သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ သတင်းယူခွင့် ပြင်ဆင်ချက် ထုတ်ပြန်


၂၀၁၀ ရွေးကောက်ပွဲ စစ်တမ်း ကောက်ခံချက် SNLD မကြာမီ ထုတ်ပြန်မည်
၂၀၁၀ ရွေးကောက်ပွဲ စစ်တမ်း ကောက်ခံချက် SNLD မကြာမီ ထုတ်ပြန်မည်

၂၀၁၅ ရွေးကောက်ပွဲနေ့မှာ သတင်းရယူနိုင်ဖို့ ပြည်တွင်းမီဒီယာတွေအနေနဲ့ မြို့နယ်အဆင့်ကနေ ခရိုင်အဆင့်ကော်မရှင်တွေမှာ လျှောက်ထားကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အစားထိုး ပြင်ဆင်ချက် ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ သတင်းရယူတဲ့အခါ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေနဲ့စည်းမျဉ်းစည်းကမ်းတွေကို တိကျစွာလိုက်နာဆောင်ရွက်ပါမယ်ဆိုတဲ့ ဝန်ခံချက်ပေးပို့ရမယ်လို့လည်း စာနယ်ဇင်းကောင်စီ ကနေ တဆင့် မီဒီယာတွေကို အကြောင်းကြားစာ ပို့လိုက်တာပါ။ ဒီလို ရွေးကောက်ပွဲ သတင်းရယူခွင့်နဲ့ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် သတင်းမီဒီယာသမားတွေဘက်က ဘယ်လိုတုန့်ပြန်ကြသလဲဆိုတာ မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

သြဂုတ်လဆန်းတုန်းက ထုတ်ပြန်ခဲ့တဲ့ အကြောင်းကြားစာပါ ကန့်သတ်ချက်တွေဟာ ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ကန့်သတ်ချက်တွေ ရှိနေတယ်ဆိုပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဘက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို သွားရောက်ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခုလို ပြင်ဆင်ချက် တရားဝင် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအဖွဲ့ဝင်လည်းဖြစ် မြန်မာဂျာနယ်လစ်ကွန်ရက် တာဝန်ရှိသူလည်းဖြစ်တဲ့ ကိုမြင့်ကျော်က မြို့နယ်အဆင့်အစား ခရိုင်အဆင့်အထိ သတင်းရယူခွင့်ရဖို့ ညှိနှိုင်းဆွေးနွေးလို့ရခဲ့တဲ့ သဘောတူညီချက်တွေကို အခုလိုရှင်းပြပါတယ်။

“ရွေးကောက်ပွဲနေ့မှာ မဲရုံတို့ ဘာတို့မှာ သတင်းလာယူတဲ့အခါမှာ မဲရုံထဲဝင်ခွင့်ကတော့ မရှိဘူး၊ သို့ပေမယ့်လို့ မဲရုံပရဝုဏ်ကိုသွားဖို့ အဲဒီနားမှာ သတင်း ယူဖို့၊ နောက် မဲရုံဝန်ထမ်းတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါမှာ သတင်းသမားဖြစ်ကြောင်း အထောက်အထား သက်သေခံကဒ်ပြားပေါ့နော်။ အဲဒီဟာပါ။”

ရွေးကောက်ပွဲနေ့မှာ သတင်းရယူကြမယ့် ပြည်တွင်းသတင်းမီဒီယာတွေအနေနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတခုကို တစ်မြို့နယ် (၃) ဦးထက်မပိုတဲ့ အရေအတွက်နဲ့ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး-ခရိုင် ရွေးကောက်ပွဲကော်မရှင်တွေဆီမှာ သက်သေခံကဒ်ကို နိုဝင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြရမှာဖြစ်ပါတယ်။ အဲ့သလိုလျှောက်ထားရာမှာ မိမိကိုယ်စားပြု ပြည်တွင်းမီဒီယာအဖွဲ့အစည်းက သတ်မှတ်မြို့နယ်ထဲမှာ ရွေးကောက်ပွဲသတင်းရယူနိုင်ဖို့ တာဝန်ပေးစေလွှတ်ကြောင်း အထောက်အထားစာနဲ့ ပုဂ္ဂလိက သတင်းသမားတွေအနေနဲ့ မိမိနဲ့ ဆက်သွယ် ဆောင်ရွက် နေတဲ့ သတင်းမီဒီယာ အဖွဲ့စည်းရဲ့ထောက်ခံချက်နဲ့ လျှောက်ထားရမယ်ဆိုတာလည်း အစားထိုးပြင်ဆင်ချက်ထဲထည့်သွင်းထားပါတယ်။

အခုလို ရွေးကောက်ပွဲကော်မရှင်က လျှောက်ထားမှုတွေကို ခရိုင်အဆင့်သတ်မှတ်လိုက်တဲ့အပေါ် မန္တလေးမြို့က သတင်းထောက် ဦးမင်းထက်ငြိမ်းချမ်းက ရွေးကောက်ပွဲနေ့မှာ သတင်းသမားတွေကို နယ်မြေ သတ်မှတ်မှုမရှိဘဲ နိုင်ငံတဝှမ်း မည်သည့်နေရာမဆို လွတ်လပ်စွာ သတင်းရယူခွင့်ပေးသင့်တယ်လို့ ပြောပါတယ်။

