သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Come စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


'Come Together: The Business Wisdom of the Beatles' စာအုပ်
'Come Together: The Business Wisdom of the Beatles' စာအုပ်

ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Come စကားလုံးကို အခြေခံတဲ့ Come again, Come in from the cold နဲ့ Come in handy တို့ကိုတင်ပြထားပါတယ်။

() Come again

Come (လာတာ)၊ again (နောက်ထပ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ နောက်ထပ်ပြန်လာတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က စောစောက ပြောလိုက်တာမရှင်းလို့၊ ကောင်းကောင်းမကြားလိုက်လို့ ထပ်ပြောပါဦးလို့စကားပြောမှာသုံးလေ့ရှိပါတယ်။ တနည်းတော့ “I beg your pardon “ ဆိုတဲ့ ထပ်ပြောဖို့ တောင်းပန်တဲ့ အသုံးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် လူကြီးတွေနဲ့ စကားပြောရင်တော့ “I beg your pardon“ ကိုသုံးပြီး၊ “Come again” ကိုကိုယ့်အချင်းချင်းကြားမှာဘဲ သုံးသင့်တယ်လို့သတိပေးပါရစေ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Come again , I didn’t hear what you just said.
ထပ်ပြောပါအုံး စောစောက ပြောလိုက်တာကိုကျနော် မကြားလိုက်လို့ပါ။

() Come in from the cold

Come in (အထဲကိုဝင်လာတာ)၊ from (မှ)၊ the cold (အအေး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အအေးထဲကနေဝင်လာတာ ဖြစ်ပါတယ်။ ဒီအသုံးက ၁၉၆၀ ခုနှစ်များက လျှို့ဝှက်သဲဖို Spy ဝတ္ထုတွေရေးတဲ့ စာရေးဆရာကြီး John le Carre ရဲ့ The Spy Who Came in from the Cold သူလျှိုဝတ္ထုကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အဲဒီဝတ္ထုထဲမှာ ၁၉၆၅ ခု စစ်အေးခေတ်က ဂျာမဏီကို စေလွှတ်ခြင်းခံခဲ့ရတဲ့ ဗြိတိသျှသူလျှိုတဦးအနေနဲ့ သူကိုယ်တိုင် ကွန်မြူနစ်အဖြစ်ခံခဲ့ပြီး အရှေ့ဂျာမဏီထောက်လှမ်းရေးတဦး နံမည်ပျက်ဖို့ ကြိုးပမ်းရာကာနေ နောက်ဆုံး သူလုပ်မိတာတွေအတွက် နောင်တရပြီး၊ သူဟာ ဗြိတိသျှသူလျှို ဖြစ်ပါတယ်ဆိုတာကို ဝန်ခံလိုက်တဲ့ ဝတ္ထုဇာတ်လမ်း ဖြစ်ပါတယ်။ ဒီဝတ္ထုရဲ့ သင်ခန်းစာက သူများအပေါ်မှာ မကောင်းကြံခဲ့တာတွေကိုစွန့်လွှတ်ပြီး၊ လမ်းမှန်ပေါ်ပြန်ရောက်အောင် ကြိုးပမ်းတဲ့အကြောင်း ဖြစ်ပါတယ်။ တကယ်တော့ အေးတယ်လို့အဓိပ္ပါယ်ရတဲ့ the Cold လို့ဆိုတဲ့နွေးထွေးမှုမရှိတဲ့အများမနှစ်သက်တဲ့ဘဝကနေ ခင်မင်လေးစားကြည်ဖြူစွာထွေးပိုက် လက်ခံတဲ့ ဘဝကိုရောက်လာတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်ကလည်းသိပ်မကွာလှပါဘူး။ အရင်က ဝိုင်းကျဉ်ပြီး စိမ်းစိမ်းကာကား ဆက်ဆံခံခဲ့ရတဲ့ဘဝကနေ အသိုင်းအဝိုင်းထဲ ပြန်ဝင်ဆန့်လာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ အီဒီယံကိုလူတွေနဲ့သာမက နိုင်ငံနဲ့လည်း ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Myanmar has come in from the cold since the country began democratic reforms.
ဝိုင်းကျဉ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအဝန်းမှာပြန်ဝင်ဆန့်လာခဲ့တယ်။

() Come in handy

Come in က ဒီနေရာမှာ (ဖြစ်လာစရာရှိတာ) ၊ handy (အသုံးတည့်တာ၊ အသုံးဝင်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကအသုံးတည့်ဖို့ ဖြစ်လာနိုင်စရာရှိတာ ၊ လိုတဲ့အခါကျရင် အသုံးပြုဖို့ အဆင်သင့်ရှိတာကို ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ မြန်မာမှာ အရှင်းဆုံးပြောရရင်တော့ တချိန်ချိန်မှာ ၊အသုံးဝင်လာနိုင်စရာ ရှိတာမို့ လိုရမယ်ရ၊ လိုလိုမယ်မယ် တခုခုကို ဆောင်ထားတာ၊ ပြင်ဆင်ထားတာ ဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Cell phones come in handy when you want to contact people.
လူတွေကိုဆက်သွယ်ရာမှာ ဆဲလ်ဖုန်းတွေဟာ သိပ်ကိုအသုံးဝင်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Come စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Come again, Come in from the cold နဲ့ Come in handy တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG