သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Black & White စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Black sheep, Black eye, White lie နဲ့ Whitewash အီဒီယံ အသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

White ဆိုတဲ့အဖြူဟာ သန့်စင်မှု၊ မွန်မြတ်မှုဆိုတဲ့ သဘောကိုဆောင်ပြီး၊ Black ဆိုတဲ့အမည်းကတော့ မကောင်းမှု၊ အမင်္ဂလာ သဘောဆောင်တယ်လို့ အစဉ်အလာအားဖြင့် ယူဆခဲ့ကြတာ ဖြစ်ပါတယ်။

Black sheep

Black (အမည်းရောင်) Sheep (သိုး) ဆိုတော့ လုံးကောက်အဓိပ္ပါယ်က သိုးအမည်းရောင် ဖြစ်ပါတယ်။ အီဒီယံ အသုံးအနှုန်းကတော့ အသုံးမကျတဲ့လူ၊ မျက်နှာအိုးမည်း သုတ်တဲ့လူ၊ အရှက်ခွဲတဲ့လူကိုဆိုလိုပါတယ်။ အထူးသဖြင့် ဆွေမျိုးဂုဏ်၊ မိဘမောင်နှမ အသိုင်းအဝိုင်းဂုဏ်ကို ပျက်စေသူကို ရည်ညွှန်းပြောဆိုတာပါတယ်။ ဒီအသုံးအနှုန်းက sheep ဆိုတဲ့ အဖြူရောင်ရှိတဲ့ သိုးတွေကြားမှာ အမည်းရောင် တစ်ကောင်ပါနေတယ်ဆိုရင် အဖြူရောင်သိုးအုပ်ရဲ့ အလှကို အစွန်းထင်စေတဲ့ အမည်းစက် သဘောဖြစ်ပါတယ်။

ဥပမာ
Uncle Joe is the black sheep in the family. Instead of getting a job, all he does is drink too much, gamble away any money he gets and chase after women.

ဦးလေး Joe ဟာ မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့လူပါပဲဗျာ။ အလုပ်ရှာမဲ့အစား အရက်ဖိသောက်၊ ရသမျှ ပိုက်ဆံကို လောင်းကစားပစ်တဲ့အပြင်၊ မိန်းမလည်းရှုပ်သေးတယ်။

Black eye

Black (အမည်းရောင်) Eye (မျက်လုံး) ဆိုတော့ အမည်းရောင်မျက်လုံးလို့ လုံးကောက် ဘာသာပြန်နိုင်ပါတယ်။ အချင်းချင်း ထိုးကြိတ်ကြလို့ဖြစ်စေ၊ မတော်တဆ ထိခိုက်မိလို့ဖြစ်စေ မျက်ကွင်းညိုသွားတဲ့သဘော ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ လူ့အဖွဲ့အစည်းတရပ်ကို ဂုဏ်သိက္ခာပျက်စေတာ၊ အရှက်တရားရစေတဲ့ သဘောဆောင်ပါတယ်။ မြန်မာမှာ အမည်းစက်ထင်စေတယ်၊ အစွန်းထင်စေတယ် ဆိုတဲ့ အသုံးအနှုန်းရှိပါတယ်။

ဥပမာ
When the newspaper found out the highway commissioner was taking bribes from paving contractors, it gave a black eye to the whole city government.

အဝေးပြေးလမ်းမ ဖောက်လုပ်ရေးဌာနမင်းကြီးက လမ်းခင်းကန်ထရိုက်တာ (contractor) တွေဆီက လာဘ်စားတဲ့အကြောင်းကို သတင်းစာက သိသွားတော့ မြို့တော်အုပ်ချုပ်ရေးပိုင်းတခုလုံး အမည်းစက်ထင် သွားစေခဲ့တယ်။

White lie

White (အဖြူရောင်) Lie (လိမ်လည်တာ၊ မုသာဝါဒ) ဆိုတော့ အဖြူရောင် မုသာဝါဒ၊ လိမ်လည်မှုလို့ တိုက်ရိုက်ဘာသာ ပြန်နိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်မှာတော့ မုသာဝါဒ စကားကတော့ မှန်ပါရဲ့ ဒါပေမဲ့ တဖက်လူ စိတ်မကောင်းမဖြစ်စေချင်လို့ သွယ်ဝိုက်ပြီး ကြည့်ပြောလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။ မြန်မာမှာ မုသားမပါ လင်္ကာမချောဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။

ဥပမာ
I told a white lie when I told Jenny her boyfriend was good-looking. The truth is he’s just about the ugliest man I have ever seen.

Jenny ရီးစား ကောင်ကလေးဟာ လူချောကလေးပါဘဲလို့ ကျနော် Jenny ကိုပြောလိုက်တာ မုသားမပါ လင်္ကာမချော ပြောလိုက်တဲ့သဘောပါ။ တကယ့်တော့ ဒီကောင်ကလေးဟာ ကျနော်တွေ့ဘူးတဲ့ လူတွေထဲမှာ ရုပ်အဆိုးဆုံး လူတယောက်ဖြစ်တယ်။

Whitewash

White က သာမန်အားဖြင့်တော့ မင်္ဂလာသတင်းဆောင်ပေမဲ့ ဒီနေရာမှာတော့ အပြုသဘော မဆောင်ပါဘူး။ White (အဖြူ) Wash(လျှော်ဖွတ်၊ဆေးကြောသည်) ဆိုတော့ အဖြူရောင်လျှော်ဖွတ်ခြင်း လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ ပေနေတဲ့နံရံ၊ ရေညှိတက်နေတဲ့နံရံကို လူမြင်သူမြင်ကောင်းအောင် အပေါ်ယံတလွှာထုံးသုတ်တဲ့သဘောမျိုး၊ မြန်မာမှာတော့ကြည့်ကောင်းရအောင်မျက်နှာသနပ်ခါးလိမ်းတဲ့ သဘောမျိုးဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အမှားတွေ၊ အပြစ်တွေမပေါ်ရလေအောင် ဖျောက်ဖျက်တဲ့သဘောမျိုး၊ ဖုံးဖိတဲ့သဘောမျိုး ဖြစ်ပါတယ်။

ဥပမာ
The official report on the train accident was nothing but a whitewash. They didn't try to find out who was to blame.

ရထားတိုက်မှုနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ တကယ်တော့ ဟန်ပြအစီရင်ခံစာသာ ဖြစ်ပါတယ်။ ဘယ်သူ့မှာ အပြစ်ရှိတယ်ဆိုတာကို ဖော်ထုတ်ဖို့ ကြိုးပမ်းလုပ်ဆောင်ခြင်း မရှိဘူး။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ အဖြူ နဲ့ အမည်း Idioms အသုံးတွေက Black sheep, Black eye, White lie နဲ့ Whitewash တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG