သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်မှု အခြေအနေ


မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုပြီး ပါဝင်ခွင့်ရလာဖို့ အတွက် ပါတီတွေအနေနဲ့ မူဝါဒ ချမှတ်လုပ်ဆောင်ဖို့ အရေးကြီးသလို အမျိုးသမီးတွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ကြဖို့ မြန်မာ အမျိုးသမီး လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုမှာတော့ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅၀၀ နီးပါး ပါရှိနေပေမဲ့ တကယ်တမ်း လွှတ်တော်အမတ်တွေအဖြစ် အရွေးကောက်ခံရနိုင်ရေး အတွက်ကတော့ အဘက်ဘက်က ပံ့ပိုးမှုတွေ လိုအပ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို မသိင်္ဂီက စုစည်းတင်ပြထားပါတယ်။

လွှတ်တော်ရွေးကောက်ပွဲတွေအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ နောက်ဆုံးရက် နီးကပ်လာချိန်မှာပဲ နိုင်ငံရေးပါတီ ၈၀ တို့နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၆၀၀ လောက် တင်သွင်းထားပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ လွှတ်တော် သုံးရပ်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် နယ်ပယ်အသီးသီးက အမျိုးသမီးပေါင်း ၅၀၀ နီးပါးတို့ ပါဝင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုတွေမှာ အမျိုးသမီးတွေ ပါဝင်လာမှု တိုးတက်လာပေမဲ့ တကယ်တမ်း ယှဉ်ပြိုင် အရွေးကောက်ခံတာမှာ အနိုင်ရလာဖို့ကတော့ စိန်ခေါ်ချက်တွေ ရှိတယ်လို့ လွှတ်တော်အမတ် ဒေါ်ဒွဲဘူက ပြောပါတယ်။

“ရွေးကောက်ပွဲမှာ စာရင်းတင်တာတောင် ဒီနေ့မှာဆိုလို့ရှင်ရင် ကျမတို့ ထပ်ပြီး ရွေးချယ်တဲ့အခါမှာလည်း ထပ်ပြီးတော့ နည်းသွားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ လူမှုရေးကဏ္ဍရပ်တွေ၊ နောက်ပြီး NGO ကဏ္ဍရပ်တွေမှာ တအားကြီး ကျမတို့ အများကြီးလှုပ်ရှားတယ်။ အမျိုးသားတွေထက် ပိုပြီး လှုပ်ရှားတယ်။ ဒီလိုမျိုး လူမှုရေးမှာ များများလုပ်နေတဲ့ သူတွေဟာဆိုရင် နိုင်ငံရေးမှာလုပ်ရင်လည်း အောင်မြင်တာမို့လို့ သူတို့ကိုလည်း နိုင်ငံရေးထဲဝင်ဖို့အတွက် စိတ်ဆုံးဖြတ်စေချင်တယ်ပေါ့နော်။ နောက်တခုကတော့ ဒီပါတီရဲ့ ရွေးချယ်မှုပေါ့။ ပါတီရဲ့ရွေးချယ်မှုမှ မရှိဘူးဆိုရင်လည်း ဒီအမျိုးသမီးတွေဟာဆိုရင် ဒီရွေးကောက်ပွဲဝင်ဖို့ မလွယ်ပါဘူး။ ကျွန်မတို့ဆီက”

အမျိုးသမီးတွေအနေနဲ့ မိသားစုကို တဘက်က စောင့်ရှောက်ရတဲ့ တာဝန်က အမျိုးသားတွေထက် ပိုပြီး ကြီးတာကြောင့်ရော မဲဆန္ဒရှင်တွေရဲ့ လက်ခံမှု အရရော အားနည်းတာတွေရောကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာမှု နည်းပါးနေရတာ ဖြစ်တယ်လို့လည်း ဒေါ်ဒွဲဘူက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကတော့ အမျိုးသမီးတွေ အနေနဲ့ အခု ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ အခြေအနေမှာရှိပြီး လာမယ့် ရွေးကောက်ပွဲတွေမှာတော့ ပိုပြီး ပါဝင်လာမယ့် အလားအလာ ရှိတယ်လို့ ပြောပါတယ်။

