ဗုဒ္ဓဟူးနေ့က ရွေးကောက်ပွဲကော်မရှင် ကနေ နောက်ဆုံးထွက်တဲ့ ရလဒ်တွေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြည်သူ့လွှတ်တော်မှာ အမတ်နေရာ ၁၇၉ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၇၇ နေရာနဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေမှာ ၂၈၀ နေရာ ရထားပါပြီ။ ဗုဒ္ဓဟူးနေ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ရလဒ် ကြေညာချက်တွေထဲမှာ ဒေါ်အောင်ဆန်း စုကြည် ကော့မှူးမဲဆန္ဒနယ်မှာ အနိုင်ရတဲ့ ရလဒ်လည်း ပါဝင်ပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ပြည်သူ့လွှတ်တော် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၃၀ နေရာ အသီးသီးရထားပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြည်သူ့လွှတ်တော်မှာ ၁၁ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၈ နေရာ ရရှိထားပါတယ်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် Zomi CD ပါတီက ပြည်သူ့လွှတ်တော်မှာ ၂ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၂ နေရာ ရရှိခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော်မှာ ၃ နေရာရရှိခဲ့သလို၊ တသီးပုဂ္ဂလတွေအနက် ပြည်သူ့လွှတ်တော်မှာ ၁ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁ ဦး အနိုင်ရရှိခဲ့ပါတယ်။
တခြားပါတီတွေကတော့ ပြည်သူ့လွှတ်တော် ၃ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၈ နေရာ ရရှိထားကြပါတယ်။