သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီတာခတွေ ၂ ဆကျော်တိုးတော့မယ်


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့တွင်းရှိ အဆောက်အဦတခုထဲက လျှပ်စစ်မီတာဘောက်ရှေ့ တယ်လီဖုန်းဂိမ်းကစားနေတဲ့ ကလေးငယ်တဦးကိုတွေ့ရစဉ် (မေ ၂၀၊ ၂၀၁၄)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့တွင်းရှိ အဆောက်အဦတခုထဲက လျှပ်စစ်မီတာဘောက်ရှေ့ တယ်လီဖုန်းဂိမ်းကစားနေတဲ့ ကလေးငယ်တဦးကိုတွေ့ရစဉ် (မေ ၂၀၊ ၂၀၁၄)

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁ ရက်ကစပြီး လျှပ်စစ်မီတာခတွေကို ၂ ဆတိုး ကောက်ခံတော့မှာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ လက်ရှိနှုန်းထက် အိမ်သုံးအမျိုးအစားရော၊ လုပ်ငန်းသုံးအမျိုးအစားပါ ၂ မျိုးလုံး ၂ ဆကျော်တက်သွားတော့မှာ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းအဆင်မတန် ကြီးမားနေတဲ့အချိန် မီတာခတွေ ဈေးတက်တော့မှာမို့ အခြေခံလူတန်းစားတွေ စားဝတ်နေ‌ရေး ပိုပြီး ခက်ခဲလာမှာကို စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

မီတာခတွေ စက်တင်ဘာ ၁ ရက်စပြီး တက်တော့မယ်ဆိုတာကို လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။ ထုတ်ပြန်ချက်အရ အိမ်သုံးအမျိုးအစား ဓါတ်အားသုံးသူတွေအနေနဲ့ ယူနစ် ၂၀၀ အောက်ဆိုရင် လက်ရှိပေးနေရတဲ့ ဈေးနှုန်းတွေနဲ့ သိပ်မကွာပေမဲ့ ယူနစ် ၂၀၀ အထက်ဆိုရင် ကျပ် ၃၀၀ ပေးကြရတော့မှာဖြစ်ပါတယ်။ လက်ရှိနှုန်းက ယူနစ် ၂၀၀ အထက်ဆိုရင် ၁၂၅ ကျပ်ဖြစ်တာမို့ ၂ ဆကျော် တက်သွားတော့ဖြစ်ပါတယ်။

အိမ်သုံး မဟုတ်တဲ့ လုပ်ငန်းသုံး အမျိုးအစားဆိုရင်လည်း ယူနစ် ၂၀,၀၀၀ အောက်ဆိုရင် ၂ ဆနီးပါး တက်သွားတော့မှာဖြစ်သလို ယူနစ် ၂၀,၀၀၀ အထက်ဆိုရင်တော့ ၂ ဆကျော်တက်သွားမှာပါ။ အရင်က ယူနစ် ၂၀,၀၀၀ အထက် အများဆုံးဈေးနှုန်းက ကျပ် ၁၈၀ သာဖြစ်ပေမဲ့ အခု ယူနစ် ယူနစ် ၂၀,၀၀၀ အထက်ဆိုရင် ၅၀၀ ကျပ်ပေးကြရတော့မှာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးတွေနဲ့ ဓာတ်အားလိုင်းကြီးတွေ အဆင့်မြှင့်တင်ဖို့၊ တိုးချဲ့ တည်ဆောက်ဖို့နဲ့ ပြုပြင်ထိန်းသိမ်း စရိတ်တွေကြီးလာတာနဲ့ ပြည်သူတွေကို တည်ငြိမ်သော လျှပ်စစ်ဓါတ်အား ပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်တဲ့နေရာမှာလည်း စရိတ်တွေများလာတာကြောင့် ဓါတ်အားခ နှုန်းတွေ ပြင်ဆင်သတ်မှန်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မီတာခတွေ ဈေးတက်သွားတာနဲ့ပတ်သက်လို့ ရန်ကုန်မြို့ခံတဦးက အခုလို ပြောပါတယ်။

“မီတာခတိုးကောက်လာရင် အဆင်မပြေတာတော့ မပြေဘူးလေ ပိုတောင်မှ မပြေတော့တာပေါ့ တဖြေးဖြေးနဲ့။ မီးကလည်း ပုံမှန်မမှန်ဘူး၊ လာချင်လာတယ်၊ မလာချင်မလာဘူး။ လာရင်လည်း လာတယ်၊ ပြီး ခဏလေးနဲ့ ပျက်ချင်ရင် ပျက်သွားတယ်။ အဲ့တော့ အခုလို တိုးကောက်တာနဲ့ အဲ့လိုမျိုးဖြစ်တာနဲ့ဆိုတော့ ပိုပြီးတော့ ဒုက္ခတွေ ရောက်တာပေါ့၊ အဆင်မပြေဘူး။”

ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေချိန်မှာ မီတာခတွေ ဈေးတက်တော့မှာမို့ လျှပ်စစ်မီး သုံးစွဲမှုကို ပိုပြီး ချွေတာရတော့မယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

“မီတာခတွေ တိုးကောက်တယ်ဆိုရင်တော့ မလိုအပ်တဲ့ မီးတွေ မဖွင့်ဘူးပေါ့နော်။ ရေခဲသေတ္တာတို့ ဘာတို့ တချိန်လုံး မဖွင့်တော့ဘူး၊ ခဏတဖြုတ်ပဲ အသားငါးထည့်ထားတဲ့ အချိန်လောက်ပဲ ခဏအေးတာနဲ့ ပြန်ပိတ်လိုက်မယ်။ အကုန်လုံးကတော့ မီတာခများတဲ့ အတွက်ကိုတော့ မလိုအပ်တဲ့ဟာတော့ မသုံးဘူး မဖွင့်တော့မသုံးကြတော့ဘူးပေါ့ ဆင်ခြေရမှာပေါ့။ အမြဲတမ်းကြီးတချိန်လုံးတော့ အရင်လို သုံးလို့မရတော့ဘူး။ အခု အဆင်မပြေတာက ကုန်ဈေးနှုန်းတွေကလည်း မတရားကြီးမြင့်တက်နေတယ်၊ မနက်ဝယ်တဲ့ ဈေးနဲ့ ညနေသွားဝယ်ဈေးတောင်မှ မတူတော့ဘူး။ ပိုပြီးတော့ ကျပ်တည်းလာတယ် ဒုက္ခတွေရောက်လာတယ်။ အခုရတဲ့ ပိုက်ဆံတွေနဲ့ ရတဲ့ လစာတွေနဲ့က အဆင်မပြေကြတော့ဘူး။ အခုလို မီတာခတွေက ထပ်တိုးမယ်ဆိုရင်တော့ အသေကျပ်အနေကျပ် မြန်မာပြည်မှာ လူလာဖြစ်တာကိုက ကိုယ်တွေ့ မကောင်းတဲ့ ကံပေါ့။”

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ငွေကြေးဖောင်ပွမှုကြောင့် လောင်စာဆီနဲ့ ကုန်ဈေးနှုန်းတွေ အဆင်မတန်မြင့်မားလာပြီး အခြေခံလူတန်စားအများစုက စားဝတ်နေရေးအခက်အခဲ စတဲ့ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။ ပဲခူးဒေသခံတဦးက လက်ရှိ ဝင်ငွေနဲ့ စားဝတ်နေရေး လောက်ငှအောင် ရုန်ကန်နေရပြီး မီတာခပါ တိုးကောက်လာမယ်ဆိုရင် အခက်အခဲက ဆိုးတာထက် ဆိုးရွားလာဖို့ရှိတယ်လို့ ပြောပါတယ်။

“အကုန်ခက်ခဲနေတဲ့အချိန်မှာ ပိုဆိုးတာထက် ဆိုးလာတယ်ပေါ့။ ပုံမှန်ဆိုရင် အိမ်မှာ ပုံမှန် မီတာခဆိုရင်တောင်မှ ဘာမှမသုံးဘူးနော်၊ ရေမောင်းတာလေးတခုနဲ့ အိမ်မှာ မီးပဲဖွင့်တယ်၊ အဲကွန်တစ်လုံးမှမသုံးဘူး။ အဲ့ဒါ တစ်လကို ၃၈,၀၀၀ လောက် ၄၀,၀၀၀ လောက်ကျတယ်။ အခု သူတို့က နှစ်ဆ သုံးဆတိုးတာဆိုရင် တစ်လကို တစ်သိန်းကျော်လေ၊ စက်ရုံဝန်ထမ်းတွေအပေါ်မှာ တွက်ကြည့်လေ တစ်လုံးမှ ၂သိန်းရတာ ဒီ မီတာခနဲ့ ထမင်းဘယ်လိုစားမလဲ အသွားအပြန်ကားခ၊ အဲ့တော့ ပြည်သူတွေကျတော့ ကြာလေကြာလေ အခက်အခဲက ဆိုးတာထက်ဆိုး ဆိုးတာထက်ဆိုးနေတာပဲ အခုတော့ ဆန်ပြုတ်တောင် နပ်မမှန်တဲ့ဘဝဖြစ်နေပြီး ဘယ်အိမ်ရာကိုမှ အဆင်မပြေတဲ့ ဘဝဖြစ်နေတာ။”

မြန်မာတနိုင်ငံလုံးမှာ မလှည့်ကျ မီးပေးစနစ်နဲ့ပေးနေတဲ့ လျှပ်စစ်မီးတွေ အရင်ကထက် ပိုပျက်နေချိန်မှာ မီတာခတွေ တိုးပေးရတော့မှာမို့ မီးပုံမှန်လာဖို့ မျှော်လင့်တယ်လို့ ပြည်သူတွေက ပြောနေကြပါတယ်။

မီတာခတွေ ၂ ဆကျော်တိုးတော့မယ်
please wait

No media source currently available

0:00 0:03:45 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG