သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eleven မီဒီယာသတင်းသမားသုံးဦး အမှုဖွင့်ခံရမှု ဝေဖန်မှုထွက်ပေါ်


နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ Eleven မီဒီယာက အယ်ဒီတာချုပ်အပါအဝင် သတင်းသမား၃ဦးကို ဖမ်းဆီးဖို့ အာဏာ ပိုင်တွေက မနေ့ကညပိုင်းမှာ ရန်ကုန်မြို့က Eleven မီဒီယာရုံးကို လာပြီးရှာဖွေခဲ့ကြတယ်လို့ Eleven မီဒီယာရဲ့တာဝန်ရှိသူ တွေကပြောပါတယ်။ ဘယ်ကိစ္စကြောင့်နိုင်ငံတော်အကြည်ညိုပျက်စေတာလဲဆိုတာကတော့ အခုချိန်မှာ ရှင်းရှင်းလင်း လင်းမသိရသေးပါဘူး။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မေခက Eleven မီဒီယာရဲ့ အယ်ဒီတာ တဦးကို ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

Eleven မီဒီယာက တာဝန်ခံ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနဲ့ အကြီးတန်း အယ်ဒီတာ သတင်းသမားသုံးဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အာဏာပိုင်တွေဘက်က ဖမ်းဆီးဖို့ မနေ့ညပိုင်းမှာ Eleven မီဒီယာရုံးခန်းကို လာရောက် ရှာဖွေခဲ့ပါတယ်။ Eleven မီဒီယာ က အယ်ဒီတာ ကိုဦးက VOA ကို အခုလိုပြောပါတယ်။

"သေချာတော့ အသေးစိတ်တော့ကျနော်တို့မသိရသေးဘူးခင်ဗျ။ ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်ထား တာတော့သိတယ်။ အယ်ဒီတာချုပ်က ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာက ကိုနရီမင်းရယ် အကြီးတန်း အယ်ဒီတာကိုဖြိုးဝေ၊အဲဒီ ၃ယောက်ကို သူတို့လာဖမ်းချိန်က ရုံးမှာ ဖောင်ပိတ်ချိန် ညဘက်ဖြစ် နေတော့ သူတို့ရုံးမှာ မရှိကြဘူး။ မနက်ဖြန် ၁၀နာရီရုံးချိန်ကျလာရှင်းမယ်ပေါ့။ အဲဒီဖွဲ့တွေ နဲ့ ပြန်ချိန်းထားပါတယ်။ ဘာအကြောင်းအရာနဲ့ ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်တာကျနော်တို့ အသေးစိတ်မသိရသေးပါဘူး။ သူတို့က ဂျာနယ်မှာပါတဲ့ ဒီအကြောင်းအရာ ဒါဆိုပြီး ကျနော်တို့ကိုပြောတာမဟုတ်ဘူးလေ။ ၅၀၅(ခ)နဲ့ ဆွဲတာမှန်တယ်။ ဒီ၃ယောက်ကို ဆိုတာမှန်တယ်။ ကျန်တဲ့အပိုင်းကတော့ သေချာမသိသေးပါဘူး။"

အယ်ဒီတာချုပ် ကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အကြီးတန်းသတင်းထောက် ကိုဖြိုးေ၀၀င်းတို့ သုံးယောက်ကို ဖမ်းဆီးဖို့ ပုဒ်မ ၅၀၅ (ခ) နဲ့ အရေးယူပေးဖို့ တာမွေတရားရုံးကို ဦးတိုက် လေ ျှာက်ထားတဲ့အတွက် လာရောက် ဖမ်းဆီးတာလို့ Eleven Media က အတည်ပြု ပါတယ်။ ဒါပေမဲ့လည်း ဘယ်သူက တရားလိုအဖြစ် တိုင်ကြား အမှုဖွင့်ထားတယ်၊ ဘယ်သတင်းကြောင့် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရှာဖွေတဲ့အချိန်မှာတော့ သတင်းထောက်တွေကို ရှာမတွေ့တဲ့အတွက် မဖမ်းခဲ့ရဘူးလို့ အမည်မဖေါ်လိုသူ ရဲအရာရှိတဦးက VOA ကိုအတည်ပြု ပြောဆိုပါတယ်။ ဒီလို သတင်းထောက်တွေကို လာရောက် ရှာဖွေဖို့ စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းတိုင်ပင်တာ ရှိဘူးလို့လည်း နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

