သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲပညာပေး ချင်းပြည်နယ်တွင်းဆွေးနွေး


ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်တွင်းလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိရေးနဲ့ မဲဆန္ဒရှင် ချင်းပြည်သူတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆောင်ရွက်မှုတွေ အချိန်နဲ့တပြေးညီ သိရှိနိုင်ရေး ချင်းပြည်နယ်အတွင်း သတင်း မီဒီယာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ကို ချင်းပြည်သူတွေသိရှိနိုင်အောင် မိခင်ဘာသာစကားနဲ့ သတင်းစီစဉ်မှု မြန်ဆန်အောင် ချင်းမီဒီယာသမားတွေဘက်က ဆောင်ရွက်နေကြပါတယ်။အသေးစိတ်ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ တရားမျှတမှုရှိတဲ့ ပွင့်လင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး တနိုင်ငံလုံးအတိုင်းအတာနဲ့ စတင် ဆောင်ရွက်နေကြချိန်မှာပဲ ဖွံ့ဖြိုးမှုနောက်ကျပြီး လမ်းပမ်းဆက်သွယ်မှုအခက်အခဲရှိတဲ့ ချင်းပြည်နယ်တွင်း ဒေသခံ ချင်းပြည်သူတွေဆီ သတင်း အချက်အလက်မှန် စီးဆင်းမှုမြန်ဆန်အောင် ချင်းမီဒီယာတွေဘက်က ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ဒေသတွင်း အရောက်အပေါက် နည်းတဲ့နေရာတွေက ဒေသခံပြည်သူတွေအထိ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ရေး၊ မဲပေးနည်းစနစ်နဲ့ မဲရုံတွေမှာ ရွေးကောက်ပွဲစောင့်ကြည့်ရေးဆိုင်ရာ ပညာပေးအချက်အလက်တွေကို ပြည်နယ်အစိုးရ၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဘက်က အလေးအနက်ထား စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ချင်းမီဒီယာသမားတွေက အကြံပြုနေကြတာပါ။

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ချင်းမီဒီယာကြီးတခုဖြစ်တဲ့ ဟားခါးပို့စ်သတင်းဂျာနယ်ရဲ့သတင်းအယ်ဒီတာချုပ် Pupui က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ချင်းမီဒီယာတွေ ပြင်ဆင်ထားသင့်တာတွေကို အခုလိုပြောပါတယ်။

“ကျနော်တို့ချင်းလူမျိုးတွေက မြန်မာလိုမဖတ်တတ်တဲ့လူ၊ နားမလည်တဲ့လူအများကြီးရှိတယ်။ များသောအားဖြင့် နားမလည်ကြဘူးပေါ့။ အဲဒါကြောင့် ဒီလိုမျိုး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထု သိသင့်သိထိုက်တဲ့ဟာတွေကို ချင်းဘာသာနဲ့ အထူးသဖြင့် ဒေသဘာသာစကားပေါ့၊ ဟားခါးလိုနဲ့ ဘာသာပြန်ပြီးဆိုရင်တော့ တော်တော်လေး အကျိုးရှိမယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်နဲ့ ကျနော်တွေ့တယ်။ အဲဒီတုန်းကလည်း ကျနော် ပြောထားတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ နည်းပညာတို့ပေါ့နော်- ပြည်သူလူထု သိသင့်သိထိုက်တဲ့ဟာတွေကို ကျနော်တို့ကိုပေးပါ၊ ကျနော်တို့ ဘာသာပြန်ပေးမယ်၊ အားလုံးမဟုတ်သည့်တိုင်အောင်ပေါ့နော်၊ အရေးကြီးတဲ့ဟာတွေကို ကျနော်တို့ကို ဘာသာပြန်ခိုင်းပြီးတော့ ကျနော်တို့က ထည့်ပေးလို့ရပါတယ်-လို့ ကျနော် သူ့ကို ပြောထားတယ်။ သူတို့ကလည်း အစီအစဉ်တော့ ရှိပါတယ်-လို့ ပြောထားတယ်။”

အခုလက်ရှိမှာလည်း ချင်းပြည်နယ်အတွင်း ချင်းသတင်းမီဒီယာတွေ ပူးပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲ ဘယ်လိုပူးပေါင်းစောင့်ကြည့်ကြမလဲဆိုတာကို လည်း ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ချင်းမီဒီယာကွန်ယက်ကကြီးမှူးပြီး ဧပြီလ ၁၀ ရက်နေ့စလို့ ၁၂ ရက်နေ့အထိ ချင်းပြည်နယ်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေကို ဖိတ်ကြားပြီး တွေ့ဆုံဆွေးနွေးနေကြတယ်လို့လည်း သိရပါတယ်။

