သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kick စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ kick the bucket, kick the can down the road, kick up a fuss နဲ့ kick upstairs တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ kick the bucket ဖြစ်ပါတယ်။ Kick = ကန်သည်, Bucket = ရေပုံး ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရေပုံးကိုကန်သည် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ အသက်ထွက်သည် ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ အများပြောဆိုကြတာကတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံလူဟာ သံပုံးပေါ်တက်၊ နောက် အပေါ်တန်းမှာ တွဲကျနေတဲ့ ကြိုးကွင်းကို လည်ပင်များစွပ်၊ ပြီးတော့ သံပုံးကို ခြေထောက်နဲ့ ကန်လိုက်တယ်ဆိုရင် ခြေထောက်လွတ်သွားပြီး ကြိုးကွင်းက လည်ပင်မှာတင်းပြီး အသက်ထွက်ရတဲ့ အခြေအနေကို ဆိုလိုပါတယ်။

ဒီအကြောင်းအပြင် နောက်ခံနောက်တမျိုးလည်း ရှိပါသေးတယ်။ အဲဒါကတော့ ရှေးတုန်းက အသားအတွက် ဝက်တွေကို မပေါ်ခင် bucket ဆိုတဲ့ တုတ်တန်းမှာ ချည်စွဲထားရကနေ ဒီအသုံးဆင်းသက်လာတယ်လို့ ဆိုပါတယ်။ တနည်းတော့ ဝက်တွေကို သတ်ဖို့၊ ဝက်သားပေါ်ဖို့အတွက် အဆင်သင့်တုတ်မှာ ချည်ထားတာမို့ ဝက်အတွက် kick the bucket ဆိုရင် သေမင်းခံတွင်း ရောက်တဲ့သဘော ဖြစ်ပါတယ်။

ဥပမာ

The old man kicked the bucket last night after suffering from a lung cancer for a few months.

အဖိုးကြီး အဆုပ်ကင်ဆာရောဂါ လအနည်းငယ်ဖြစ်ပြီး မနေ့ညကပဲ ဆုံးသွားခဲ့တယ်။

ဒုတိယတင်ပြပေးမယ့် အသုံးအနှုန်းမှာ kick the can down the road ဖြစ်ပါတယ်။ Kick =ကန်သည်။ the Can = နို့ဆီခွက်၊ သံဘူးခွံ။ Down = အောက်ဖက်။ the Road = လမ်း တို့ ဖြစ်ကြပြီး သံဘူးခွံကို လမ်းဖက်အောက် ကန်ချလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးဟာ ခလေးတွေ လမ်းပေါ်မှာ ကစားတဲ့ kick the can သံဘူးကို ကန်တမ်းကစားရာမှ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အဲဒီ ကစားနည်းကတော့ အဲဒီထဲမှာပါတဲ့ ခလေးတဦးကနေ တခြားခလေးတဦး ကန်လိုက်တဲ့ သံဘူးခွံကို လိုက်ကောက်ရတာဖြစ်ပါတယ်။ ဘူးကောက်ပြီးမှ တခြားခလေးတွေကို လိုက်ဖမ်းရတဲ့ ကစားနည်းပါ။ ဒါကြောင့် ဘူးခွံကို ဝေးဝေးကန်နိုင်လေ တခြားခလေးတွေအတွက် ဝေးဝေးပြေးနိုင်တဲ့အချိန် ရပါတယ်။ ဒါကြောင့် အီဒီယံအသုံးကတော့ အချိန်ဆွဲတာ၊ အချိန်ပိုရအောင် တခုခုကို အချိန်ဆွဲလုပ်တာကို ဆိုလိုပါတယ်။

နိုင်ငံရေးလောကမှာတော့ အခုတလော မကြာခဏ သုံးလေ့ရှိပါတယ်။ တခုခုကို အကောင်အထည်ဖော်ဖို့ ဟိုဟာအကြောင်းပြ၊ ဒီဟာအကြောင်းပြပြီး အချိန်ဆွဲတာကို ပြောဆိုတာဖြစ်ပါတယ်။

ဥပမာ

Although the government promises reforms, it’s kicking the can down the road. So, people are getting upset.

ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်ဖို့ ကတိပေးထားတဲ့ အစိုးရအနေနဲ့ ဘာမှထိထိရောက်ရောက် မလုပ်ပေးဘဲ အချိန်ဆွဲနေတော့ လူတွေလည်း စိတ်မရှည်ကြတော့ဘူး။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ kick up a fuss ဖြစ်ပါတယ်။ Kick = ကန်သည်၊ Up = အပေါ် à kick up အပေါ်ကိုကန်သည်။ တနည်းတခုခုကို ဖြစ်စေတာ ဖြစ်ပါတယ်။ ဥပမာ - ဖုန်ကို ကန်လိုက်မယ်ဆိုရင် ဖုန်ထလာတဲ့သဘောမျိုး ဖြစ်ပါတယ်။ Fuss = ပျာယာခတ်ခြင်း၊ ဇီဇာကြောင်ခြင်း။ ရေးကြီးခွင်ကျယ်လုပ်ခြင်း တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပျာယာခတ်အောင်လုပ်တာ၊ ချေးများစေတာကို ဆိုလိုပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ ကျမတို့မြန်မာမှာ ပြောလေ့ရှိတာ ပူညံပူညံလုပ်တဲ့သဘောမျိုး၊ စိတ်တိုလို့ ဂျီတိုက်တဲ့သဘောမျိုးကို ဆိုလိုပါတယ်။

ဥပမာ

The music from the other room was so loud we all kick up a fuss and told the person to stop it.

ဟိုဖက်ခန်းက သီချင်းသံက သိပ်ကိုကျယ်လွန်တော့ ကျနော်တို့အားလုံး ဝိုင်းပြီးပူညံပူညံ လုပ်ကြတော့တယ်။ အဲဒီလူကိုလည်း သီချင်းပိတ်လိုက်ဖို့ ပြောခဲ့တယ်။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ kick upstairs ဖြစ်ပါတယ်။ Kick = ကန်သည်၊ Upstairs = အပေါ်ထပ် ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အပေါ်ထပ်ကို ကန်ထည့်လိုက်သည် ဖြစ်ပါတယ်။ အီဒီယံအသုံးကလည်း ရှင်းပါတယ်။ လူတဦးကို တကယ်ပဲ အပေါ်ရောက်အောင် ပိုလိုက်တယ်။ ဒါပေမဲ့လို့ ကန်ပြီးပို့လိုက်တယ့်သဘောဆိုရင် ရာထူးကတော့ လက်ရှိရာထူးထက်ကြီးပေမယ့်၊ လစာလည်း ပို့ရပေမယ့် အာဏာသိပ်မရှိတော့တဲ့ ရာထူးမျိုး၊ သူ့အကြိုက်မဟုတ်တဲ့ ရာထူးမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာစကားမှာတော့ ရာထူးကြီးကြီးပေးပြီး ချောင်ထိုးခံရတဲ့သဘောမျိုး ဖြစ်ပါတယ်။

ဥပမာ

The director was kicked upstairs and promoted as a board member. So, he was so disappointed.

ညွှန်ကြားရေးမှူးကို ဘုတ်အဖွဲ့ဝင်အဖြစ် ရာထူးတိုးပေးပြီး ချောင်ထိုးလိုက်တယ်။ သူကတော့ တော်တော်လေး စိတ်ပျက်နေခဲ့တယ်။

XS
SM
MD
LG