မြန်မာဂျာနယ်လစ် ကွန်ယက်က ကိုဇေယျာလှိုင် ကတော့ ဒီလို လာရောက် ရှာဖွေတဲ့ ကိစ္စကို အခုလို ဝေဖန်ပါတယ်။

" ဒီကိစ္စက Follow up ပေါ့လေ။ ပထမတချိန် ဒေါက်တာသန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးတို့တုန်းက နာရီကိစ္စဖြစ်တော့ ကောင်စီနဲ့စကားပြောတော့ ကောင်စီ ကိုလည်းတင်တဲ့အချိန် တချိန်ထဲမှာဘဲ ရဲစခန်းကို အမှုရောက်တော့ ကောင်စီက ဝင်မရဘူးဖြစ်ခဲ့တယ်။ အဲတုန်းကတော့ သူတို့မသိလို့ပါ။ ကောင်စီရှင်းပြ ချိန် အဲဒီတုန်းက အဲဒါရှိမှန်းမသိလို့ အချိန်လွန်သွားတယ်ပေါ့လေ။ အခုတော့ အစိုးရအနေနဲ့ မီဒီယာဥပ ဒေရှိတာသိခဲ့ပြီးသားဖြစ်တယ်။ မဏ္ဍိုင် ၄ရပ်တွေ့တာတွေ ပြည်ထောင်စုအဆင့်ရော တိုင်းနဲ့ပြည်နယ်မှာတွေ့တာတွေသိပြီးသား ဖြစ်တယ်။သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၁ မှာ သတင်းမီဒီယာသမားတွေနဲ့ ပတ်သက်လို့ တစုံတရာ တိုင်းကြားမှုရှိလာရင် သတင်းမီဒီယာကောင်စီကို ရှေးဦးစွာ တိုင်ကြားနိုင်သည်ဆိုတာဘဲပါ တော့ တိုင်ချင်လဲတိုင်မယ်မတိုင်ချင်လဲမတိုင်လို့ရတယ်သဘောရောက်တာပေါ့။ အဲဒါကြောင့်ဥပဒေ ကြောင်းအရသွားလို့ရတာပေါ့။ ဒါပေမယ့် သတင်းမီဒီယာမှာဖော်ပြလို့ တခုခုဆို နံပါတ် ၁အနေနဲ့တော့ သတင်းကမှားတယ်ဆို မှားကြောင်း၊ ခိုင်မာတယ်ဆိုလဲ ခိုင်မာကြောင်း အဲလို စပြီးလုပ်သင့်တာပေါ့လေ။ မှားတယ်ဆိုရင်လည်း ပြန်လည်ဖြေရှင်းတောင်းပန်ရမယ်ဆိုတာက ကျင့်ဝတ်မှာ ပါတယ်။ အဲဒီအဆင့်ကို လည်း မရောက်၊ ကောင်စီလဲမတိုင်ဘဲ အဆင့်ကျော်လုပ်တာကတော့ သတင်းမီဒီယာသမားတွေကို ထိခိုက်နစ်နာစေလိုတဲ့ သဘောသက်ရောက်တယ်လို့ ကျနော်ကတော့မြင်ပါတယ်။"

ဒီရက်ပိုင်း Eleven Media ဂျာနယ်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ဘဏ္ဍာရေးအသုံးစရိတ်နဲ့ပတ်သက်ပြီး ဝေဖန်တဲ့ ဆောင်းပါးတွေ ဆက်တိုက်ဖေါ်ပြခဲ့ပြီးတဲ့နောက် အခုလို သတင်းထောက်တွေကို ဖမ်းဆီးဖို့ လာရောက်ရှာဖွေတယ်ဆိုတဲ့ သတင်းထွက်လာတာပါ။ ဒါပေမဲ့ သတင်းထောက်တွေကို ဖမ်းဆီးဖို့ လာရှာတာဟာ ဒီတိုင်းအစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာ အသုံးစရိတ်ကိစ္စကြောင့် ဟုတ်၊ မဟုတ်ဆိုတာတော့ အခုအချိန်အတိ အတိအကျ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG