နိုဝင်ဘာလ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်စာရင်း မှန်မမှန် သွားရောက် စစ်ဆေးဖို့နဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အခြေအနေတွေ ကို ရန်ကုန်ဒေသခံ အချိုူ့ကို တွေ့ဆုံမေးမြန်းပြီး ဗွီအိုအေ ရန်ကုန်ရုံးကနေ စုစည်းပေးပို့ ထားပါတယ်။
ကိုနန္ဒမောင်- ရေတိုင်ကီ လုပ်ငန်းလုပ်ကိုင်သူ
" ဝတ်ကြေးတမ်းကြေတော့ မဟုတ်ဘူး။ ရည်ရွယ်ချက်တော့ရှိတာပေါ့။ ကျနော်တို့ မဲ ထည့်လိုက်တဲ့မဲကတော့ ကျနော်တို့ လိုချင်တဲ့ သူတယောက် အုပ်ချုပ်ဖို့အတွက် ကျနော်တို့က လိုချင်တယ်။ အဲ့ဒီ့အတွက်ကြောင့် ကိုယ့်မဲတမဲ နဲ့ ပတ်သက်ပြီးတော့ ဒီဟာ အောင်မြင်ဖို့အတွက် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျနော်တို့က သွားထည့်မှာ။ ကျနော်တို့က NLD ကို မဲပေးမယ်။ မျှော်လင့်ချက်တွေကတော့ အများကြီးပဲဗျ။ အများကြီး ပြောင်းလဲသွားမယ်လို့ ထင်တယ်။ "
ကိုသီဟကျော်- ပစ္စည်းအဟောင်း ဝယ်သူ
" စိတ်ဝင်စားမှု ကောင်းသလားဆိုတော့ မဲစာရင်းတော့ ပေးတာပဲလေ ပေးလည်း ဘာမှ မဖြစ်လာဘူးလေ။ အလကားပဲ ဟုတ်လား။ ဒါပေမဲ့ ပေးနေကြတာပဲ။ လူတိုင်းက ပေးနေပြီးတော့ ရပ်ကွက်ထဲ ပေးနေ ပေးနေပြီးတော့ ပေးတော့လည်း ဘာမှ မထူးခြားဘူးလေ။ ဒါက ဒါပဲ ဟုတ်လား။ လုပ်ကိုင်စားသောက်နေရတဲ့ ဆင်းရဲသားတွေ မဲဆိုလည်း ပေးကြရတာပဲ။ နောက် ပေးလည်း ဒါက ဒါပဲ။ ဘာမှ မထူးလာဘူး။ ဆိုတော့ လူတွေလည်း စိတ်ကုန်ပြီး ဘာမှ မပေးချင်တော့ဘူး။ မဲက လုံးလုံးကို ထည့်ဖို့ မရှိဘူး ကျနော်တို့ ။ ထည့်လည်း အလကားပဲလေ။ ထည့်လဲ ကျနေ်နာ်တို့အတွက် ဘာအဖတ်တင်လဲ ဘာမှ အဖတ်မတင်ဘူးလေ။ "
ဦးတင်ဝင်း- Taxi မောင်းသူ
"မဖြစ်မနေကို မဲပေးဖို့ ဆန္ဒရှိတယ်။ ဘယ်ပါတီကို ပေးရမလဲ ဘယ်ပုဂ္ဂိုလ် ကို ပေးရမလဲ ဆိုတော့ အခု ကျနော်တို့ လေ့လာနေတယ်ပေါ့နော်။ အပြောင်းအလဲကတော့ ကောင်းတာကိုပဲ အကုန်လုံးက မျှော်လင့်တယ်။ ဒါပေမဲ့ လက်တွေ့ Practical ကျတဲ့နေ့ကျမှပဲ ကောင်းတယ်။ ဆိုးတယ်။ မကောင်းဘူး ကောင်းတယ်ဆိုတာ အဲ့ခါကျမှ သိတယ်။ ကြိုတင်ပြောဖို့ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေက ရှိခဲ့တာကိုး။"
ဦးအုန်းသန်း- ဆိုက်ကားသမား
" ကျနော်တို့ ဆိုတာက သွားကြည့်ဖို့ဆိုတာက မအားပါဘူး အမရယ်။ နော် ဘာဖြစ်လို့ မအားသလဲဆိုတော့ ကျနာ်တို့ဆီမှာက လက်လုပ်လက်စားသမားတွေဆိုတော့ သိပ်ပြီးတော့ မကြည့်ဖြစ်ပါဘူး။ အဲ့တာကြောင့်မို့ပါ ကျနော်တို့မှာကလည်း ပြောရရင် တနေ့လုပ်မှ တနေ့စားရတယ်ဆိုတော့ သိပ်ပြီးတော့ ဦးစားမပေးနိုင်ပါဘူး။ နောက်တက်လာမယ့် အစိုးရ၊ အခုအစိုးရကလည်း ဟို...ပြောရမယ်ဆိုတော့လည်း ကျနော်တို့လုပ်မှ ကျနော်တို့ စားရတယ် ဆိုတော့ ဒီပုံစံအတိုင်းပါပဲ ဘာမှ မဖြစ်ပါဘူး ပထမအစိုးရဆိုတာလည်း ကျနော်တို့ လုပ်မှ ကျျနော်တို့က ဘယ်သူပဲ တက်တက် တက်ချင်တာပဲ တက်။ ကျနော်တို့ လက်လုပ်လက်စားသမားတွေကတော့ လုပ်စားနေရမှာပဲ။"
