သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် စည်ပင်ရွေးကောက်ပွဲ အကြိုပြင်ဆင်


စည်ပင်မဲရုံ-မဲစာရင်း-သတင်းဓာတ်ပုံ- အောင်ရဲမောင်မောင်
စည်ပင်မဲရုံ-မဲစာရင်း-သတင်းဓာတ်ပုံ- အောင်ရဲမောင်မောင်

ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက် စနေနေ့ဟာ ရန်ကုန်မြို့ရဲ့ စည်ပင် သာယာရေး ကော်မတီ အတွက် ကော်မတီဝင် အဆင့်ဆင့် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ဖြစ်ပါတယ်။ မနေ့ကတော့ စည်ပင်ရွေးကောက်ပွဲ ကော်မရှင်က မဲရုံ စစ်ဆေးမှုတွေနဲ့ ရွေးကောက်ပွဲ အတွက် လိုအပ်တာတွေကို ပြင်ဆင်ခဲ့ကြသလို ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေကလည်း သူတို့ခရိုင် အလိုက် နောက်ဆုံး မဲဆွယ်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူတွေက မဲပေးရွေးချယ်ရမယ့် ဒီရွေးကောက်ပွဲအတွက် အစောပိုင်းမှာ ပြည်သူတွေကိုယ်တိုင် သိပ်မသိခဲ့ကြပေမယ့် အခုအချိန်မှာတော့ နိုးနိုးကြားကြားဖြစ် လာတာကို တွ့ရတယ်လို့ ပါဝင်အရွေးခံမယ့်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် သတင်းပေးပို့ထားပါတယ်။

စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့် ရွေးကောက်ပွဲ တွေကို ဝင်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေ အတွက်တော့ ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ဟာ သူတို့အတွက် နောက်ဆုံးအကြိမ် အားသွန် ခွန်စိုက် ပြင်ဆင်ရတဲ့နေ့ လို့ ပြောရမှာပါ။ စည်ပင်သာယာရေး စည်ပင်ရွေးကောက်ပွဲ ကော်မရှင်ကတော့ သက်ဆိုင်ရာ ခရိုင်တွေ အလိုက် ဆန္ဒပြု မဲပေးရမဲ့ မဲရုံတွေကို စစ်ဆေးတာတွေ လုပ်နေသလို ကော်မရှင်ဘက်ကတော့ အကောင်းဆုံး ပြင်ဆင်ပြီး ရွေးကောက်ပွဲအောင်မြင်ဖို့ အာရုံစိုက် ထားတယ်လို့ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဗွီအိုအေကိုပြောပါတယ်။

"ကော်မရှင်အနေနဲ့ကတော့ အောင်အောင်မြင်မြင်လုပ်နိုင်မယ်လို့မျှော်လင့်ထားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တတ်နိုင်သလောက် အကုန်လုံးကို ကြိုးစားပြီးတော့လေ ဆောင်ရွက်ထားပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ်
အနည်းနဲ့ အများကတော့ အောင်မြင်မယ်လို့တော့ ယုံကြည်ပါတယ်။

ဟုတ်ကဲ့ အန်ကယ် ဒီလိုဆိုတော့ ရွေးကောက်ပွဲ ပြီးရင် အနိုင်ရတဲ့ သူတွေကို ပြည်သူတွေက ဘယ်တော့ သိရမလဲခင်ဗျား။

"(၄၈) နာရီအတွင်းထွက်ရမယ်လို့ နည်းဥပဒေက ညွန်ပြထားတယ်။ အဲဒီတော့ ဒီနည်းဥပဒေအရ (၄၈) နာရီအတွင်း ထွက်နိုင်အောင်တော့ ကြေညာနိုင်အောင်တော့ ကြိုးစားပြီးတော့လုပ်ပေးမယ်။ သူက မဲရုံတွေက ရတဲ့ စာရင်းတွေကို မြို့နယ်ကို ပို့ရမယ်။ မြို့နယ်က စာရင်းတွေကို ခရိုင်ကိုပို့မယ်။ ခရိုင်ချုပ်ပြီးတော့မှ မြို့နယ်ကော်မရှင်ကို ရောက်မယ်လေ"

