သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Moon စကားလုံဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ လမင်း (moon) အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Reach for the moon, Over the moon, Hung the moon, Once in a blue moon နဲ့ Moonlighting တို့ကို တင်ပြထားပါတယ်။

Reach for the moon

Reach (မှီအောင်လက်လှမ်းသည်)၊ For (အတွက်)၊ the Moon (လမင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လမင်းကြီးကို လှမ်းသည် ဖြစ်ပါတယ်။ ဒီနေရာမှာ moon အစား stars (ကြယ်တွေ) အဓိပ္ပါယ်ရတဲ့ ဝေါဟာရကိုထည့်ပြီးတော့ reach for the stars လို့လည်း ပြောဆိုနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ လကို လက်လှမ်းမှီအောင် ကြိုးစားတယ်ဆိုရင် လက်တွေ့မှာ မဖြစ်နိုင်တာမို့ အီဒီယံအဓိပ္ပါယ်က သိပ်ကိုခက်ခဲလှတဲ့ မဖြစ်နိုင်လောက်တဲ့ ကြိုးပမ်းမှုကို ပြုလုပ်တာကို ဆိုလိုပါတယ်။

ဥပမာ

There is no harm in reaching for the moon, but you have to be prepared to face disappointment.

မဖြစ်နိုင်တာကို မျှော်မှန်းဖို့ ကြိုးပမ်းတာက ပြဿနာ မရှိပါဘူး။ ဒါပေမဲ့လို့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်ဖို့အတွက်တော့ အဆင်သင့်ဖြစ်ဖို့ လိုတယ်။

Over the moon

Over (ကျော်လွှာသည်)၊ the Moon (လမင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လမင်းကြီးကို ကျော်လွှာသည် ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က တင်စားပြောထားတယ်လို့ ဆိုရမှာပါ။ လူတဦးရဲ့ စိတ်ဟာ သိပ်ကိုပေါ့ပါးပြီးတော့ မိုးကောင်ကင်ပေါ် တက်သွားတယ်ဆိုတဲ့ သဘောမျိုးဆိုရင် တခုခုနဲ့ ပတ်သက်လို့ သိပ်ကို စိတ်ပေါ့ပါးတာ၊ ရွှင်ပြတာ၊ ဝမ်းသာမဆုံး ဖြစ်တာကို ဆိုလိုတာဖြစ်ပါတယ်။

ဥပမာ

John is over the moon these days. He got a well-paying job and is soon getting married to the girl he loves.

John တယောက် အခုတလော ပျော်မဆုံး ဖြစ်နေတယ်။ လခကောင်းတဲ့ အလုပ်လည်း သူရထားသလို၊ သူချစ်တဲ့ မိန်းခလေးနဲ့လည်း မကြာမီ လက်ထပ်တော့မယ်။

Hung the moon

Hung က Hang ဝေါဟာရက ဆင်းသက်လာပြီး verb - ကြိယာအဖြစ် အသုံးပြုထားရမှာ ချိတ်ဆွဲတယ်လို့ အဓိပ္ပါယ်ရပါတယ်။ the Moon (လမင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လမင်းကြီး ချိတ်တယ် ဖြစ်ပါတယ်။ လမင်းကြီးကိုတောင် သွားချိတ်နိုင်စွမ်း ရှိတယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ သိပ်ကိုအထင်ကြီးခံရတာ၊ သိပ်တော်တယ်၊ သိပ်တတ်တယ်လို့ ယူဆခံရတာ။ တနည်းအားဖြင့် ခြောက်ပြစ်ကင်း သဲလဲစင်လို့ ယူဆခံရတဲ့ လူမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ခေတ်စကားအရတော့ superstar ဖြစ်ပါတယ်။

ဥပမာ

When I first met Mary, I thought she hung the moon and I instantly fell in love with her.

ကျနော် Mary နဲ့ စတွေ့ချိန်က သူကို အပြတ်အထင်ကြီးတာ။ ဒါကြောင့်လည်း ကျနော် သူ့ကိုမြင်မြင်ချင်းပဲ ချစ်သွားခဲ့တယ်။

