သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Break စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


A man takes a break as he sits with his dog on a scooter in Istanbul, Turkey, June 19, 2013.
A man takes a break as he sits with his dog on a scooter in Istanbul, Turkey, June 19, 2013.
ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ချိုးတယ် (break) ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ break the ice, give me a break နဲ့ break a leg တို့ကို တင်ပြထားပါတယ်။
ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးက break the ice ဖြစ်ပါတယ်။ စာလုံးပေါင်းက Break က ဒီနေရာမှာ verb (ကြိယာ) အဖြစ်သုံးထားပြီး ချိုးသည်၊ ဖျက်သည်။ The Ice က ရေခဲ လို့ အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရေခဲကို ချိုးသည်။ တနည်အားဖြင့် ရေခဲတုံးကြီး ပျော်သွားရလေအောင် လုပ်တာဆိုရင်လည်း မမှားပါဘူး။ အီဒီံယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတွေအချင်းချင်း ထိတွေ့ဆက်ဆံရာမှာ အစပိုင်းမှာ ခပ်စိမ်းစိမ်းဖြစ်နေတဲ့အတွက်၊ အေးတိအေးစက်ဖြစ်နေတဲ့ အခြေအနေကို နွေးထွေးသွားအောင်၊ ခင်ခင်မင်မင်နှင့် ပြောရဲဆိုရဲ၊ နောက်လားပြောင်လား၊ ရယ်လားမောလား အခြေအနေ ဖြစ်လာအောင်လုပ်တာမျိုး ဖြစ်ပါတယ်။

အဲဒီလို ဖြစ်ရလေအောင် အများအားဖြင့်ကတော့ စတွေ့ကြရင်၊ကြောင်အမ်းအမ်း ဖြစ်နေရာက၊ ရယ်စရာမောစရာပြောပြီး ခင်မင်မှုရှိလာအောင် ပြုလုပ်လေ့ရှိကြပါတယ်။အလားတူပါပဲ။ အခမ်းအနားတခုမှာ မိန့်ခွန်းပြောရတော့မယ်ဆိုရင် ပထမဆုံး ကိုယ့်ပရိသတ်နှင့် ရင်းနှီးမှုရလေအောင် အရွှမ်းဖေါက်ပြောဖို့ကို မိန့်ခွန်းအပြော လေ့ကျင့်သင်ပေးသူတွေက အကြံပေးလေ့ရှိကြပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ကိုယ့်ပရိသတ်ဟာ နေသာထိုင်သာရှိလာပြီး ကိုယ်ပြောမဲ့ အကြောင်းအရာမှာ စိတ်ဝင်စားလာမှာ ဖြစ်ပါတယ်။ ကျမတို့မြန်မာမှာတော့ အနီးစပ်ဆုံးအသုံးက အလာပသလာပ ပြောဆိုတာမျိုးလို့ ဆိုရမှာပါ။ ဒီလို ရင်းနှီးလာအောင်၊ နွေးထွေးလာအောင် လုပ်တာမျိုးကို အီဒီယမ်အသုံးအရ break the ice လို့ ရည်ညွှန်းသုံးပါတယ်။ နာမ် (noun) အဖြစ်ကတော့ ice breaker ရယ်လို့ ခေါ်ပါတယ်။
Break the ice နှင့်ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Tom was very nervous as he stood in front of the crowd to give his speech. So, he broke the ice with a joke and had the audience laughing!
TOM က မိန့်ခွန်းပြောဆိုဖို့ လူအုပ်ကြီး ရှေ့ရပ်တဲ့အခါ သိပ်ကိုစိတ်လှုပ်ရှားနေခဲ့တယ်။ ဒါကြောင့် သူကပရိသတ်နှင့် ရင်းနှီးလာအောင် ရယ်စရာ စပြောလိုက်တော့ ပရိသတ်လည်း သဘောကျ ရယ်မောနေကြတယ်။
ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ give me a break ဖြစ်ပါတယ်။ စာလုံးပေါင်း က Give က ပေးပါ၊ Me က ကျနော်၊ ကျမ A က တခု၊ တယောက်၊ Break က ဒီနေရာမှာ နာမ် (noun) အဖြစ် အသုံးပြုထားပြီး အားလပ်စေတာ၊ သက်သာရာရစေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကျနော်၊ကျမကို သက်သာခွင့်ပေးပါပေါ့။ ဒီအသုံးရဲ့idiom အဓိပ္ပါယ်က မဖြစ်နိုင်တာ၊ မယုံနိုင်ရောကို လာပြောနေတာကို ကျမတို့ မြန်မာမှာ ငါ့ကိုပေါက်ကရတွေ လာမပြောနှင့်လို့ ပြန်ပြောချင်ရင် give me a break ရယ်လို့ ရည်ညွှန်းသုံးပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
You’re telling me your girlfriend is model. Give me a break! You haven’t even spoken to one.
မင်းကလာပြီး မင်းရည်းစားက မော်ဒယ်ကောင်မလေးလို့ လာပြောနေတယ်။ ပေါက်ကရတွေ လာမပြောနေနှင့်၊ မော်ဒယ်တယောက်နှင့် မင်းစကားတောင် ပြောဘူးတာမဟုတ်ဘဲနဲ့။
အခုနောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းက break a leg ဖြစ်ပါတယ်။ စာလုံးပေါင်း က break က ချိုုးတာ၊ A တခု တချောင်း၊ Leg က ခြေထောက် ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခြေတချောင်းချိုးတာ ဖြစ်ပြီး အီဒီယံဆိုတဲ့ သွယ်ဝိုက် အဓိပ္ပါယ်ကို မရှင်းပြမီ ဒီအသုံး ဆင်းသက်လာတဲ့ နောက်ကြောင်းကို အနည်းငယ်ရှင်းပြလိုပါတယ်။ ရှေးခေတ်က ပြဇာတ်သဘင်လောကမှာ အယူရှိခဲ့တာက၊ ဇာတ်ပွဲမကမီ အနုပညာသည်တွေကို ပွဲအောင်အောင်မြင်မြင် ဖြစ်ရလေအောင် အားလုံးအဆင်ပြေပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုတယ်ဆိုရင်။ အယူသီးမှုတခုက ပျောင်းပြန်ဆုတောင်းပေးဖို့ ဖြစ်ပါတယ်။

ဥပမာ break a leg ခြေထောက်ကျိုးပါစေလို့ ဆုတောင်းပေးခြင်း၊ ပြောခြင်းအားဖြင့် ပြောင်းပြန်သဘော အဓိပ္ပါယ်ယူပြီး အဲဒီပွဲကမယ့် လူကို ကံကောင်းပါစေ၊ အောင်မြင်ပါစေလို့ ဆုတောင်းပေးရာ ရောက်တယ်လို့ အယူရှိခဲ့တာပါ။ တနည်းတော့ အောင်မြင်ပါစေလို့၊ အဆင်ပြေပါစေလို့ပြောတယ်ဆိုရင် ပွဲကရာမှာ ပြောင်းပြန် အဆင်မပြေ ဖြစ်တတ်တဲ့ အယူရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်မို့ break a leg လို့ တဦးဦးက ပြောလာတယ်ဆိုရင် အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က ကိုယ့်ကိုကံကောင်းပါစေ၊ အဆင်ပြေပါစေလို့ ပြောတယ်ဆိုတာ နားလည်းသဘောပေါက်ပြီး ကျေးဇူးတင်ရမှာ ဖြစ်တယ်ဆိုတာကို နားလည်စေချင်ပါတယ်။ တနည်းအားဖြင့်တော့ အင်္ဂလိပ်လို break a leg က good luck ကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
It’s important for our first performance tonight to be a success. So, break a leg everyone!
ဒီညကမယ့်ပွဲက ကျနော်တို့ရဲ့ ပထမဆုံးပွဲဆိုတော့ အောင်မြင်ဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် အားလုံးအဆင်ပြေကြပါစေဖို့ ဆုတောင်းပါတယ်ဗျာ။
XS
SM
MD
LG