သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲသတင်းများ


ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသကသတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

ကယားပြည်နယ်အတွင်းက မဲဆန္ဒနယ် ၆ ခု က ကျေးရွာ အုပ်စု ၁၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံကြေညာလိုက်ပါတယ်။

လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်းနဲ့ ရှားတောမြို့နယ်တွေထဲက ကျေးရွာတွေမှာ ဖြစ်ပြီး လူဦးရေ သောင်းနဲ့ ချီပြီးနေထိုင်ပါတယ်။

ကယားပြည်နယ်အတွင်းမှာတော့ မြို့ပေါ်မှာပဲ ရုပ်ပြသဘောလောက်ပဲ မဲထည့်ခွင့်ပေးမှာဖြစ်တယ်လို့ လွိုင်ကော်ဒေသခံတဦးက ပြောပါတယ်။ မဲရုံမှူးတယောက်ကတော့ နောက်ထပ်မဲဆန္ဒနယ်တချို့လည်း ထပ်မံဖျက်သိမ်းဖို့ အလားအလာရှိတယ်လို့ ပြောပါတယ်။

အခုလိုဖျက်သိမ်းရတာဟာ လုံခြုံရေးအခြေအနေကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ တပတ်အတွင်းကတော့ လွိုင်ကော်နဲ့ ရှားတောကြားမှာ ရှိတဲ့ ပွန်ချောင်းတံတားကို ကရင်နီစစ်တပ်က ဖျက်ဆီးခဲ့ပြီး မြန်မာစစ်တပ် တပ်စခန်းတခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ရှမ်းပြည် မူးယစ်ရာဇာသစ်အဖြစ် ရှမ်းမူးယစ်စောင့်ကြည့်လေ့လာတဲ့အဖွဲ့က သတ်မှတ်ထားတဲ့ ရှမ်း ပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ပန်းဆေးကျေးရွာအုပ်စုအခြေစိုက် ပြည်သူ့စစ်ခေါင်းဆောင် ပန်းဆေး ကျော်မြင့်ဟာ ပြည်သူ့လက်နက်ကိုင်အဖွဲ့တွေကို အသုံးပြုပြီး ပြည်ခိုင်ဖြိုးပါတီအတွက် စည်းရုံးရေးဆင်းနေပါတယ်။

မနေ့ကတော့ ပြည်သူ့စစ်အင်အားအပြည့် ကား ၅ စီးက စက်သေနတ်တွေ ပုခုံးထမ်းလောင်ချာတွေ ကားပေါ်ကနေချိန်ပြီး နမ့်ခမ်းမြို့နယ် အတွင်း ရွှေလီမြစ်ကမ်းဘေးက ရွာတွေမှာ စည်းရုံးရေး ဆင်းနေပါ တယ်။

နောင်တိန်းရွာ ဟတ်ဟင်၊ ကွန်ဟိုင်းရွာမှာ တရွာကျပ်နှစ်သိန်းးပေးပြီး စည်းရုံးရေး တက်ရောက် နား ထောင်သူတွေကိုလည်း တယောက် ကျပ် ၂၀၀၀၊ မန့်မဲန့်ရွာမှာဆို ၁၇ ဦးပဲလို့ တယောက် ကျပ် ၁ သောင်း - ကြံ့ဖွံ့ဦးထုတ်တလုံးနဲ့အင်္ကျီတွေ ပေးဝေခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။

ဖားကန့်မြို့နယ် ကားမိုင်းမြို့မှာ မနေ့က မဲအစမ်းလေ့ကျင့်ပညာပေးထည့်ခိုင်းရာ အယောက် ၄၀မှာ အယောက် ၃၀ကျော်က NDF (အမျိုးသား ဒီမိုကရေစီ အင်အားစု) ခမောက်ပုံပါ ပါတီကို မဲပေးခဲ့ပြီး နောက် ကြံ့ဖွံ့ပါတီက NDFပါတီအား ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆိုမှုတွေ ရှိနေတယ်လို့ NDFပါတီမှ ကားမိုင်းမြို့နယ် စည်းရုံးရေးမှူးက ပြောပါတယ်။ ပါတီစည်းရုံးတဲ့အချိန်မှာလည်း အနှောင့် အယှက်တွေ ခံနေရတယ်လို့ NDF ပါတီဝင် တဦးက ပြောပါတယ်။

ကားမိုင်းမြို့နယ်တွင် လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ အခြား ဒုက္ခိတတွေကို ကြိုတင်မဲ ကောက်ခံရာမှာ ရပ်ကွက်ဥက္ကဋ္ဌ ရှေ့မှာပဲ ကိုယ်ကြိုက်တဲ့ ပါတီကို မဲထည့်ခဲ့ကြတယ်လို့ သိရပါတယ်။

ကျွန်မက ချမ်းလွန်ပါ။ အခု သတင်းလွှာတပုတ်ကို ကြားကြရမှာပါ။

နယ်ခြားစောင့်တပ်အသွင်ပြောင်းခဲ့တဲ့ ကချင်ပြည်နယ်ဒီမိုကရေစီသစ် တပ်မတော် NDAK အဖွဲ့က လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄ နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ ဒီမို ကရေစီသစ်ပါတီ (ကချင်)နဲ့ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်အမျိုးမျိုးပြောင်းခဲ့တဲ့ ဇခုန်တိန့်ယိန်းဟာ အခုအခါမှာ ဘယ်လို ရပ်တည် သွားမှာလဲ။ ကချင်ပြည်သူတွေရဲ့ ထောက်ခံမှုကိုကော ရနိုင်မလားဆိုတာ နူးပန်က စုစည်းထားပါတယ်။