မြန်မာနိုင်ငံမှာ ပြည်သူက ရွေးချယ်မဲပေးရမယ့် စည်ပင်သာယာ ရွေးကောက်ပွဲ မကျင်းပတော့တာဟာ ဆိုရင် ကာလအားဖြင့် ( ၆၅) နှစ်လောက်ရှိခဲ့ပါပြီ။ အခုတစ်ကြိမ် ရန်ကုန် စည်ပင် ရွေးကောက်ပွဲ ကို ကျင်းပပေမဲ့လည်း ပြည်သူတွေ အကြား သိရှိမှုအပိုင်းက နည်းနေသလို၊ မဲပေးရမယ့် အပိုင်းမှာပါ စနစ်တကျ မသိတာတွေက များနေတယ်လို့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ က ထောက်ပြကြပါတယ်။ ဒါအပြင် ရန်ကုန်မှာ နေထိုင်ကြတဲ့သူတွေ ထဲမှာ ဒီရွေးကောက်ပွဲ ကို ဝင်ရောက်မဲပေးနိုင်တဲ့ အိမ်ထောင်စုဟာလည်း ထွက်လာတဲ့ စာရင်း အရနည်းနေတာကိုတွေ့ရတယ်လို့လည်း အနောက်ပိုင်း ခရိုင် ကိုယ်စားပြု ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ် လောင်း ဦးခင်လိုှုင် ဇောတိက က ထောက်ပြပါတယ်။

"သူတို့ကို မဲပေးရမယ်ဆိုတဲ့ အတိုင်းအတာတွေကို အခုအချိန်ကျမှ လိုက်ရှာတော့ အချိန်က ကပ်သွားပြီလေ။ အဲဒါမျိုးကိုလည်း ကြုံတွေ့ ရတယ်။ နောက်တစ်ခုကျပြန်တော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီကနေပြီးတော့ ရန်ကုန်မြို့တော် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ကို ဖွဲ့ဖြစ်ပြန်တော့လည်း ကော်မရှင်လူကြီးများရဲ့ လုပ်ပိုင်ခွင့်ကိုလည်း ဘာမှ ပေးထားတာ မဟုတ်ပါဘူး။ လူစစ်တတ်ရုံ မဲစစ်တတ်ရုံ လုပ်ပေး ထားတာ ဖြစ်တဲ့ အတွက် သူတို့ ဥပဒေနဲ့ ပါတ်သက်ရင် အရမ်း အားနည်းနေတာဖြစ်တဲ့အတွက် အခက်အခဲတွေ မျိုးစုံ ပေါ်ပေါက်လာပါတယ်။ အဲတော့ ဒါတွေဟာ အားနည်းချက်တွေပဲဖြစ်တယ်။ အဲဒီအားနည်းချက်တွေရဲ့ သူ့ရဲ့နောက်ဆုံး Conclusion အနေနဲ့ ပြန်ပြီး နိဂုံးချုပ်ရမယ်ဆိုရင် မဲပေးတဲ့သူ နည်းခြင်း သည် မီဒီယာတွေအပေါ်မှာလည်း မူတည်သလို ကျနော် အစိုးရဖက် ကရော ပါဝင်တဲ့သူတွေနည်းတာဖြစ်ပါတယ်။ ဒါကြောင့် သိပ်ပြီး စိတ်မဝင်စားပါဘူး"

အစောပိုင်းကာလ က ပြည်သူတွေအကြား ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး အသိနည်းနေပေမဲ့ လက်ရှိ ရွေးကောက်ပွဲနီးချိန် မှာတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာတာကတော့ ဝမ်းသာဖို့ကောင်းတယ်လို့လည်း သူကဆက်ပြောပါတယ်။

"အခု မြန်မာတွေရဲ့ ထုံးတမ်းစဉ်လာပေါ့။ အဲကျတော့ လူတွေက လှုပ်လှုပ် လှုပ်လှုပ် လှုပ်လှုပ် တော်တော်ကြီးကို ဝရုန်းသုန်းကားဖြစ်လာကြတယ်။ ဒါဟာ ဝမ်းသာစရာပါပဲ"

အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောက်အချို့တော့ ဒီရွေးကောက်ပွဲ မှာ သူတို့ကိုယ်တိုင် အနိုင်ရဖို့ထက် ရန်ကုန်မြို့ကို ကောင်းအောင်လုပ်ပေးနိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူက ရွေးချယ်တာကို အလိုရှိတယ်လို့လည်း ပြောကြပါတယ်။

"အန်တီ့စိတ်ထဲမှာကတော့ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေပေါ့နော်။ အန်တီ ဘယ်လိုမှ စိတ်ထဲမှာ မဖြစ်ဘူးပေါ့။ အကြီးအကျယ်စိတ်ပျက်မှာလည်း မဟုတ်ဘူးပေါ့နော်။ အနိုင်ရမယ် ကိုယ်နိုင်ရမယ် မဟုတ်ဘူး။ တစ်အချက်က ကိုယ်မနိုင်သော်လည်းဘဲ နိုင်သွားတဲ့သူဟာ တကယ့်ကို ပြည်သူလူထုအတွက် ရန်ကုန်ဖွဲ့ဖြိုးရေးအတွက် လုပ်တဲ့သူမျိုးဖြစ်စေချင်တယ်ပေါ့နော်။ နောက်တခါ ခရိုင်လေးခုစလုံးမှာ ပါလာမယ့်လူတွေကလည်း စိတ်တူကိုယ်တူနဲ့ ရန်ကုန်ဖွဲ့ဖြိုးရေးအတွက် တကယ်တမ်း အားသွန်ခွန်စိုက်လုပ်မယ့်သူတွေ ရစေချင်တယ်ပေါ့နော်။ အဲဒါမှလည်း အင်အားတစ်ခုအနေနဲ့ သူတို့ ဝင်ပြီးတော့ ကူညီနိုင်မှာဖြစ်တယ်ပေါ့နော်"

အနောက်ပိုင်း ခရိုင် ကိုယ်စားပြုပြီး စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ဝင်မယ့် ဒေါ်မေအုန်းညွှန့်ဝေပါ။

မြန်မာနိုင်ငံမှာ လူထု ကိုယ်စားပြုပြီး ရွေးချယ်တဲ့ ရွေးကောက်ပွဲတိုင်း သန့်ရှင်းပြီးတော့ မျှတဖို့လည်း လိုအပ်တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုမင်းဇေယျာ ကပြောပါတယ်။

" ရွေးကောက်ပွဲရဲ့ သဘောတရားအရကတော့ ဘယ်လိုရွေးကောက်ပွဲဖြစ်ဖြစ် ပွင့်လင်းပြီးတော့ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နောက်ခံသဘောပဲ။ တစ်ချို့လူတွေကိုလည်း တကယ်စစ်မှန်တဲ့ ကိုယ်စားလှယ်တွေပါဝင်မယ့် စည်ပင်ကော်မတီတွေကို အပြည့်အဝ ဖွဲ့စည်းနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ကြိုက်တယ်။ ပိုပြီးတော့ လက်ခံတယ်ပေါ့နော်။ အဲဒီလိုပဲ ဦးတည်သွားမယ်လို့လည်း မျှော်လင့်တယ်ပေါ့ကွယ်။"

ပြည်သူအတွက် အမှန်တကယ် အလုပ်လုပ်မယ့် သူတွေ ပေါ်ထွက်စေချင်တယ်လို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဒီရွေးကောက်ပွဲကို ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ်ပေါင်း ၂၉၃ ဦး ရှိနေပါတယ်။ မြို့တော်ဝန် ကိုတော့ နိုင်ငံတော် သမ္မတက တိုက်ရိုက်ခန့်မှာဖြစ်ပေမယ့် ပြည်သူက မဲပေးရွေးချယ်မယ့် ရန်ကုန်မြိ့တော် စည်ပင်သာယာရေးကော်မတီဝင် (၄)ဦး တိုင်းဒေသကြီး အစိုးရက တိုက်ရိုက်ရွေးချယ်မယ့် (၄)ဦးနဲ့ စည်ပင်သာယာရေးကော်မတီဝင်တွေကို ပြန်လည်ရွေးချယ်ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ ဒီရွေးကောက်ပွဲ ကို ဝင်အရွေးခံမဲ့ ကိုယ်စားလှယ်လောင်း ၂၉ ၃ဦး ရှိနေပါတယ်။


XS
SM
MD
LG