သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Diplomacy ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


Diplomacy ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ
Diplomacy ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

ဒီသီတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ နိုင်ငံရေးဆိုင်ရာ စကားလုံးဝေါဟာရများကို အခြေခံတဲ့ gunboat diplomacy, megaphone diplomacy နဲ့ pork barrel politics အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ gunboat diplomacy ဖြစ်ပါတယ်။ Gunboat = တိုက်ရေယာဉ်၊ Diplomacy = သံတမန်ရေး တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တိုက်ရေယာဉ် သံတမန်ရေး ဖြစ်ပြီး သွယ်ဝိုက်အီဒီယံအဓိပ္ပါယ်က နိုင်ငံတနိုင်ငံက gunboat diplomacy သုံးရင် အဲဒီနိုင်ငံက သူလိုချင်တာကို ပေးရင်ပေး၊ လိုက်နာရင်လိုက်နာ။ ဒါမှမဟုတ်ရင် စစ်ရေးအရ အရေးယူ မယ်လို့ ခြိမ်းခြောက်တာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးဆင်းသက်လာကတော့ ကိုလိုနီ (colony) နယ်ချဲ့ခေတ်က ဥရောပနိုင်ငံကြီးတွေကနေ တခြား တိုက်တွေမှာရှိတဲ့ နိုင်ငံတွေကို သွားနယ်ချဲ့ရာမှာ ထိုစဉ်က ရေကြောင်းလမ်းကနေ နယ်ချဲ့တဲ့အတွက်ကြောင့် လည်း နယ်ချဲ့ခံရတဲ့ နိုင်ငံတွေကနေ ကုန်သွယ်ရေးနဲ့ တခြား အခွင့်အရေးတွေကို သူတို့က တောင်းကြတယ်။ မပေးရင်တော့ ပစ်မယ် ခတ်မယ်နဲ့ ခြိမ်းခြောက်ကြတယ်ဆိုတဲ့ ဖြစ်ရပ်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

The China Daily accused the US engaging in a gunboat diplomacy when an aircraft carrier was sent to Yellow Sea to carry out the US – Korea joint military drills.

အမေရိကန်နဲ့ (တောင်) ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ လေယာဉ်တင် စစ်သင်္ဘောကြီးကို ပင်လယ်ဝါ ကို စေလွှတ်လိုက်တဲ့အခါမှာ အမေရိကန်ပြည်ထောင်စုဟာ စစ်အင်အားပြပြီး ခြိမ်းခြောက်တယ်လို့ တရုတ်နေ့စဉ်သတင်းစာ က စွပ်စွဲပြောဆိုတယ်။

ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ megaphone diplomacy ဖြစ်ပါတယ်။ Megaphone = အော်လန် (လက်နဲ့ကိုင်ပြီး ပြောရတဲ့ အသံချဲ့စက်တမျိုး)၊ Diplomacy သံတမန်ရေး တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အော်လန်သုံးတဲ့ သံတမန်ရေး (သို့) အသံချဲ့စက် သံတမန်ရေး ဖြစ်ပါတယ်။ တနိုင်ငံနဲ့တနိုင်ငံ၊ အုပ်စုတစုနဲ့ကြား ဆွေးနွေးညှိနှိုင်းရာမှာ သတင်းထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေပဲ ထုတ်ပြီးတော့ ကိုယ့်ဘက်ကရပ်တည်ချက်၊ ကိုယ့်သဘောထားကို သိစေပြီး လက်ခံ လာအောင်၊ နားယောင်လာအောင် လုပ်တဲ့ ဆက်ဆံရေးမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးဆင်းသက်လာတဲ့ ယူဆချက်တခုကတော့ ရှေ့က ဗြိတိသျှရေနံ ရှာဖွေရေးသမားတွေက တောင် အမေရိတိုက် အမေဇုန်သစ်တောမှာ ရေနံသွားတူးရာကနေ အုပ်စုတစုနဲ့ တစုကြား အခြေအနေ လှမ်းပြောတဲ့ အခါမှာ အော်လန်တွေကို အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒေသခံ လူရိုင်းတွေရဲ့ စကားကိုလည်း သူတို့က နားမလည်း၊ ဒေသခံတွေကလည်း သူတို့ရဲ့ စကားတွေက နားမလည်းတာကြောင့် အခုလို အော်လန်နဲ့ တဦးနဲ့တဦး အော်ပြောတဲ့အခါမှာ ဒေသခံလူတွေကလည်း ကြားနေကြဆိုတော့ နားယဉ်လာတဲ့သဘောမျိုး ဖြစ်ပါတယ်။ အဲဒီကတဆင့် အခုခေတ် သံတမန်ရေးမှာ အသုံးပြုလာတာ ဖြစ်ပါတယ်။ တဘက်နဲ့တဘက် ကြေညာချက်တွေထုတ်၊ သဘောထားတွေထုတ်ပြန်ခြင်းအားဖြင့် ကြားနေကြဖြစ်လာတော့ နားယောင် လာအောင်၊ လက်ခံလာအောင် ရည်ရွယ်ပြီးပြုလုပ်တာ ဖြစ်ပါတယ်။ ဒီလို သံတမန် ဆက်ဆံရေး ကတော့ အများအားဖြင့် အလုပ်မဖြစ်တာတွေ့ရပါတယ်။ ဘယ်လောက်ပဲပြောပြော အပြောသက်သက်နဲ့ဆိုရင် သိပ်ဂရုမစိုက်ကြတာလည်း အများအသိဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

If we are to achieve peace in this region, it’s not going to work through megaphone diplomacy.

အဲဒီဒေသမှာ ငြိမ်းချမ်းရေးရဖို့ ကျနော်တို့ကြိုးစားကြမယ်ဆိုရင် ကြေညာချက်တွေထုတ်၊ သဘောထားတွေထုတ်ပြန်ရုံနဲ့ အလုပ်မဖြစ်နိုင်ဘူး။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ pork barrel politics ဖြစ်ပါတယ်။ Pork = ဝက်သား၊ Barrel = စည်ပိုင်း၊ Politics = နိုင်ငံရေး တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဝက်သား စည်ပိုင်း နိုင်ငံရေး ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းက နည်းနည်းလေး ဆန်းတဲ့အတွက်ကြောင့်လည်း သူ့နောက်ကြောင်းကို ရှင်းပြပါမယ်။

အမေရိကန် ပြည်တွင်းစစ်မတိုင်မီက လူမည်းကျေးကျွန်တွေကို အသုံးပြုခဲ့တဲ့ခေတ်က လူဖြူသခင်တွေအနေနဲ့ လူမဲကျေးကျွန်တွေကို ဆုချချင်ရင် ဆီပိုင်းထဲနှပ်ထားတဲ့ ဝက်သားတွေ ဆုချလေ့ ရှိကြတယ်။ ဆိုလိုတာက သခင် သဘောကျတဲ့လူ၊ သူ့စီးပွားရေးကို အကျိုးပြုတဲ့ ကျေးကျွန်တွေကို သခင်က ဆုချတဲ့သဘော ဖြစ်ပါတယ်။ နောက်ပိုင်းကာလ ရွေ့လျားလာတဲ့အခါမှာလည်း နိုင်ငံရေးလောကမှာ ဒီအသုံးကို ရည်ညွှန်း သုံးလာတာကတော့ ပြည်သူ့ဘဏ္ဍာငွေတွေကို ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမယ်ဆိုရင် အများအကျိုးထက် သူ့အကျိုးရှိမယ့်နေရာ လမ်းပြင်၊ တံတားပြင် လုပ်ရင်လည်း သူကိုထောက်ခံတဲ့လူတွေ၊ သူကို မဲပေးသူတွေ နေတဲ့ရပ်ကွက်တွေကို ဦးစားပေးလုပ်ပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

Pork barrel politics ဟာ နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိတွေ၊ လွှတ်တော်အမတ်တွေက ပြည်သူ့ ဘဏ္ဍာငွေကို ရင်းနှီးမြုပ်နှံရာမှာ ကိုယ့်ကိုမဲပေးတဲ့လူစု၊ မဲဆန္ဒရှင်တွေအတွက်ပဲ အကျိုးပြု ရည်ရွယ် အသုံးပြုတာ ဖြစ်ပါတယ်။ ဥပမာ ရပ်ကွက်တခုမှာ လမ်းတွေမှာ ချိုင့်ကွက်တွေရှိနေမယ်ဆိုရင် ပြည်သူ့ဘဏ္ဍာငွေကို သုံးပြီး လမ်းကိုပြုပြင်မယ်ဆိုရင် ကိုယ့်ကိုထောက်ခံတဲ့လူတွေ နေတဲ့ရပ်ကွက်ကိုပဲ ဦးစားပေးပြုပြင်ခြင်း ဖြစ်တယ်။

Pork barrel ကို အများအားဖြင့် Adjective နာမဝိသေသန အဖြစ် အသုံးများပြီး politics နဲ့တွဲကာ pork barrel politics လို့ သုံးလေ့ရှိပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ကိုယ့်အကျိုးအတွက် ပြည်သူ့ဘဏ္ဍာငွေကို အသုံးပြုခြင်း ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

Congressman Smith has been criticized for practicing pork barrel politics. He has proposed projects that will benefit his voters only.

အောက်လွှတ်တော်အမတ် Smith ဟာ သူကိုအကျိုးပြုမယ့် နိုင်ငံရေးပေါ်လစီကို အသုံးပြုတယ်လို့ ဝေဖန်ခံရတယ်။ သူအဆိုပြုခဲ့တဲ့ စီမံကိန်းတွေကလည်း သူ့မဲဆန္ဒရှင်တွေသက်သက်အတွက်ပဲ ဖြစ်နေတယ်။

XS
SM
MD
LG