သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်သံတမန်များ ရခိုင်သွားရောက်လေ့လာ


ရခိုင်ပြည်နယ်အကြမ်းဖက်ပဋိပက္ခကြောင့် ဒုက္ခရောက်သူပေါင်း ၅သောင်း ၈ထောင်ကျော်ရှိပါတယ်။
ရခိုင်ပြည်နယ်အကြမ်းဖက်ပဋိပက္ခကြောင့် ဒုက္ခရောက်သူပေါင်း ၅သောင်း ၈ထောင်ကျော်ရှိပါတယ်။
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ပိုပြီးသိရှိနားလည်ဖို့နဲ့ ဘယ်လိုအကူအညီတွေ ပေးရမယ်ဆိုတာ သုံးသပ်ဖို့အတွက် ဗြိတိန်၊ အမေရိကန်နဲ့ Australia နိင်ငံတို့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ ရခိုင်ပြည်နယ်မှာ ရောက်ရှိနေပါတယ်။ ခရီးစဉ် ပထမနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာ ကျောက်ဖြူနဲ့ မြေပုံမြို့တွေဆီကို သွားရောက်ခဲ့ကြတယ်လို့ ဗြိတိန်သံရုံး ပြောခွင့်ရသူက ပြောပါတယ်။ ခုလို သံအမတ်ကြီးတွေရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အကြောင်း အသေးစိတ်ကို ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ အကူအညီနဲ့ ဗြိတိန်သံအမတ်ကြီး Andrew Heyn, အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ သြစတေးလျသံအမတ်ကြီး Ms. Bronte Moules တို့ဟာ ရခိုင်ပြည်နယ်မှာ ဒီကနေ့ ကြာသပတေးနေ့ကစလို့ ရောက်ရှိနေကြတာဖြစ်ပါတယ်။ ခုလို ရခိုင်ပြည်နယ်ကို သွားရတဲ့ အကြောင်းနဲ့ ပါတ်သက်လို့ စစ်တွေမှာရောက်နေတဲ့ ဗြိတိန်သံရုံးပြောခွင့်ရသူ Joe Fisher က VOA မြန်မာပိုင်းကို ခုလို ပြောပါတယ်။

ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်တုန်းက ထပ်ပြီး ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို လေ့လာသုံးသပ်ဖို့ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ထားတဲ့ နေရာတချို့ကို သွားရောက်ကြည့်နိုင်ဖို့နဲ့၊ အသိုင်းအဝိုင်း ၂ ခုလုံးက သူတွေနဲ့ တွေ့ဆုံစကားပြောပြီး လူသားချင်းစာနာမှုဆိုင်ရာ ဘယ်လို အကူအညီတွေ လိုအပ်သလည်း ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အခွင့်အရေးတခုလည်းဖြစ်ပါတယ်။ ဒါတင်မက နောက်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပါတ်သက်လို့ ပိုပြီးသိရှိ နားလည်နိုင်အောင် လည်း ဖြစ်ပါတယ်လို့ ပြော သွားတာဖြစ်ပါတယ်။

ဗြိတိန်သံအမတ်ကြီး Andrew Heyn အနေနဲ့လဲ အခြေအနေတွေကို ကိုယ်တိုင် မြင်တွေ့ သိရှိ နားလည်ချင်တာဖြစ်တယ် လို့ ပြောပါတယ်။ သံအမတ်ကြီး ၃ ယောက်ပါတဲ့အဖွဲ့ဟာ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့အတူ မကြာခင်က အကြမ်းဖက်မှုတွေ ထပ်ဖြစ်ခဲ့တဲ့ မြို့ တချို့ကို ကြာသပတေးနေ့မှာ သွားရောက်ကြည့်ခဲ့ပါတယ်။

“ရမ်းဗြဲးကျွန်းပေါ်မှာရှိတဲ့ ကျောက်ဖြူနဲ့ မြေပုံ မြို့ ၂ မြို့ကို ကျွန်တော်တို့ ဒီနေ့ သွားခဲ့ပါတယ်၊ မနက်ဖြန်ကျရင်လဲ နောက်ထပ် နေရာတွေကို သွားဦးမှာပါ” လို့ ပြောသွားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ ဘယ်တော့ ပြန်မလဲလို့ မေးတာကိုတော့ “မနက်ဖြန်မှာ ဘာတွေ မြင်ရ သိရမလဲ ဆိုတာကို ကြည့်ပါဦးမယ်၊ ဘယ်တော့ ပြန်မလဲဆိုတာကိုတော့ အတိ အကျ မပြောနိုင်သေးပါဘူး၊ ကျွန်တော်တို့ရဲ့ အစီအစဉ်က ပုံသေ သတ်မှတ်ထားတာမျိုး မဟုတ်ပါဘူး” လို့ ဗြိတိန်သံရုံးပြောခွင့်ရသူ Joe Fisher က ဖြေသွားပါတယ်။

အခုလို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနဲ့အတူ၊ အမေရိကန်၊ Australia နိုင်ငံတို့က သံအမတ်ကြီးတွေ ရခိုင်ပြည်အခြေအနေကို လေ့လာဖို့ ရောက်နေချိန်မှာပဲ ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေကြသူတွေအတွက် ဗြိတိန်အစိုးရက အကူအညီပေးသွားမဲ့ အစီအစဉ်တွေကိုလဲ ဒီကနေ့ ကြာသပတေးနေ့မှာပဲ အသိပေးကြေညာလိုက်ပါတယ်။ အကြမ်းဖက် ပဋိပက္ခတွေကြား ဒုက္ခရောက်နေကြသူပေါင်း ၅သောင်း ၈ ထောင်ကျော်အတွက် အရေးပေါ် လိုအပ်နေတဲ့ သောက်သုံးရေ၊ မိလ္လာသန့်ရှင်းမှု၊ ကလေးငယ်တွေအတွက် အစာအဟာရနဲ့ ကျန်းမာရေးဆိုင်ရာအကူအညီတွေ ပေးသွားမှာဖြစ်တယ်ဆိုတာကို ဗြိတိန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာဝန်ကြီးဌာန DFID က ကြေညာချက် ထုတ်ပြန်ပါတယ်။

လူသားချင်းစာနာမှုနဲ့ ပေးတဲ့ ဒီအကူအညီတွေကို ယုံကြည်စိတ်ချရတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကတဆင့် ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ထောက်ပံ့ ကူညီမှုတွေကို ဗြိတိန် တနိုင်ငံထဲက ဆောင်ရွက်နိုင်တာ မဟုတ်တဲ့အတွက် တခြား အလှုရှင်နိုင်ငံတွေကလဲ ဝိုင်ဝန်း ကူညီကြဖို့ DFID ဝန်ကြီး Justine Greening က ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။ ၆ လတာ ကာလအတွင်း ဗြိတိန် အစိုးရက ကူညီထောက်ပံ့မဲ့ စတာလင်ပေါင် ၂ သန်း ကို အကူအညီလိုအပ်နေသူမှန်သမျှကို မခွဲခြားဘဲ ပေးသွားမှာဖြစ်တယ် ဆိုတာကိုလဲ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn က အသိပေးထားပါတယ်။
XS
SM
MD
LG