သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Back စကားလုံးဆိုင်ရာ အီဒီယံအသုံအနှုန်းများ


handcuff
handcuff

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ back- ကျော၊ နောက် စကားလုံးဝေါဟာရကို အခြေခံတဲ့ on my back, get off my back, behind my back နဲ့ stab in the back တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ on my back ဖြစ်ပါတယ်။ On =အပေါ်မှာ၊ My = ကျနော်ကျမရဲ့ ၊ Back = ကျော တို့ဖြစ်ပြီး စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကျနော်ကျမရဲ့ ကျောပေါ်မှာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ကျနော်ကျမရဲ့ ကျောပေါ်မှာလို့ တင်စားပြောထားတော့ တချက်မှ အလွတ်မပေးဘူး။ ကိုယ့်နောက်ကနေ ဟိုဟာလုပ်၊ ဒီဟာလုပ်လိုက်။ ဟိုဟာ မပြီးသေးဘူးလား၊ ဒီဟာ မပြီးသေးဘူးလားဆိုပြီး အခိုင်းခံနေရတာကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My boss is on my back all the time. He keeps asking me to do things one after another. ကျနော့် ဆရာသမားက ကျနော်ကို မပြတ်ဖိခိုင်းနေတော့တယ်။ အလုပ်ကို တခုပြီးတခု ဆက်ပြီးခိုင်းနေတော့တယ်။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးမှာ get off my back ဖြစ်ပါတယ်။ ဒီအသုံးက စောစောက တင်ပြပေးခဲ့တဲ့ on my back တချက်လေးမှ အနားမပေးဘဲ အခိုင်းခံနေရတယ်ဆိုတဲ့ အသုံးနဲ့ ဆက်စပ်နေတယ်လို့ ဆိုရမှာပါ။ ဒီ အခြေအနေမျိုးမှာ ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ ထပ်မခိုင်းပါနဲ့တော့။ တချက်တော့ နားခွင့်ပြုပါ။

ဒုက္ခမပေးသင့်တော့ပါဘူးဆိုရင် get off my back အီဒီယံအသုံးကို ရည်ညွှန်းသုံးနိုင်ပါတယ်။ Get ကို Off ဝိဘတ်နဲ့တွဲပြီး Get off = ဆင်းပါ၊ My = ကျနော်ကျမရဲ့၊ Back = နောက်ကျော တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကျနော်ကျမရဲ့ နောက်ကျောပေါ်က ဆင်းပေးပါ ဖြစ်ပါတယ်။ ကျောပေါ်မှာ ပိုးထားရတယ်ဆိုရင် ဘယ်လောက်စိတ်ဆင်းရဲမလဲ၊ ဘယ်လောက်တာဝန်ကြီးမလဲဆိုတာကို သောတရှင်များ စဉ်းစားကြည့်နိုင်ပါတယ်။

ဒါကြောင့် အီဒီယံအဓိပ္ပါယ်က စောစောကပြောခဲ့သလို လာပြီး အပူအပင်မတိုက်နဲ့၊ ထပ်မခိုင်းနဲ့ ဒုက္ခလာမပေးဘို့ စိတ်တိုလာပြီ သည်းမခံနိုင်တော့ဘူး စသဖြင့် ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ လာပြီးဂျီမတိုက်နဲ့ လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ သတိပေးလိုတာက ကိုယ့်သူငယ်ချင်းက ကိုယ့်ကို နာပူနေတယ်ဆိုရင် get off my back ဆိုပြီး ခင်များ ဂျီလာမတိုက်နဲ့ ပြောလို့ရပေမယ့် ကိုယ့်ဆရာသမားဆိုရင်တော့ အဲဒီလို ပြန်ပြောမိရင် ရင့်သီးရာရောက်မှာမို့ စိတ်ထဲကပြောရင်ပြော၊ အသံတော့ မထွက်စေနဲ့လို့ သတိပေးပါရစေ။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I feel like telling my boss to get off my back. He is always criticizing me, but if I do that I am afraid he would get angry with me. ကျနော့်ဆရာသမားကို လာပြီး ဂျီမတိုက်နဲ့လို့ ပြောချင်လိုက်တာ။ သူက အမြဲ အပြစ်ပြောဆိုနေတာ။ ဒါပေမဲ့ အဲဒီလို ကျနော် ပြန်ပြောဖြစ်ရင် သူ စိတ်ဆိုးသွားမှာကို ကျနော် ကြောက်ရသေးတယ်။

Get off my back အစား leave me alone ဆိုပြီးတော့လည်း သုံးစွဲနိုင်ပါတယ်။ ဒီအသုံးအနှုန်းကတော့ ကိုယ့်ဘာသာကိုယ် နေပါရစေ၊ လာပြီးဒုက္ခမပေးပါနဲ့ ဖြစ်ပါတယ်။

ဆက်လက်တင်ပြပေးမယ့် back ကိုအခြေခံတဲ့ အီဒီယံအသုံးအနှုန်းမှာ behind my back ဖြစ်ပါတယ်။ Behind = အနောက်မှာ၊ My = ကျနော်ကျမရဲ့၊ Back = ကျောဘက် ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကျနော်ကျမရဲ့ နောက်ကျောဘက်မှာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ရှင်းတယ်လို့ ဆိုရမှာပါ။ ကျမတို့ မြန်မာမှာတော့ နောက်ကွယ်ရာမှာ လုပ်တာကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My mother told me never to do anything behind her back as I can get into trouble.

ကျနော့်အမေက ကျနော်ကိုပြောတယ် သူ့နောက်ကွယ်ရာမှာ ဘယ်တော့မှ ဘာမှမလုပ်နဲ့ဆိုတာပါ။ လုပ်ခဲ့ရင် ကျနော် ဒုက္ခရောက်နိုင်တယ်လို့ သူကပြောတယ်။

နောက်ဆုံးတင်ပြပေးမှာက stab in the back ဖြစ်ပါတယ်။ Stab = ဓါးနဲ့ထိုးသည်၊ In (နေရာညွှန်း ဝိဘတ်) the back = နောက်ကျော ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နောက်ကျောကို ဓါးနဲ့ထိုးသည် ဖြစ်ပါတယ်။ ဒီအသုံး ကျမတို့မြန်မာမှာ ရှိတာကို အားလုံးအသိ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကို ရှည်ရှည်ဝေးဝေး ရှင်းပြစရာလိုမယ် မထင်ပါဘူး။ ကိုယ့်အချင်းချင်းပေါ်မှာ မကောင်းကြံတာ၊ ကိုယ်ယုံရတယ်လို့ ထင်ရတဲ့လူက ကိုယ့်အပေါ် သစ္စာဖောက်တာကို ပြောဆိုခြင်း ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Don't trust John. He has been known to stab people in the back.

John ကိုတော့ စိတ်မချနဲ့ဗျ။ သူဟာ လူတွေကို နောက်ကျောဓါးနဲ့ ထိုးတတ်တဲ့လူလို့ လူသိများတယ်။

XS
SM
MD
LG