{{Zawgyi/Unicode}}
အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ လက်ရှိ ဒီမိုကရက် အုပ်ချုပ်ရေးမှူး Phil Murphy က ရီပတ်ဘလီကန်ပြိုင်ဘက် Jack Ciattarelli ကို မဲအရေအတွက် အနည်းငယ်နဲ့ ကပ်ပြီး အနိုင်ရလိုက်ပါတယ်။
ဒါဟာဖြင့် နယူးဂျာစီပြည်နယ်မှာ ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရက်အုပ်ချုပ်ရေးမှူးတဦး သက်တမ်းနှစ်ခုဆက်တိုက် အနိုင်ရတာပါ။ နောက်ဆုံးအချိန်အထိ အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး မဲရေတွက်တာတွေကိုလည်း မနေ့က ကြာသပတေးနေ့အထိ အချိန်ယူ ရေတွက်ခဲ့ရသလို နောက်ဆုံးမှာတော့ အုပ်ချုပ်ရေးမှူး Murphy က ပြည်နယ်လွှတ်တော်အမတ်ဟောင်းတဦးဖြစ်တဲ့ Jack Ciattarelli ကို မဲအနည်းငယ်အသာနဲ့ အနိုင်ရလိုက်တာပါ။
ဒီအတောအတွင်း ဗာဂျီးနီးယားပြည်နယ်မှာတော့ နိုင်ငံရေးလောကထဲ အခုမှဝင်ရောက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင် ရီပတ်ဘလီကန်တဦးဖြစ်တဲ့ Glenn Youngkin က ဒီမိုကရက်ပြိုင်ဘက် Terry McAuliffe ကို အနိုင်ရသွားပါတယ်။
ဒါဟာဖြင့် သမ္မတဘိုင်ဒန်အပေါ် လူထုထောက်ခံမှု လျော့နည်းလာတဲ့အတွက် ပါတီအတွက်ပါ ထိခိုက်မှုတွေ ဖြစ်လာစေတယ်ဆိုပြီး ပြောဆို ဝေဖန်သူတွေနဲ့ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။ ဒီနှစ်အတွင်း ခုလိုပြည်နယ်အလိုက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေကတော့ သမ္မတဘိုင်ဒန် သမ္မတတာဝန် စယူပြီးနောက်ပိုင်း ဒီမိုကရက်တွေအပေါ် လူထုထောက်ခံမှု အခြေအနေနဲ့ ပတ်သက်လို့ ပထမဆုံး စမ်းသပ်ခံရတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။
--------------
{{Unicode}}