ဦးဇခုန်တိန့်ယိန်းတို့ အဖွဲ့ဟာ တသီးပုဂ္ဂလ အမတ်လောင်းအနေဖြင့် အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၄) ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ အင်ဂျန်းယန် သုံးမြို့နယ်ကနေယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဦးဇခုန်တိန့်ယိန်းကပြောပါတယ်။

“ပြည်ထောင်စု ကြံ့ခိုင်ရေးဖွံ့ဖြိုးရေး အသင်းပါတီဖြစ်လာတဲအခါကျတော့ အဲဒီပါတီရဲ့ မဟာမိတ် အနေနဲ့ပဲ ကျွန်တော်တို့ ဝင်ပြိုင်မှာ ဖြစ်ပါတယ်”

ဦးဇခုန်တိန့်ယိန်းက ခုလိုယှဉ်ပြိုင်ရာမှာ သူ့အနေနဲ့နိုင်ငံတော်ကိုအစိုးရကိုဆန့်ကျင်တဲ့ လှုပ်ရှားမှု မှန်သမျှကို ဖော်ထုတ်ရှင်းလင်းပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးတဲ့ ပုဂ္ဂိုလ်တွေကို အောင်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

“ကျနော်တို့ဒေသဆိုရင်လည်း မဖွံ့ဖြိုး မတိုးတက်တဲ့ ဒေသဖြစ်တယ်။ ခေတ်နောက်ကျနေတဲ့ တိုင်းရင်းသားလူမျိုးတွေဖြစ်တယ်။ အဲတော့ နိုင်ငံတော် အစိုးရနဲ့ လက်တွဲပြီးသွားဖို့ပဲရှိတယ်”

မြန်မာစစ်အစိုးရက နယ်ခြားအသွင်ပြောင်း ဖွဲ့စည်းဖို့ လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးလာတဲ့ အတွက် ဦးဇခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီသစ် တပ်မတော်က ပထမဦးဆုံးအကြိမ် အသွင်ပြောင်းလိုက်တဲ့အဖွဲ့ဖြစ်ပါတယ်။

အခုလိုလုပ်ရပ်ကြောင့် ပြည်သူလူထုကြားမှာ သူ့ပေါ် အယုံအကြည်မရှိနိုင်တော့ဘူးလို့ ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်က ကိုအောင်ဝါက သုံးသပ်ပါတယ်။

“သူ့အနေနဲ့ အဓိက ဒီနယ်ခြားစောင့်တပ်ကို လက်ခံတဲ့ဟာမျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့ ပြည်သူ လူထုက သူ့ကို အယုံအကြည်တော့ လွန်ခဲ့တဲ့အချိန်လောက်တော့ ရှိတော့မှာမဟုတ်ဘူး”

ဦးဇခုန်တိန့်ယိန်းဟာ ကချင်ပြည်လွပ်လပ်ရေးတပ်မတော် ကေအိုင်အိုတော်လှန်ရေး စတင်စဉ် ကတည်းက ပါဝင်လှုပ်ရှားခဲ့ပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပူးပေါင်းသွားခဲ့ပါတယ်။

ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဖြစ်ပြီးတဲ့နောက်မှာ ကချင်ပြည်နယ်ကို ၁၀၁ စစ်ဒေသအဖြစ် သတ်မှတ်ထားပြီး ကချင်ပြည်နယ်မှာ အုပ်ချုပ်ဖို့ ပြန်ဝင်လာတဲ့အချိန်မှာ ကေအိုင်အိုနဲ့စစ်ဖြစ်ခဲ့ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီပျက်သွားတဲ့အခါမှာတော့ ဦးဇခုန်တိန့်ယိန်းက မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီး အန်ဒီအေကို ဖွဲ့စည်းခဲ့ပါ တယ်။

မကြာခင်မှာဘဲ နယ်ခြားစောင့်တပ်အရေးပေါ်လာပြီး ထပ်မံ၍ အသွင်ပြောင်း ဖွဲ့စည်းလိုက်ပါတယ်။

ခုလိုအပြောင်းအလဲများတဲ့သူကို ပြည်သူတွေအနေနဲ့ မယုံမကြည်ဖြစ်စရာရှိပေမယ့် ရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက် သူ့အပေါ် မြန်မာ စစ်အစိုးရက အယုံအကြည်ထားနိုင်တယ်လို့ ကေအိုင်အို အရာရှိ တစ်ယောက်က ကချင်လိုပြောပါတယ်။

“သူဦးဆောင်တဲ့ လက်နက်တွေကလည်း အပ်ထားပြီး လူလည်းအပ်ပြီးသား ပြောသမျှအားလုံးကို တသွေမသိမ်း လက်ခံတယ်ဆိုတော့ အပြည့်အဝမဟုတ်ရင်တောင် အချိန်အတိုင်းတာတခု အများအားဖြင့် သူ့ကိုတော့ သူတို့လူဆိုပြီးယုံမယ်လို့ ကျနော်မြင်ပါတယ်”

ဦးဇခုန်တိန့်ယိန်းကတော့ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု ဖွံ့ဖြိုးမှုဖြစ်အောင် လုပ်ဆောင်သွားအုံးမှာ ဖြစ်တယ်လို့ ပြောပါတယ်ရှင်။

XS
SM
MD
LG