သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ball စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ဘောလုံး (ball) အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ the ball is in your court, get the ball rolling, keep the ball rolling နဲ့ play hard ball တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးမှာ the ball is in your court ဖြစ်ပါတယ်။ Ball = ဘောလုံး, In = အထဲမှာ, Your = သင့်၏, Court = ကွင်း ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဘောလုံးဟာ သင့်၏ ကစားကွင်းထဲမှာ ရောက်နေသည် ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ တင်းနစ် (tennis) ကစားနည်းက ဖြစ်ပါတယ်။ တင်းနစ် ရိုက်ရာမှာ တဦးချင်းရိုက်ရိုက်၊ အတွဲလိုက်ရိုက်ရိုက်။ တဖက်က ရိုက်လိုက်တဲ့ ဘောလုံးဟာ တဖက်ကွင်းကို ရောက်လာပြီဆိုရင် အဲဒီဖက်က ကစားသမားရဲ့ တာဝန်ကတော့ ပွဲဆက်ကစားနိုင်ဖို့ ဘောလုံးကို ပြန်ရိုက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီသဘောအတိုင်းပါပဲ အီဒီယံအဓိပ္ပါယ်က နေ့စဉ်ဘဝမှာ တဖက်ဖက်က တခုခုလုပ်ပေးလိုက်ပြီဆိုရင် ဘယ်လိုတုံ့ပြန်ပြီး ရှေ့ဆက်မယ့် တာဝန်က ကိုယ့်ဖက်ကတာဝန် ဖြစ်တဲ့သဘောမျိုး ဖြစ်ပါတယ်။ အလားတူပဲ ကိုယ့်ဖက်ကတော့ လုပ်ပေးလိုက်ပြီး အလုပ်ဖြစ်ဖို့ တုံ့ပြန်မှုက တဖက်ရဲ့ တာဝန်ဆိုပြီး ရည်ညွှန်းပြောဆိုနိုင်ပါတယ်။

ဥပမာ မြန်မာနိုင်ငံက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်လိုက်ပြီး နိုင်ငံတကာက ဘယ်လိုတုံ့ပြန်မလဲ။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ တချို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ချပေးဖို့၊ ဆိုင်းငံ့ပေးဖို့ အရေးယူဆောင်ရွက်ပြီဆိုရင် မြန်မာအစိုးရဖက်ကရော ဘယ်လိုတုံ့ပြန်မလဲ စသဖြင့် အခြေအနေမျိုးမှာလည်း the ball is in your court လို့ သုံးစွဲနိုင်ပါတယ်။ ဒါကြောင့် အီဒီယံနေ့စဉ်အသုံးကတော့ လူတဦးအနေနဲ့ တဖက်က အရေးယူဆောင်ရွက်လိုက်တာကို ကိုယ့်ဖက်က ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့သဘောမျိုးကို ဆိုလိုပါတယ်။

ဥပမာ

I offered a price for his home more than what he asked. So, the ball is in his court. Let me know whether he wants to sell it or not.

ကျနော်က သူ့အိမ်ကို သူတောင်းတဲ့ဈေးထက်ပိုပြီး ဝယ်မယ်လို့ ကမ်းလှမ်းထားတယ်။ ဒါကြောင့် သူ့အိမ် ရောင်းမယ်၊ မရောင်းဘူးဆိုတဲ့ သူ့ဆန္ဒကို ကျနော်အား အသိပေးဖို့ သူ့ဖက်မှာ တာဝန်ရှိနေတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးက get the ball rolling ဖြစ်ပါတယ်။ Get = တခုခုဖြစ်အောင် လုပ်သည်, Ball = ဘောလုံး, Rolling = Roll = ကြိယာ (verb) အဖြစ်အသုံးပြုထားတဲ့ လှိမ့်တယ် ဝေါဟာရမှ ဆင်းသက်လာပြီး၊ Rolling ကတော့ လှိမ့်နေတယ် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဘောလုံးကစပြီး လှိမ့်အောင်လုပ်တာ ဖြစ်ပါတယ်။ တချို့ အားကစားနည်းတွေမှာဆိုရင် ဘောလုံးကို စကန်၊ စလှိမ့်ဖို့လိုတဲ့ ပွဲမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီအသုံးကလည်း အဲဒီကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝ အီဒီယံအသုံးကတော့ လုပ်ငန်းတခုခုပဲဖြစ်ဖြစ် ကြိုးပမ်းမှုတခုခုပဲဖြစ်ဖြစ် စတင်ပြီး လည်ပတ်ဖို့၊ စတင်ဖြစ်မြောက်ဖို့ကို လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

ဥပမာ

I gave one thousand dollar to get the ball rolling for this project to help the orphans. I hope others will also help later.

ကျနော်က ဒီ မိဘမဲ့ခလေးတွေအတွက် အကူအညီပေးမယ့် အစီအစဉ်ကို စနိုင်ဖို့ ဒေါ်လာတစ်ထောင် ထည့်ပါမယ်။ တခြားလူတွေလည်း နောက်ပိုင်း အကူအညီတွေ ပေးလာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Get the ball rolling က တခုခုကို စတင်ဖို့ လုပ်ဆောင်ပေးတာဖြစ်သလို စတင်ပြီးဖြစ်တဲ့ လုပ်ငန်းတခုခုကို ဆက်လည်ပတ်ဖို့ဆိုရင် keep the ball rolling လို့ ပြောဆိုနိုင်ပါတယ်။ Keep = တခုခုကို ဆက်ဖြစ်စေတာကို ဆိုလိုပါတယ်။ ဒါကြောင့် keep the ball rolling ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဘောလုံးကို ဆက်လိမ့်စေတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပါယ်ကလည်း ရှင်းပါတယ်။ လုပ်ငန်းတခုခုကို ဆက်ပြီးလည်ပတ်စေဖို့ လုပ်ဆောင်ပေးတာကို ဆိုလိုပါတယ်။ ဥပမာ စကားပြောနေတယ်ဆိုရင်လည်း စကားမပြတ်၊ ဆက်ပြီးပြောဆိုနိုင်အောင် တခုခုကို ကိုယ်ကကြားဝင် အလိုက်အထိုက် ပြောဆိုတာလည်း ရှိတတ်ပါတယ်။ ဘန်းစကားအရတော့ လေမပျက်ရလေအောင်၊ စကားမပြတ်ရလေအောင် ကြားကဝင်ပြီး ကြည့်ပြောတာ ဖြစ်ပါတယ်။ လုပ်ငန်းမှာဆိုရင်လည်း လုပ်ငန်းဆက်လက် လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးတာကို ဆိုလိုပါတယ်။

ဥပမာ

Mary, the project director, has left. So, who will take her place to keep the ball rolling?

စီမံကိန်းအကြီးအကဲ Mary တယောက် အလုပ်က နုတ်ထွက်သွားခဲ့ပြီ။ အဲဒီတော့ လုပ်ငန်းဆက် လည်ပတ်ဖို့ ဘယ်သူက သူ့နေရာ ယူမလဲ။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ play hard ball ဖြစ်ပါတယ်။ Play = ကစားသည်, Hard = ခက်ခဲသည်၊ မာကျောသည်, Ball = ဘောလုံး ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဘောလုံးမာနဲ့ ကစားသည် ဖြစ်ပါတယ်။ ဒီအသုံးက အမေရိကန်ပြည်ထောင်စုမှာ လူကြိုက်များတဲ့ baseball အားကစားကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဘေ့စ်ဘောမှာ မာတဲ့ ဘောလုံးကို အသုံးပြုပြီး ကစားကြပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ အနိုင်ရဖို့ ကိုယ်လိုချင်တာကိုရဖို့ သမာသမတ်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ယူတာကို ဆိုလိုပါတယ်။ အထူးသဖြင့် စီးပွားရေးနဲ့ နိုင်ငံရေးလောကတွေမှာ ခပ်မာမာ ဆက်ဆံတဲ့လူမျိုးကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာတော့ ဒီလူဟာ မလွယ်ဘူးဆိုရင်တော့ ဒီ အီဒီယံအသုံးကို သုံးစွဲနိုင်ပါတယ်။

ဥပမာ

The factory owner is playing hard ball with workers, who are on strike. He is refusing to raise their overtime pay.

စက်ရုံပိုင်ရှင်က ဆန္ဒပြအလုပ်သမားတွေအပေါ် ခပ်မာမာ ဆက်ဆံနေတယ်။ အလုပ်သမားတွေ အချိန်ပိုကြေး တောင်းဆိုနေတာကို ငြင်းဆိုနေတယ်။

XS
SM
MD
LG