“Free and Fair ဖြစ်တဲ့၊ လွတ်လပ်တဲ့ရွေးကောက်ပွဲကြီး ဖြစ်ဖို့ဆိုလို့ရှိရင် စတုတ္ထမဏ္ဍိုင်ကလည်း အများကြီး အရေးပါ ပါတယ်။ သို့သော် မီဒီယာတွေဖြစ်တဲ့အတွက် သက်ဆိုင်ရာ မဲရုံတို့၊ မဲရုံကိုစောင့်ရှောက်တဲ့ တာဝန်ရှိတဲ့သူတို့ကို အကြောင်းကြားပြီးမှ ဝင်ကြ၊ ထွက်ကြ။ သူ့သတ်မှတ်ထားတဲ့ နေရာတွေကတင်ပဲ သတင်းယူကြ ပြုကြရမှာဖြစ်တဲ့အတွက် ကိုယ့်ဒေသတွင်းကို ခြုံငုံနိုင်တဲ့ သတင်းအချက်အလက်တွေရယူဖို့ဆိုရင် တနေရာတည်းမှာ သူတို့ကန့်သတ်ထားတဲ့ သုံးမြို့နယ်တို့၊ ခရိုင်လောက်နဲ့တင် မလုံလောက်ဘဲနဲ့ ငါးနှစ်တာအတွင်းမှာမှ ဒါ ထူးခြားတဲ့ပေါ့ဗျာ- ဗမာနိုင်ငံရဲ့သမိုင်းအပြောင်းအလဲ ကိုဖြစ်တဲ့ - နိုဝင်ဘာ ၈ ရက်နေ့တစ်ရက်။ မနက် (၆) နာရီကနေ ညနေ ၄ နာရီတောင်မကပါဘူး။ ၄ နာရီကတော့ မဲရုံတွေပိတ်တာ။ ဟိုဘက်မှာ မဲဆက်ရေတာတွေ ရှိမယ်။ ညသန်းကောင်အထိ။ ကျနော်တို့ ၂၀၁၂ တုန်းကဆိုရင် မဲစာရင်းတွေ၊ သတင်းတွေအားလုံးကို ညသန်းကောင်အထိ သတင်းတွေ ယူကြ ပြုကြတာပဲ။ အဲဒီအပေါ်မှာလည်း အားနက်ချက်ရှိတယ် ထင်တဲ့နေရာ၊ ကိုယ်အားသာမယ်ထင်တဲ့နေရာတွေ ပေါင်းစုံလေ့လာမှာပဲလေ။ ဆင်ခြေဖုံးတွေ ရောက်ရင်ရောက်မယ်။ downtown တွေ ရောက်ရင်ရောက်မယ်။ နယ်ကျေးရွာတစ်ကိုလည်း သွားကြည့်ချင်ကြည့်မှာပဲ။ ဆိုတော့ ဒီဟာတွေကတော့ ကျနော်ထင်တယ်လေ။ ထူးခြားတဲ့ ၂၀၁၅ ရွေးကောက်ပွဲအပေါ်မှာ အနှောင့်အယှက်မဖြစ်ဘူးဆိုရင်တော့ အနှောင့်အယှက်ဖြစ်လောက်တဲ့အနေအထားလည်း မရှိပါဘူး။ ဒီအတွက်ဆိုရင်တော့ ကျနော်တို့ ဒီကန့်သတ်ချက်တွေက လိုအပ်တာထက် ပိုနေတယ်လို့ပဲကျနော်တို့မြင်တယ်။”

ရွေးကောက်ပွဲ သတင်းရယူကြမယ့် သတင်းသမားတွေအနေနဲ့လည်း ရွေးကောက်ပွဲဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို သိရှိထားသင့်တယ်လို့ သတင်း မီဒီယာတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုမြင့်ကျော်က အကြံပြုပါတယ်။

“ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတော့ နားလည်အောင် သိရှိထားဖို့လိုတယ်ပေါ့နော်။ အဲဒါကတော့ အရေးကြီးတယ်ပေါ့။ ဥပမာ ဆိုပါတော့ မဲရုံပရဝုဏ်အတွင်းမှာ မဲဆန္ဒရှင်အနှောင့်အယှက်ဖြစ်စေတဲ့ လွတ်လပ်မှုကိုထိခိုက်စေတယ်၊ လွတ်လပ်စွာမဲပေးမှုကို ထိခိုက်စေတဲ့အနှောင့်အယှက်ဖြစ်မှုမျိုး အဲဒါမျိုး မလုပ်ဆောင်မိဖို့ အရေးကြီးတယ်ပေါ့နော်။”

အခုလက်ရှိမှာတော့ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ သတင်းရယူမယ့်ပြည်တွင်းသတင်းမီဒီယာတွေ လိုက်နာရမယ့် တည်ဆဲဥပဒေတွေ၊ စည်းမျဉ်း သတင်းမီဒီယာကျင့်ဝတ်နဲ့ ရွေးကောက်ပွဲလမ်းညွှန်စာအုပ်စတာတွေကို သတင်းသမားတွေ သိရှိနိုင်ဖို့ သက်ဆိုင်ရာသတင်းမီဒီယာဌာနတွေ အဖွဲ့အစည်း သင်တန်းကျောင်းတွေနဲ့ စာနယ်ဇင်းကောင်စီတို့ ပူးပေါင်းပြင်ဆင်မှုတွေ ဆောင်ရွက်နေကြပါတယ်။

XS
SM
MD
LG