ကိုအောင်မျိုးခိုင်- လမ်းဘေး PCO ဖုန်းဆိုင်
" ကျနော်တို့ကတော့ စိတ်ဝင်စားမှုတော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က ရွေးကောက်ပွဲ ကို မဲထည့်ဖို့ဆိုတာ ကျျနော်တို့က တချို့လူတွေကျတော့လည်း စီးပွားရေးနဲ့ လုံးပမ်းနေရတဲ့ သူတွေလည်း ရှိတာပေါ့နော်။ ဒါပေမဲ့ ရွေးကောက်ပွဲကို မဲထည့်ဖို့ဆိုတာ ဒီအစိုးရအသစ် ဖွဲ့နိုင်မှသာလျှင် စီးပွားရေးက ကောင်းမွန်မယ်ဆိုတာ သိတော့ ထည့်တော့ထည့်မယ်။ ဒါပေမဲ့ ကျနော်တို့က အားတော့ မရှိဘူးပေါ့။ (၄၃၆) မပြင်လိုက်တဲ့အတွက် အားတော့မရှိဘူး။ (၄၃၆) ပြင်လိုက်ရင်တော့ အားတော့ရှိမယ်လို့ ကျနော်ထင်တယ်။"
ကိုအောင်ဇော်ဝင်း- ကားသမား
" လူတွေကတော့ အလုပ်တွေနဲ့ ရေဘေးနဲ့ အခုရက်ပိုင်းမှာ စိတ် ကသိကအောက်ဖြစ်နေ တာတွေလည်း ပါတာပေါ့နော် ကျနော်တို့ဆိုလည်း ရေဘေးအတွက် ဟိုသွားလိုက် နယ်တွေ ဆင်းလိုက် ကားသမားလေ သုံးခေါက်ရှိသွားပြီ။ ဧရာဝတီတိုင်းရော မကွေး ပွင့်ဖြူ စလင်းဘက် နယ်ဘက်တွေ အဲ့ဘက်တွေလည်း ရောက်တယ်။ ဟင်္သာတ ဘက်လည်းရောက်တယ်။ အဓိကကတော့ ရေဘေးဒုက္ခရောက်နေတဲ့ သူတွေပေါ့နော်။ အဲ့ဒီ့အတွက်ကို အဲ့ဒီ့ဘက်မှာ ပြည်သူလူထုက စိတ်ပါနေတယ်။ အဲ့ဒီ့ဘက်မှာပဲ စိတ်သက်ရောက်နေတယ်ပေါ့။ မဲဆန္ဒဘက်မှာ အခုလောလောဆယ်မှာ စိတ်မဝင်စားသေးဘူးလို့ ထင်တာပဲ။ နီးလာရင်တော့ စိတ်ဝင်စားမယ် ထင်ပါတယ်။"
မအေးမြသူ- အသား၊ ငါးရောင်းသူ (ဈေးသည်)
"သမီးတို့မှာ မှတ်ပုံတင်လည်း မရှိဘူး နော် ။ မိသားစုကလည်း စားဖို့ အခက်အခဲရှိတယ်။ သူများအရင်းနဲ့ စားရတာ။ အဲ့တာကြောင့်မို့လို့ မဲထည့်ဖို့ကို သတိမထားမိဘူး။ အဲ့တာပါပဲ။ အရင်တုန်းကတော့ ထည့်ပါတယ်။ "
ဦး မောင်လှရွှေ- အားလူပူတီ ရောင်းသူ
" အဓိက ကတော့ ကျနော်တို့က ကိုယ်လုပ်နေတဲ့ စီးပွားရေး အောင်မြင်သွားရင်တော့ ဒီစီးပွားရေးကိုပဲ စိတ်ဝင်စားတာပေါ့။ ကျန်တဲ့အပိုင်းတွေကို သိပ်မစဉ်းစားချင်ဘူး။ ဒါပေမဲ့ ခုနကလို ရပ်ကွက်ကနေ မဲထည့်ဖို့ ဘာညာ လာပြောတော့ ကိုယ်က မဲသွားထည့်ရမှာပေါ့။ "
ဦးစိုး- ဆိုက်ကားသမား
" အလုပ်မအားတာနဲ့ သွားမကြည့်ဖြစ်တာ၊ စားဝတ်နေရေးတဖက်ဆိုတော့ အလုပ်ကရှုပ်နေတာ။ တကူးတကကြီး သွားမကြည့်အားဘူးပေါ့နော်။ မကြည့်ဖြစ်တာပေါ့။ စားဝတ်နေရေးက ဒီလိုပါပဲ ပထမအစိုးရလည်း ဒီလိုပဲ ရုန်းရတာပဲ။ အခုအစိုးရလည်း ဒီလိုပဲ ရုန်းရတာပဲ။ အခြေခံလူတန်းစားတွေဆိုတော့လည်း အခုအစိုးရလည်း လုပ်တော့လုပ်နေတာပဲ။ သူ့ဟာနဲ့သူဆိုတော့ အခြေခံလူတန်းစားကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာပါပဲ။ ဒါပေမဲ့ တည်ငြိမ်ရင်တော့ သူ့ဟာနဲ့သူတော့ အဆင်ပြေမှာပေါ့။"
ရွေးကောက်ပွဲဆိုင်ရာ ရန်ကုန်မြို့ခံအချို့ရဲ့ သဘောထားတွေကို ရန်ကုန် ဗွီအိုအေရုံးခွဲကနေ စုစည်းတင်ပြပေးခဲ့တာပါ။