သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်မြှောက်အရှုံးပေးခြင်း အီဒီယံ စကားလုံးများ


یہاں منعقد ہونے والا فیشن ویک نا صرف مقامی بلکہ کئی غیر ملکیوں کی بھی خاص توجہ کا مرکز ہوتا ہے۔
یہاں منعقد ہونے والا فیشن ویک نا صرف مقامی بلکہ کئی غیر ملکیوں کی بھی خاص توجہ کا مرکز ہوتا ہے۔

ဒီနှစ် နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သမ္မတရွေးကောက်ပွဲကို ဦးတည်ပြီး လက်ရှိ ရီပတ်ဘလင်ကန်ပါတီ (Republican Party) က သမ္မတကိုယ်စားလှယ်လောင်း ပဏာမ ရွေးကောက်ပွဲတွေကို တဆင့်ပြီးတဆင့် ကျင်းပခဲ့ရာမှာ ကိုယ်စားလှယ်လောင်းဖြစ်ဖို့ ကြိုးစားခဲ့ကြသူတချို့လည်း လက်မြှောက်အရှုံးပေးခဲပြီး ယှဉ်ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ကြပါပြီ။ ဒါကြောင့်လည်း လက်မြှောက်အရှုံးပေးတဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ final curtain call, throw in the towel နဲ့ the last hurrah စတဲ့ အီဒီယံအသုံးအနှုန်းများကို ဒီတပတ် တင်ပြပေးသွားပါမည်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ final curtain call ဖြစ်ပါတယ်။ Final = နောက်ဆုံး, Curtain = ကန့်လန့်ကာ (ခန်းဆီး) , Call = ခေါ်သည်။ ဒီနေရာမှာ curtain call က ကန့်လန့်ကာ ကျလာသည် လို့ အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နောက်ဆုံး ကန့်လန့်ကာ ကျလာသည် ဖြစ်ပါတယ်။ ဖျော်ဖြေပွဲတွေမှာ ကန့်လန့်ကာ ကျလာပြီဆိုရင် အနုပညာသမားကို ပွဲကြည့်ပရိသတ်က သြဘာပေးချင်တဲ့အခါ အနုပညာသမားက ကန့်လန့်ကာရှေ့မှာ ထွက်ပြီးတော့ ပရိသတ်ရဲ့ သြဘာကို ခံယူလေ့ရှိပါတယ်။ အဲဒါကို curtain call လို့ ခေါ်ပါတယ်။ ဒီနေရာမှာ final curtain call ဆိုတာကတော့ သူ့အတွက်ကတော့ နောက်ဆုံး ပရိသတ်နဲ့ နူတ်ဆက်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ အီဒီယံအသုံးကတော့ ရှင်းပါတယ်။ နေ့စဉ်ဘဝမှာ လူတဦးရဲ့ ကြိုးပမ်းလုပ်ဆောင်မှု၊ စွမ်းဆောင်မှုက အဆုံးသတ်သွားပြီဆိုရင် သူ့အတွက်ကတော့ the final curtain call လို့ ရည်ညွန်းပြောတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာစကားမှာတော့ ပွဲပြီးလို့ ဖျာလိပ်တဲ့သဘော ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

This election will be the final curtain call for our Mayor. His approval rating has gone down sharply because of his corruption scandal.

ဒီရွေးကောက်ပွဲကတော့ ကျနော်တို့ မြို့တော်ဝန်အတွက် ပွဲပြီးမယ့် အခြေအနေပါ။ သူ့ရဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် သူ့အပေါ် လူထုရဲ့ ထောက်ခံမှုနှုန်းက သိသိသာသာကြီး ကျဆင်းသွားခဲ့တယ်။

နောက်ထပ် တင်ပြပေးမယ့် အီဒီယံစကားလုံးမှာ throw in the towel ဖြစ်ပါတယ်။ Throw = ပစ်သည်။ In = အတွင်းဘက်သို့။ Throw in = အတွင်းဘက်ကို ပစ်သွင်းလိုက်သည်။ the Towel = မျက်နှာသုတ်ပဝါ ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျက်နှာသုတ်ပဝါကို အတွင်းဘက်သို့ ပစ်သွင်းလိုက်သည် ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကို မရှင်းပြခင် ဒီ အသုံးဟာ အားကစားကဏ္ဍဖြစ်တဲ့ လက်ဝှေ့ပွဲက ဆင်းသက်လာတယ်ဆိုတာကို ရှင်းပြလိုပါတယ်။ လက်ဝှေ့ထိုးရာမှာ ချွေးသုတ်ဖို့ မျက်နှာသုတ်ပဝါတွေကို လက်ဝှေ့သမားတွေက ပခုံးပေါ်မှာတင်ပြီး ချွေးသုတ်ကြတာကို တွေ့ဘူးကြပါလိမ့်မယ်။ လက်ဝှေ့သမားတဦးအနေနဲ့ ဒီပြိုင်ပွဲကို ဆက်မထိုးနိုင်တော့ဘူးဆိုတဲ့ အရိပ်လက္ခဏာကို ပြချင်တယ်ဆိုရင် လက်ဝှေ့ကြိုးဝိုင်းတွင်းကို သူ့ မျက်နှာသုတ်ပဝါကို ပစ်ချလိုက်ခြင်းအားဖြင့် ပြသနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီ အလေ့အထကနေ နေ့စဉ်ဘဝမှာလည်း throw into the towel ကို သုံးရာမှာ တခုခုလုပ်ကိုင်နေတာကို ဆက်မလုပ်နိုင်တော့ဘူး။ လက်မြှောက်အရှုံးပေးလိုက်သည်။

ကျမတို့ မြန်မာဘန်းစကားမှာတော့ ဆလံပေးလိုက်ပြီဆိုရင် ဒီ အီဒီယံကို သုံးစွဲနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

The politician threw in the towel before the election. He said he is short of campaign funds.

ရွေးကောက်ပွဲမတိုင်ခင်မှာပဲ အဲဒီ နိုင်ငံရေးသမားက လက်မြှောက်အရှုံးပေးသွားခဲ့ပြီ။ သူ့ရွေးကောက်ပွဲ မဲဆွယ်ရန်ပုံငွေ နည်းတယ်လို့ ပြောဆိုတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ the last hurrah ဖြစ်ပါတယ်။ the Last = နောက်ဆုံး၊ Hurrah = လက်ခုပ်သြဘာ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နောက်ဆုံးလက်ခုပ်သြဘာ ဖြစ်ပါတယ်။ ဒီ အသုံးကတော့ အနုပညာမှာဖြစ်ဖြစ်၊ နိုင်ငံရေးမှာဖြစ်ဖြစ် ဘယ်ကဏ္ဍမှာဖြစ်ဖြစ် တောက်လျှောက် ပွဲထိန်းလာသူ၊ အောင်မြင်လာသူတဦးက အနားယူတော့မယ့် အချိန်ကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ ဥပမာ အမေရိကန် သမ္မတဆိုရင်လည်း သမ္မတသက်တမ်း နှစ်ကြိမ်၊ တနည်းအားဖြင့် ရှစ်နှစ် ဆိုတော့ သမ္မတတဦးအတွက် အဲဒီ သမ္မတသက်တမ်း နောက်ဆုံးနှစ်ဟာ သူ့အတွက် နောက်ဆုံးသြဘာနှစ် ဖြစ်ပါတယ်။ အလားတူပဲ CNN က ရုပ်သံလွှင့် နံမည်ကြီး တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ဖြစ်တဲ့ Larry King Live အစီအစဉ်မှာလည်း Larry King ဟာ ၁၉၈၅ ခုနှစ်ကစလို့ ၂၀၁၀ ခုနှစ်အထိ သူအသက် ၇၆ နှစ်အထိ ၂၅ နှစ်တိုင်း ဒီ အစီအစဉ်မှာ ပင်တိုင်အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သူ့အတွက် နောက်ဆုံး အစီအစဉ်နဲ့ ပတ်သက်လို့ သူ ဘယ်လိုပြောသွားသလဲဆိုတာကို George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

Larry King’s last hurrah was aired December 16th, 2010. He shared his last thoughts and thanked the audiences for supporting him over the years.

Larry King ရဲ့ နောက်ဆုံး နှုတ်ဆက်ပွဲ အစီအစဉ်ကို ၂၀၁၀ ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြသသွားခဲ့တယ်။ သူက အဲဒီမှာ သူ့ရဲ့ နောက်ဆုံး အတွေးတွေကို မျှဝေသွားခဲ့သလို၊ နှစ်ပေါင်းများစွာ သူကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားတွေ ပြောခဲ့တယ်။

XS
SM
MD
LG