Once in a blue moon

Once (တကြိမ်)၊ In (အထဲမှာ)၊ A (တခု)၊ Blue (အပြာရောင်)၊ Moon (လမင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အပြာရောင် လတကြိမ် ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တခုဖြစ်တဲ့ Maine ပြည်နယ်ရှိ လယ်သမားတွေရဲ့ မိုးလေဝသ ခန့်မှန်းခြေ လက်စွဲစာအုပ်ထဲကလို့ ဆိုပါတယ်။ အဲဒီမှာ ပြက္ခဒိန် ကို သတ်မှတ်ရာမှာ ကျမတို့ မြန်မာမှာလိုပဲ လပြည့်၊ လကွယ်နဲ့ သတ်မှတ်ရာမှာ လပြည့်ကို အနီရောင်နဲ့ ပြသထားတယ်လို့ ဆိုပါတယ်။ လဟာ တလ တစ်ခါ ပြည့်တာများပေမယ့်လဲ တချို့လတွေမှာတော့ ဒုတိယအကြိမ် တစ်လထဲ လနှစ်ကြိမ်ပြည့်တဲ့အခါတွေလည်း ရှိပါတယ်။ ပထမလပြည့်ကို အနီရောင် ခြယ်သထားပြီး၊ ဒုတိယလပြည့်ကိုတော့ အပြာရောင်နဲ့ ခြယ်ပြထားရာကနေ အပြာရောင်လဆိုတဲ့အသုံး ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ တစ်လမှာ လပြည့်နှစ်ခါကြုံဖို့က ခဲယဉ်းလှသလို once in a blue moon ဆိုတဲ့ အသုံးအနှုန်းကလည်း ကြုံတောင့်ကြုံခဲ အဖြစ်မျိုးကို ရည်ညွှန်းပြောတာဖြစ်ပါတယ်။ သိပ်ကို ပြုလုပ်ခဲလှတယ်ဆိုရင် ဒီအသုံးကို သုံးစွဲပြောဆိုနိုင်ပါတယ်။

ဥပမာ

I like to eat out at an expensive restaurant. But, since I started saving, I only eat out once in a blue moon.

ကျနော်က အကောင်းဆုံးစားသောက်ဆိုင်တွေမှာ ထွက်စားတာကြိုက်တယ်။ ဒါပေမဲ့လို့ ကျနော် ပိုက်ဆံစုလာချိန်ကတည်းက နောက်ပိုင်းမှာ အပြင် သိပ်ထွက်စားခဲလှတယ်။

Moonlighting

Moon (လမင်း)၊ Lighting (အလင်းရောင်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လရဲ့ အလင်းရောင် ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က လူတဦးအနေနဲ့ အချိန်ပြည့် အလုပ်တခုခုကို လုပ်ရကနေ၊ နောက်တခုကို အားတဲ့အချိန်ပိုမှာ လုပ်တာကို ဆိုလိုပါတယ်။ တနည်းအားဖြင့်တော့ နေအချိန်မှာ အလုပ်လုပ်တာကို moonlighting ဆိုတဲ့ ညအချိန်မှာလည်း ခိုးလုပ်တဲ့သဘောမျိုးကို ရည်ညွှန်းတာဖြစ်ပါတယ်။ တနေ့မှာ အလုပ် (၈) နာရီ သတ်မှတ်ထားတဲ့ သာမန်အလုပ်ချိန်မှာ (၈) နာရီထက်ကျော်ပြီး တခြားနေရာမှာ ဝင်ငွေပိုရလေအောင် အလုပ်လုပ်ရင် ကိုယ့်ကိုအချိန်ပြည့် တနေ့ (၈) နာရီ ငှားထားတဲ့အလုပ်ရှင်က နှစ်သက်ချင်မှနှစ်သက်မှာ ဖြစ်ပါတယ်။ တခါတရံ တကယ့်အလုပ်ချိန်မှာ ပင်ပန်းလို့ အလုပ်ကောင်းကောင်းမလုပ်နိုင်တာမျိုး အိပ်ငိုက်တာမျိုး၊ ဉာဏ်မရွှင်တာမျိုး ဖြစ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့ အလုပ်နှစ်ခုကို တွဲလုပ်ရာမှာ အပိုအလုပ်ကို အထူးသဖြင့် ခိုးလုပ်ရတဲ့အချိန်မျိုးမှာ ဒီအသုံးကို သုံးစွဲနိုင်ပါတယ်။

ဥပမာ

He is a doctor at our hospital, but he moonlights at another hospital during his off-days.

သူက ကျနော်တို့ဆေးရုံမှာ ဆရာဝန် ဖြစ်တယ်။ ဒါပေမဲ့ သူက အားလပ်တဲ့ ရုံးပိတ်ရက်တွေမှာ နောက်ဆေးရုံတရုံမှာ အလုပ်ခိုးလုပ်နေတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idioms အသုံးအနှုန်းတွေက Reach for the moon, Over the moon, Hung the moon, Once in a blue moon နဲ့ Moonlighting တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG