သုံးရလွယ်ကူစေသည့် Link များ

Tongue စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂)


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Tongue (လျှာ) စကားလုံးကို အခြေခံတဲ့ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ A Slip of the Tongue, Cat got your Tongue? နဲ့ Tongue-lashing တို့ကို တင်ပြထားပါတယ်။

(၁) A Slip of the Tongue

A (တခု၊ တကြိမ်)၊ Slip သာမန်အားဖြင့် လျှော်ထွက်သွားတယ်လို့ အဓိပ္ပါယ်ရှိပေမယ့် ဒီနေရာမှာ အပြောနဲ့ဆိုင်တဲ့အတွက်ကြောင့် “မှားတယ်” လို့ အဓိပ္ပါယ်ယူရမှာ ဖြစ်ပါတယ်။ Tongue (လျှာ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ လျှာရဲ့ အမှားတခု ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ကျမတို့ မြန်မာဘန်းစကားအရဆိုရင်တော့ ပါးစပ်ကနေ မတော်တဆ မှားပြောမိလိုက်တာ၊ တခါတရံလည်း ယောင်ပြောမိလိုက်တာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I am sorry to call you by your sister’s name. It was a slip of the tongue.
ကျနော် ခင်ဗျား အမရဲ့ နံမည်ကို မှားပြီး ခင်ဗျားကို ခေါ်မိတာတောင်းပန်ပါတယ်။ အဲဒါ ယောင်ပြီးတော့ ခေါ်မိလိုက်တာပါ။

(၂) Cat got your tongue?

Cat (ကြောင်)၊ Got (ရသွားတာ)၊ Your (သင့်ရဲ့)၊ Tongue (လျှာ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ ကြောင်က သင့်ရဲ့လျှာကို ရသွားသလား၊ ယူသွားသလားပေါ့။ မေးခွန်းပုံစံဖြစ်တဲ့ ဒီ အီဒီယံကို ဝါကျစာသားအပြည့်နဲ့ ပြောမယ်ဆိုရင်တော့ ရှေ့က “Has” ထည့်ပြီးတော့ Has the cat got your tongue? လို့ မေးလို့ရပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ နောက်ခံသမိုင်းအမျိုးမျိုး ရှိပါယတ်။ တခုကတော့ အရှေ့အလယ်ပိုင်းဒေသမှာ ရှေ့တုန်းက လိမ်ပြောတဲ့လူတွေရဲ့ လျှာကိုဖြတ်ပြီးတော့ ဘုရင့်ကြောင်ကို ကျွေးရကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ လျှာကို ကြောင်က စားသွားတယ်ဆိုရင် လျှာမရှိတော့တဲ့ သဘောမျိုးမို့ လျှာမရှိလို့ ပါးစပ်က စကားမပြောနိုင်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဘာမှ အသံမထွက်တဲ့ သဘောမျိုးလို့လည်း ဆိုနိုင်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ပါးစပ်က ဘာဖြစ်လို့ ဘာမှမပြောဘဲ နေတာလဲ။ ဘာလို့ နှုတ်ပိတ်နေတာလဲ။ ငြိမ်နေတာလဲ။ နှုတ်ဆိတ်နေတာလဲ။ အသံလုံးဝ မထွက်တာလဲ စသဖြင့်တို့ ဖြစ်ပါတယ်။ ဒီအသုံးက အထူးသဖြင့် လူကြီးကနေ လူငယ်ကို ပြောတာမျိုး။ အချင်းချင်း ပြောတာမျိုးမှာ သုံးလေ့ရှိပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I told my son , has the cat got your tongue? Say something about the fight you had at school.
ကျနော့်သားကို ပြောလိုက်တယ်။ ဘာလို့ ဘာမှမပြောဘဲနေတာလဲ။ ကျောင်းမှာ ရန်ဖြစ်ခဲ့တဲ့ကိစ္စအကြောင်း နှင့်ပတ်သက်လို့တခုခုပြောပြစမ်းပါ။

(၃) Tongue-lashing

Tongue (လျှာ)၊ Lashing (ရိုက်ခြင်း၊ ရမ်းခြင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လျှာနဲ့ အရိုက်ခံရတာ ဖြစ်ပါတယ်။ ကျာပွတ်နဲ့ အရိုက်ခံရရင် အသားထိလို့ နာသလိုပဲ၊ လျှာကိုသုံးပြီး ပါးစပ်ထွက်လာတဲ့ စကားလုံးတွေဟာ လူတယောက်ကို စိတ်ဆင်းရဲစေတာ၊ အခံရခက်အောင်လုပ်တဲ့ စကားလုံးမျိုးတွေသုံးပြီး အပြောခံရတာမျိုးကို ဆိုလိုပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အဆူအဆဲခံရတာ၊ အငေါက်ခံရတာ၊ အပြောအဆိုခံရတာ၊ အကြိမ်းခံရတာမျိုး ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားအရဆိုရင်တော့ အထောင်းခံရတာ၊ အဟောက်ခံရတာမျိုး ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John got a tongue-lashing from his wife as he got drunk and came home late.
John က အရက်မူးပြီး အိမ်ပြန်နောက်ကျတယ်လေ။ အဲဒီတော့ သူအိမ်အရောက်မှာ သူ့မိန်းမက သ့ူကို ကြိမ်းတောတာပေါ့။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Tongue စကားလုံးကိုအခြေခံတဲ့idioms အသုံးတွေက A Slip of the Tongue, Cat got your Tongue? နဲ့ Tongue-lashing တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG