သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲ ကုန်ကျစားရိတ် တင်သွင်းမှု စိစစ်


ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရွေးကောက်ပွဲမဲရုံများ စစ်ဆေးစဉ်။ (နိုဝင်ဘာ ၇၊ ၂၀၁၅)

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ၆၀၀၀ကျော် မှာ အယောက် တစ်ရာကျော်ဟာ ရွေးကောက်ပွဲ စည်းမျဉ်းအရ တင်သွင်း ရမယ့် ရွေး ကောက်ပွဲ ကာလအတွင်း ကုန်ကျထားတဲ့ ကုန်ကျစရိတ်ကို တင်ပြ ခဲ့ခြင်း မရှိဘူး လို့ ရွေးကောက်ပွဲကော်မရှင်ကနေပြောဆိုလိုက်ပါတယ်။ ဒီလို မတင်ခဲ့ တဲ့ ကိုယ်စားလှယ် တွေကို ကော်မရှင်ကနေ ခုံအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေး သွားမယ် လို့လည်း ကော်မရှင်ကပြောပါတယ်။ စစ်ဆေးပြီး တည်ဆဲဥပဒေအရ အရေးယူသင့် မယူသင့်ကို ဆုံးဖြတ်မယ် လို့လည်းပြောပါတယ်။ ဒီသတင်း အပြည့်အစုံ ကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော် မှာ အယောက် တစ်ရာကျော်ဟာ ရွေးကောက်ပွဲ စည်းမျဉ်းအရ တင်သွင်း ရမယ့် ရွေးကောက်ပွဲ ကာလအတွင်း ကုန်ကျထားတဲ့ ကုန်ကျစားရိတ်ကို တင်ပြခဲ့ခြင်း မရှိပါဘူး။ ဒီလိုတင်ပြနိုင်ခဲ့ခြင်းမရှိသူတွေကို လာမယ့် ဇန်နဝါရီ ဒုတိယအပတ်ထဲမှာ ခုံရုံးဖွဲ့စစ် ဆေးတော့ မယ်လို့ ရွေးကောက်ပွဲကော်မရှင်က အမည်မဖော်လိုတဲ့ ညွှန်ကြားရေးမှူး တဦးက ဗွီအိုအေရဲ့မေးမြန်းမှုကို အခုလိုဖြေကြားခဲ့ပါတယ်။

"တစ်ရာကျော်ရှိတယ် တနိုင်ငံလုံးမှာ။ နိုင်တဲ့ ကိုယ်စားလှယ် မပါဘူး။ အဲ့တာ ကျနော် တို့ ဒီက တရားရုံးနဲ့ စစ်မယ်လေ။ စစ်ပြီးတော့မှ သူတို့က ပြန်ပြီးတော့ ထုခြေလွှာ တင်ရင် တင်လေ။ ပြီးတော့ ဒါကို တရားရုံးနဲ့ စစ်ပြီးတော့မှ ဆုံးဖြတ်မယ်။ တရားခွင်ခေါ်မယ် တရားခွင်ခေါ်လိုက်ရင် ကျနော်က ဘယ်တုန်းက တင်ပါတယ်။ မတင်ပါဘူး။ ဘာကြောင့် နောက်ကျပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တင်ပေါ့။ မတင်တဲ့သူကတော့ လုံးဝ မတင်တဲ့သူကတော့ သွားမှာပဲ။ မတင်တဲ့သူကတော့ ဘာကြောင့် မတင်ရသလဲဆိုတဲ့ဟာကို တင်ရမှာပေါ့။ အဲ့တာကို ကျနော်တို့က ပြန်စဉ်းစားပေး ရမှာပေါ့။ စဉ်းစားပေးတယ်ဆိုတာ လူကြီးတွေက တရားခွင်က ပြန်စဉ်းစားပေးမှာ။ ဘာကြောင့်လဲ သူတို့ နောက်ကျတာ မှန်သလား မမှန်ဘူးလား ဆုံးဖြတ်ပေးမှာ။ "

လက်ရှိမှာ ကုန်ကျစားရိတ် မတင်ခဲ့တဲ့ ကိုယ်စားလှယ်အယောက် တစ်ရာကျော် ရှိတယ်လို့သာ ကော်မရှင်ကပြောဆိုထားပြီး ဘယ်ပြည်နယ်၊ ဘယ်တိုင်းက ဘယ်နှစ်ဦးလဲ ဆိုတာကို တိကျစွာမပြောခဲ့ပါဘူး။

ဒီ့ပြင် ဘယ်ပါတီဝင်တွေလည်း ဆိုတာကိုလည်း ပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။ မတင်ခဲ့တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ခုံရုံးမှာ ဘာကြောင့်မတင်ပြနိုင်ခဲ့သလဲဆိုတာကို အကျိုးအကြောင်းနဲ့ အထောက်အထားခိုင်လုံစွာ တင်ပြရမှာပါ။ ခုံရုံးကနေ ဒါကို စစ်ဆေးမှာ ဖြစ်ပြီး စစ်ဆေးရသမျှ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်သွင်းကာ ကော်မရှင်ကနေ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသူ ဟုတ်မဟုတ်ကို ဆုံးဖြတ်မယ်လို့ အဲ့ဒီ အမည်မဖော်လိုတဲ့ ညွှန်ကြားရေးမှူး က ပြောပါတယ်။ ကုန်ကျစားရိတ် မတင်ခဲ့တဲ့ အယောက် ၁၀၀ကျော်မှာ အနိုင်ရရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ မ ပါဝင်ဘူးလို့ ကော်မရှင် ကပြောပါတယ်။

သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ အရ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်တိုင်းဟာ ရွေးကောက်ပွဲအ တွက် ကုန်ကျစားရိတ်တွေကို ကော်မရှင်ကနေ အနိုင်ရ ကိုယ်စားလှယ်အမည် စာရင်း ကြေညာ ပြီးတဲ့ နေ့မှ စပြီး ရက်ပေါင်း ၃၀အတွင်း ကြေညာ ရမယ်လို့ ဖော်ပြ ထားပါတယ်။ မတင်သွင်းပါက သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၈၄အရ အရည်ချင်းပျက်ယွင်းသူလို့ သတ်မှတ်ကြေညာခံရမှာ ဖြစ်ပြီး လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်မှာ ကိုယ်စားလှယ်လောင်း ၁၇ဦးခန့်ဟာ ကုန်ကျစားရိတ် လာရောက် တင်ပြခြင်းမရှိဘူးလို့ အဲဒီခရိုင် ကော်မရှင် အတွင်းရေးမှူး ဖြစ်သူ ဦးကျော်သိန်းဦး က ဗွီအိုအေကို ခုလိုပြောပါတယ်။

" အားလုံး ၁၇ယောက်ကျန်တယ်။ အားလုံး ၁၂၃ ယောက်မှာလေ။ သုံးခုစလုံး ဗျ။ ပြည်သူ့လွှတ်တော်မှာ တစ်ယောက်ကျန်တာပေါ့နော်။ ပါတီ အကုန်လုံးတော့ မမှတ်မိဘူး။ အားလုံး ၁၇ယောက်။ အများဆုံးကတော့ ကချင်ဒီမိုကရေစီပါတီ ထင်တယ် ငါးယောက်။ တစညက လေးယောက်။ ဟို ပါတီ တခုချင်း တခုချင်းစီတော့ အဲ့လို အကြောင်းကြားတာ မရှိဘူး။ ကျနော်တို့က ကြေညာစာတော့ ကပ်ပေးတယ်လေ။"

ကုန်ကျစားရိတ် လာရောက် တင်သွင်းခြင်းမရှိတဲ့ ပါတီတွေထဲက တခုဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက အတွင်းရေးမှူး ဦးမရန်ရီ ကတော့ မတင်ဖြစ်တဲ့အပေါ်ခုလို ပြောပြပါတယ်။

"တယောက်က သူက မိုးမောက် မဲဆန္ဒနယ်က သူက ရွေးကောက်ပွဲ မတိုင်ခင်ပေါ့နော်။ လေဖြတ်သွားတယ်လေ။ သူက ဘာမှ မလုပ်နိုင်ဘူး ဒီအတိုင်းပဲ။ သွားလာရ မလွယ်ဘူးလေ အဲ့တာကြောင့် သူလည်း မတင်တော့ဘူး။ အသက်လည်း ကြီးပြီဆိုတော့ ဒီအတိုင်းပဲ နေလိုက်တာ။ ဘာမှလည်း ကုန်ကျစားရိတ်မရှိဘူး ပြီးသွားပြီ အခုက။ ဟို အစကလည်း မတင်ဖြစ်တာ ဒီလိုပါ။ ပြီးတာနဲ့ မဲရှုံးတယ်ဆိုတော့ စာရင်းတင်ရမှာ မလိုဘူးလို့ ထင်လို့ သူတို့က တချို့ဟာတွေက လယ်တို့ တောင်ယာတို့ ဘာတို့ ဆင်းသွားတယ်။ အဲ့တာမျိုးတွေလည်း ရှိတာပေါ့။ အဆက်အသွယ်လည်း မရဘူး။ နောက်မှပဲ အခုက သွားခေါ်ယူပြီးတော့မှ လုပ်ခိုင်းတာ။ အဲ့တာကြောင့် နောက်ကျသွားရတာပါ။ "

လွှတ်တော် ၃ခုအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ကိုယ်စားလှယ်တိုင်းဟာ ဝင်ပြိုင်ခဲ့တဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲခရိုင်ကော်မရှင်တွေမှာ တင်ပြရမှာပါဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၀ကျော်က လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၀၀၀ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်စာရင်းအရ ၂၀၁၀ ရွေး ကောက်ပွဲမှာလည်း ကုန်ကျစားရိတ် မတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်ဦးရေဟာ ၁၀၀ကျော်ရှိခဲ့တယ် လို့ ကော်မရှင် ကပြောပါတယ်။ အဲဒီတုန်းက ကိုယ်စားလှယ်ပေါင်း ၃၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ကုန်ကျစားရိတ် မတင်ခဲ့တဲ့ ကိုယ်စားလှယ်တွေကို စစ်ဆေးခဲ့ တာမှာ ကိုယ်စားလှယ် ၃၀ကျော်ဟာ တိကျတဲ့ အထောက်အထား တင်ပြနိုင်ခြင်း မရှိခဲ့တာကြောင့် အမည်ပျက်စာရင်း ကြေညာ ခံခဲ့ရတယ် လို့ကော်မရှင်ကပြောပါတယ်။

XS
SM
MD
LG