ်စားလှယ်လောင်းကိစ္စ ဘာမှမလုပ်ရသေးဘူး ဒီလိုတော့မဟုတ်ဘူးခင်ဗျ၊ ကျနော်တို့ ကျော်စရာတွေပေါ့နော်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်က ဘယ်လိုတွေ ရှိရမယ်၊ ဘယ်လိုအရည်အသွေးတွေ ရှိရမယ်၊ ဦးစားပေးမှာက ဘယ်သူတွေပေးမယ်၊ လွှတ်တော် ကိုယ်စားလှယ်လောင်းက ဘာတွေ၊ ဘာတွေ၊ ဘာတွေ သူကလုပ်ပေးရမယ်။ ဒီလိုတွေပေါ့ဗျာ။ အဲဒါတွေကတော့ ကျနော်တို့က ကြိုတင်စဉ်းစားပြီး၊ ကြိုတင်လုပ်နေတာတွေ ရှိပါတယ်ခင်ဗျ။ ၄၃၆ ကိစ္စကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အမြဲတမ်း ကျနော်တို့ ရှေ့ကနေပြီးတော့ လှုပ်ရှားနေတဲ့ အဖွဲ့ပါပဲခင်ဗျ။ သို့သော်လည်း ကျနော်တို့လက်ရှိ အခြေအနေနဲ့ လက်ရှိအခြေအနေ အတိုင်းပေါ့လေ ရွေးကောက်ပွဲ ဝင်ဖို့လိုတယ်လို့ ကျနော်တို့က ဆုံးဖြတ်ရင် လက်ရှိအခြေအနေအတိုင်း ဝင်ဖို့ရာအတွက် ကျနော်တို့မှာ အသင့်ရှိပါတယ်ခင်ဗျ။”

မဲဆန္ဒရှင်စာရင်း မှားယွင်းမှုတွေဟာ ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားပြီး၊ ပြည်သူတွေ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း မဲဆန္ဒရှင်စာရင်း တိကျ မှန်ကန်မှုရှိအောင် ဝိုင်းဝန်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဒီကနေ့မှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ ကြေညာပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတွေကိုတော့ ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အတွင်း လက်ခံမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း ရုပ်သိမ်းလိုရင် သြဂုတ်လ ၁၁ ရက်နေ့ နောက်ဆုံးနေ့ သတ်မှတ်ထားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၂ ရက်ကနေ ၂၁ ရက်အတွင်းမှာ စိစစ်သွားမယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဗုဒ္ဓဟူးနေ့မှာ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

XS
SM
MD
LG