ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ a matter of life and death, live and let live, live and learn နဲ့ live by one's wit ဖြစ်ကြပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ a matter of life and death ဖြစ်ပါတယ်။ a = တခု၊ matter = ကိစ္စ၊ life = အသက်၊ အသက်ရှင်သည်၊ and နှင့်၊ = death = သေဆုံးမှု တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အသက်နဲ့ သေဆုံးမှုနဲ့ ပတ်သက်တဲ့ကိစ္စတခု ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ရှင်းတယ်လို့ ဆိုနိုင်ပါတယ်။ ကျမတို့ မြန်မာစကားအတိုင်း သေရေးရှင်ရေးကိစ္စ လို ဖြစ်ပါတယ်။ သေရေးရှင်ရေးကိစ္စဆိုတော့ သိပ်ကိုအရေးကြီးတာကို တင်စားပြောတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
It's a matter of life and death for my friend John. So, I have to really help him with his problem.
ကျနော့်သူငယ်ချင်း John အတွက်ကတော့ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ကိစ္စပါ။ ဒါကြောင့်လည်း သူ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကျနော် တတ်နိုင်တဲ့ဘက်က အကူအညီပေးရမှာ ဖြစ်ပါတယ်။<
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက live and let live ဖြစ်ပါတယ်။ live = အသက်ရှင်နေထိုင်သည်၊ and = နှင့်၊ let = ခွင့်ပြုသည်၊ ခွင့်ပေးတာ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အသက်ရှင်နေထိုင်ရမှာ နေချင်သလို နေခွင့်ပြုဖို့ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း သူများကိစ္စ ဝင်ရှုပ်တာ၊ လူတဦးရဲ့ ဘဝ သူ့ကံကြမ္မာ သူဖန်တီးခွင့်ရှိတာ။ သူသဘောကျတာ သူလုပ်ပါစေ။ အမြင်မတူ အသွင်ကွဲပြားပေမယ့်လည်း နားလည်းလက်ခံတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ဆင်းသက်လာတာကတော့ ပထမကမ္ဘာစစ်က ဖြစ်ပါတယ်။ ထိုစဉ် မဟာမိတ်တပ်တွေဖက်နဲ့ ရန်သူဖြစ်တဲ့ ဂျာမန်စစ်သားတွေဖက်ကရော အများစုက စစ်တိုက်နေရပေမယ့်လည်း ဘာကြောင့် စစ်ကိုတိုက်နေရတယ်ဆိုတာကို သဘောမပေါက်ကြတော့ စစ်မတိုက်ချင် ဖြစ်နေကြခဲ့တယ်။ ဒါကြောင့် ကတုတ်ကျင်းထဲမှာ ခိုနေကြစဉ်မှာ တဖတ်နဲ့တဖတ် ရန်သူတွေ ဖြစ်နေကြပေမယ့်လည်း ပစ်ကြမယ်၊ ခတ်ကြမယ်ဆိုရင် ကြိုတင်သတိပေးတာတို့၊ တဖတ်က ကတုတ်ကျင်းထဲမှာ ချက်ပြုပ်စားသောက်နေတာကို တွေ့ရင်လည်း ရန်သူပဲဖြစ်ဖြစ် တဖတ်ကိုကူးပြီး စားသောက်တာ လုပ်လေ့ရှိတာကို စစ်အတွင်းမှာ ရန်သူပင်ဖြစ်ပါစေ စစ်ကိုမတိုက်ချင်ဘဲ တာဝန်အရ တိုက်ရတာ၊ ရန်သူဖြစ်ပေမယ့်လည်း သူ့အကြောင်းကြောင့် ဖြစ်လာရတာဆိုပြီး နားလည်းလက်ခံပေးတဲ့ သဘောထားမျိုး ဆိုလိုတာဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John's parents believe in live and let live. They don't say anything to their son even when he colors his hair purple and tattoos his arm.
John ရဲ့ မိဘတွေကတော့ သဘောထား ခပ်ကြီးကြီးပဲ။ သူတို့သား ဆံပင်ကို ခရမ်းရောင်ဆိုးပြီး လက်မောင်းမှာ ဆေးမင်ကြောင်ထိုးတာကိုတောင် သူသဘောကျတာ သူလုပ်ပါစေဆိုပြီး နားလည်းပေးကြတယ်။
တတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ live and learn ဖြစ်ပါတယ်။ live = အသက်ရှင်နေထိုင်သည်၊ and = နှင့်၊ learn = သင်ယူသည်၊ သင်ခန်းစာယူသည်၊ လေ့လာသည် တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အသက်ရှင်နေထိုင်ရင် သင်ယူတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဒီနေရာမှာ သိပ်မကွာလှပါဘူး။ အတွေ့အကြုံမှတဆင့် ဘဝသင်ခန်းစာ ရယူတာ၊ ဘဝအတွေ့အကြုံ ဘဝသင်ခန်းစာကနေ ရင့်ကြတ်မှုရရှိတာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
You believe in Tom and lent him two thousand dollars. Now, he refuses to pay you back. You will live and learn not to trust people with money.
ခင်များက Tom ကို ယုံစားပြီး ဒေါ်လာ နှစ်ထောင် ချေးလိုက်တာကို။ အခုတော့ အဲဒီငွေကို ခင်များကို ပြန်ဆပ်ဖို့ ငြင်းနေပြီလေ။ ငွေနဲ့ ပတ်သက်လာရင် လူတွေကို စိတ်မချရဘူးဆိုတာ ခင်များ သင်ခန်းစာရပြီ မဟုတ်လား။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ live by one's wits ဖြစ်ပါတယ်။ live = အသက်ရှင်နေထိုင်သည်။ by = တဆင့်၊ one's = တဦးတယောက်၏၊ wits = အသိဉာဏ် တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်က သူ့ရဲ့ အသိဉာဏ်နဲ့ အသက်ရှင်နေထိုင်သည် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ဒီနေရာမှာ ဖြတ်ထိုးဉာဏ်သုံးပြီး အသက်ရှင်နေထိုင်သည်။ တနည်းအားဖြင့် ပါးနပ်တာ၊ ဉာဏ်သုံးတတ်တာ၊ ပါးရည်နပ်ရည် ရှိတာမျိုး၊ အခြေအနေအလိုက် နေထိုင်တတ်တဲ့လူမျိုးကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
When you are living in a war zone, you have to live by your wits as there is always danger.
စစ်ဖြစ်နေတဲ့ နေရာဒေသတွေမှာ နေထိုင်ချိန်မှာ အသက်ကို ဉာဏ်စောင့်တယ်လို့ ဆိုရပါမယ်။ အန္တရာယ်က အမြဲရှိနေတယ်လေ။