“မီဒီယာကိုပေါ့နော်၊ ပြည်နယ်အစိုးရဘက်ကပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲကော်မရှင်ကပဲဖြစ်ဖြစ် ကျနော်တို့ကို အကြောင်းကြားပြီးတော့ သတင်းပေးပြီးတော့ ကျနော်တို့မှတဆင့် ပြည်သူလူထု မဲဆန္ဒရှင်တွေကို ကျနော်တို့က ပညာပေးလို့ရပါတယ်။ ဒီလိုမျိုး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထု သိသင့် သိထိုက်တဲ့ဟာတွေကို ကျနော်တို့မီဒီယာမှတဆင့် ပညာပေးလို့ရှိရင်တော့ အတော်လေး ဖြစ်ထွန်းမယ်ထင်ပါတယ်။”

ဒီလိုမျိုး ချင်းပြည်နယ်တွင်း ချင်းမီဒီယာတွေဘက်က ဆောင်ရွက်နေကြချိန်မှာပဲ ချင်းနိုင်ငံရေးပါတီတွေဘက်က နိုင်ငံရေးအရအရေးကြီးတဲ့ ပြည်နယ် အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူတွေကို မိမိတို့ရဲ့ဆန္ဒမဲ ဘယ်လောက်တန်ဖိုးကြီးတယ်ဆိုတာ သိရှိနိုင်ဖို့ ပညာပေး ဆောင်ရွက်မှုတွေကို အလေးအနက်လုပ်ဆောင်သင့်ပါတယ်လို့လည်း ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ရွေးကောက်ပွဲ တိုင်း အောင်နိုင်ရေးကော်မတီက ဦးဘမင်းက အခုလိုပြောပါတယ်။

“ပြည်နယ်အစိုးရကတော့- သူက ကော်မရှင်တွေက ကျနော်တို့နိုင်ငံရေးပါတီတွေကို ခေါ်ပြီးတော့မှ တိုင်းရင်းသားပါတီတွေနဲ့ပေါ့နော်- မဲပေးနည်းမှန်ကန်အောင် ကျနော်တို့ ဘယ်လိုဆောင်ရွက်ကြမလဲ၊ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်ပါတီကိုပဲ မဲပေးပေး၊ သူတို့ကြိုက်တဲ့ပါတီကို မဲပေးနိုင်အောင် ကျနော်တို့က သူတို့ကို မဲပေးနည်း နားလည်အောင် မဲဘယ်လို ထည့်ရမယ်၊ နောက်- မဲရုံစည်းကမ်းတွေကို ဘယ်လို လိုက်နာရမယ်ဆိုတာကို- ချင်းမှာ ဆိုရင်လည်း ချင်းနဲ့ပတ်သက်တဲ့ သုံးလေးခုရှိတယ်။ အဲဒီပါတီသုံးလေးခုက ကျနော်တို့ NLD အပါအဝင်ပေါ့နော်။ တစည-တို့ ပြည်ခိုင်ဖြိုးတို့ အပါအဝင်ပေါ့- အဲဒီပါတီတွေအားလုံးက ပြည်သူများ မဲပေးတတ်အောင်၊ မဲပေးဝံ့အောင်၊ မဲပေးရဲအောင် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့တားမြစ်ချက်တွေကိုလည်း သိပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း ပြည်သူတဦးချင်းက ရဲရဲတင်းတင်း ရင်ဆိုင်နိုင်အောင် စည်းရုံးပေးဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ အဲလို အကြံပြု ချင်တယ်။”

ချင်းပြည်နယ်အစိုးရအနေနဲ့ ချင်းပြည်နယ်တွင်း လွတ်လပ်စွာ သတင်းထုတ်ဖော်ရေးသားခွင့်၊ ချင်းပြည်သူတွေဆီ သတင်းလွတ်လပ်စွာ စီးဆင်းခွင့်ပြုပြီး ၂၀၁၅ ရွေးကောက်ပွဲကာလမတိုင်မီ၊ ၂၀၁၅ ကာလအတွင်းနဲ့ ကာလအလွန်တွေမှာ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ဖော်ကြေညာမှုတွေကို ချင်းမီဒီယာတွေနဲ့ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်သင့်ပါကြောင်းလည်း ချင်းနိုင်ငံရေးပါတီတွေဘက်က အကြံပြုတင်ပြနေကြပါတယ်။

XS
SM
MD
LG