“ဒီလာမယ့်ရွေးကောက်ပွဲရဲ့ အခြေအနေတွေကိုတော့ တချို့အမျိုးသမီးတွေကလည်း စောင့်ကြည့်နေရတဲ့ အနေအထားတခုမှာ ရှိသလိုပေါ့လေ။ ဆိုလိုတာကတော့ ဒီရွေးကောက်ပွဲက ဘယ်လောက်ထိ လွတ်လပ်ပြီး၊ ဘယ်လောက်ထိ တရားမျှတမလဲ။ ဒါတွေအပေါ်မှာ တချို့စောင့်ကြည့်ချင်တဲ့ အနေအထားတခုရှိသလို တချို့ကကျတော့လည်း ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက်ကို နောင်ကျမှပဲ နောက်လာမယ့် ၂၀၂၀ ကျမှပဲ အမျိုးသမီးတွေအနေနဲ့ များများစားစား ပါဝင်လာဖို့အတွက် တချို့ကလည်း ဒီလိုစည်းစားနေကြတာလည်း ရှိတယ်လို့ ကျမတို့သိရတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အမျိုးသမီးနဲ့ လူငယ်တို့ကို ဦးစားပေး ရွေးချယ်မယ်ဆိုတဲ့ မူဝါဒချမှတ်ထားပြီး လက်ရှိ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာလည်း အမျိုးသမီး ၁၀ ရာခိုင်နှုန်းလောက် ပါဝင်တယ်လို့လည်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။ မြန်မာ့ပြုပြင်ပြောင်းလဲရေး အချိန်ကာလမျိုးမှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုပြီးပါဝင်လာဖို့ကိုလည်း လွှတ်တော်အမတ် ဒေါ်ဒွဲဘူက တိုက်တွန်းပါတယ်။

“ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက တကယ့်ကို ကျမတို့က ပြောနိုင်ရမယ့် အခြေအနေ တကယ့်ကို များများပြောရမယ့် အခြေအနေဖြစ်တယ်။ အဲဒီတော့ အမျိုးသားတွေက တော်ရုံဆိုရင် သိပ်မပြောဘူး။ ကျမတို့ အမျိုးသမီးတွေက ထောင့်စေ့အောင်ပြောတဲ့အတွက် ဒီကျမတို့ရဲ့ နိုင်ငံရေး အခြေအနေအရ အမျိုးသမီးဟာ ပါကိုပါရမယ်။ ပြီးလို့ရှင်ရင် ကျမတို့ အမျိုးသမီးတွေဟာ အိမ်မှာလည်း ထောင့်စေ့အောင် မြင်တတ်တဲ့အတွက် နိုင်ငံတော်ရဲ့ အရေးအရာမှာလည်း ထောင့်စေ့အောင်မြင်တယ်။ နောက်ပြီး ပိုပြီးခံစားမှု ရှိပါတယ်။ နောက်ပြီး ကျမတို့ နိုင်ငံရေးအခြေအနေဟာ ဆိုလို့ရှင်ရင်လည်း ဒီနိုင်ငံမှာ အမျိုးသမီးလူဦးရေဟာ အမျိုးသားထက်များတယ်။ နောက် ကလေးတွေ ဒုက္ခရောက်နေတာ များတယ်။ အစစအရာရာ ကျမတို့ အမျိုးသမီးတွေ ခံရတာများတဲ့အတွက် အမျိုးသမီးတွေ ပါဝင်လာရင် ကျမတို့ နိုင်ငံရေးအခြေအနေဟာ ပိုပြီး ကောင်းမွန် တိုးတက်လာမယ်။ အမျိုးသမီးတွေအသံက များများပြောရမယ်လို့ ကျမတော့ ဒီလိုပဲမြင်ပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းမှုတွေကတော့ သြဂုတ်လ ၁၄ ရက်နေ့မှာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သြဂုတ်လ ၁၁ ရက်နေ့အထိ ကိုယ်စားလှယ်ပေါင်း ၄၅၆၉ ဦး တင်သွင်းထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်ပေါင်း ၁၀၂၈ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၃၇ ဦး တင်သွင်းထားပြီး အရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီတဖြစ်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ်ပေါင်း ၆၉၀ တို့ တင်သွင်းထားပြီး ဒီပါတီကြီး သုံးခုပဲ ကိုယ်စားလှယ် အများဆုံး တင်သွင်းထားပါတယ်။

XS
SM
MD
LG