သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

State of the Union အီဒီယံအသုံးအနှုန်းများ


State of the Union အီဒီယံအသုံးအနှုန်းများ
State of the Union အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ အမေရိကန်သမ္မတ ဘာရက် အိုဘားမား (Barack Obama) ဇန်နဝါရီလ ၂၆ ရက်နေ့က ပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်း (State of the Union Address) မှာ ထည့်သွင်းအသုံးပြုခဲ့တဲ့ အီဒီယံများအနက် တချို့ကို ကောက်နုတ် တင်ပြပေးပါမယ်။ သမ္မတ က အင်္ဂါနေ့မိန့်ခွန်းထဲမှာ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ ပြောကြားခဲ့တာကတော့ “We can restore an economy where everyone gets a fair shot, and everyone does their fair share, and everyone plays by the same set of rules.” ဖြစ်ပါတယ်။ ဒီ စကားပိုဒ်မှာ သမ္မတအနေနဲ့ အီဒီယံ (၃) ခု အသုံးပြုခဲ့တာကို တွေ့ရပါတယ်။ အီဒီယံတွေကတော့ a fair shot, fair share နဲ့ play by the rule တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ a fair shot ဖြစ်ပါတယ်။ A = တခု၊ တစုံတရာ။ Fair = မျှတသော နဲ့ Shot = (ဒီနေရာမှာ နာမ် - noun အဖြစ် အသုံးပြုထားတာဖြစ်ပြီး) ပစ်ခြင်း ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျှမျှတတရှိတဲ့ ပစ်ခွင့် ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ မျှတတဲ့ ပစ်ခွင့်လို့ ဆိုရာမှာ လူတဦးကို သူ့ရဲ့ ရပိုင်ခွင့်အရ လုပ်ခွင့်ပေးတာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာတော့ လူတဦး သူ့အရည်အချင်းအရ သူ့တနိုင်တပိုင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို လွတ်လွတ်လပ်လပ် အနှောင့်အသွားမရှိဘဲ ပြုလုပ်ခွင့်ပေးတာကို ဆိုလိုပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

John deserves a chance to proof himself. So, give him a fair shot.

John အနေနဲ့ သူ ဘယ်လောက် လုပ်နိုင်ကိုင်နိုင်စွမ်း ရှိတယ်ဆိုတာကို သက်သေပြဖို့ အခွင့်အရေး ရသင့်ပါတယ်။ ဒါကြောင့် သူ လုပ်ပြနိုင်ဖို့ အခွင့်အရေး ပေးလိုက်ပါ။

နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ သမ္မတ ပြောကြားခဲ့တဲ့ အီဒီယံအသုံး နောက်တခုကတော့ a fair share ဖြစ်ပါတယ်။ A = တခု၊ တကြိမ်။ Fair = မျှတသော။ Share = ကိုယ့်ဝေစု ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျှတသော ဝေစု ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ဒီ အသုံးဟာ ကိုယ့်ဝေစု ဆိုတော့ သူများတွေ ရသင့်သလို ကိုယ်ကလည်း ရသင့်ရထိုက်တဲ့ ဝေစုလို့ ဆိုလိုပါတယ်။ ဒါအပြင် ကိုယ့်ဖက်က ကိုယ့်တာဝန်အတိုင်း ကျရာတာဝန်ကို လုပ်ဆောင်ပေးရမှာကိုလည်း ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

If people want democracy, everyone should do his or her fair share.

လူတွေအနေနဲ့ ဒီမိုကရေစီ လိုချင်တယ်ဆိုရင် လူတိုင်းက ကိုယ်ကျရာ တာဝန်ကို လုပ်သင့်ကြပါတယ်။

နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ သမ္မတ ပြောကြားခဲ့တဲ့ အီဒီယံအသုံးတွေအနက် နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ play by the rules ဖြစ်ပါတယ်။ Play = သာမန်အားဖြင့် ကစားသည် ဖြစ်ပေမယ့် ဒီနေရာမှာ play ကြိယာကို by ဝိဘတ် (proposition) နဲ့ တွဲဖက်ပြီး play by က လိုက်နာသည် ကို ဆိုလိုပါတယ်။ The Rules = စည်းမျဉ်းစည်းကမ်းများ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စည်းမျဉ်းစည်းကမ်းတွေအရ လိုက်နာဆောင်ရွက်သည် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း အလားတူလို့ ဆိုနိုင်ပါတယ်။ အားကစားပြိုင်ပွဲမှာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရသလို၊ လူတွေအနေနဲ့လည်း နေ့စဉ်ဘဝမှာ လူတို့ သာမန်စောင့်ထိန်းရတဲ့ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်း သတ်မှတ်ချက် ဥပဒေအရ လိုက်နာနေထိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

My father taught us to play by the rules. So, all of us are very thankful for his wise words.

ကျနော့်အဖေက ကျနော်တို့အားလုံးကို အမြဲ ကျင့်ဝတ်သိက္ခာနဲ့အညီ လိုက်နာနေထိုင်ဖို့ ဆုံးမခဲ့တယ်လေ။ ဒီလို သူ့ရဲ့ အမျှော်အမြင် ရှိလှတဲ့စကားတွေကြောင့် ကျနော်တို့အားလုံး အဖေကို သိပ်ကျေးဇူးတင်ကြတယ်။

XS
SM
MD
LG