သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၃)


US Elections 2012
US Elections 2012
ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ stump speech, whistle stop campaign, smear campaign, negative campaign နဲ့ mudslinging တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ stump speech ဖြစ်ပါတယ်။ Stump = သစ်ငုတ်တို, Speech = မိန့်ခွန်း တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သစ်ငုတ်တို မိန့်ခွန်း ဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာ နိုင်ငံရေးသမားတွေက လှည့်လည်မဲဆွယ်ရာမှာ လူအုပ်ကြီးကို မိန့်ခွန်းပြောဆိုတဲ့အခါ လူတွေမြင်နိုင်ကြားနိုင်အောင် သူက သစ်ငုတ်တိုပေါ်တက်ပြီး မိန့်ခွန်းပြောတာကနေ ဒီအသုံးအနှုန်း ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ တကယ် သစ်ငုတ်တိုပေါ်တက်ပြီး ပြောတာမဟုတ်တော့ပေမယ့်လည်း တပြည်နယ်နဲ့ တပြည်နယ် လှည့်လည်သွားလာပြီး မဲဆွယ်လှုပ်ရှား မိန့်ခွန်းပြောဆိုတာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ တမြို့ဝင်တမြို့ထွက် မဲဆွယ်လှုပ်ရှားရာမှာ မိန့်ခွန်းပြောကြားတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The two presidential candidates are traveling all over the country giving stump speeches. The elections are just a few weeks away.

သမ္မတလောင်း နှစ်ဦးတို့ကတော့ နိုင်ငံအနံှ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားတဲ့ မိန့်ခွန်းတွေကို ပြောဆိုနေကြလေရဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ကလည်း သတင်းအပတ် အနည်းငယ်သာ လိုတော့တယ်။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ whistle stop campaign ဖြစ်ပါတယ်။ Whistle = မှုတ်တဲ့ ဝီစီ , Stop = ရပ်နားသည် , Campaign = လှုပ်ရှားမှု တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဝီစီ ရပ်တဲ့ မဲဆွယ်လှုပ်ရှားမှု ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ၁၉ ရာစုကလို့ ဆိုပါတယ်။ ခရီးရှည်သွားမယ်ဆိုရင် မီးရထားနဲ့သွားလေ့ရှိတဲ့ ခေတ်ကပါ။ မီးရထားတစီး ဘူတာမှာရပ်တယ်ဆိုရင် ဝီစီမှုတ်တာ၊ ဥသြဆွဲလေ့ရှိတာ အများအသိပါ။ ရှေးတုန်းကလည်း နိုင်ငံရေးသမားတယောက်အနေနဲ့ မဲဆွယ်လှုပ်ရှားရာမှာ လူထုနဲ့ နီးစပ်မှုရှိချင်တယ်ဆိုရင် မီးရထားတတွဲလုံးကို ငှားပြီး အဲဒီနိုင်ငံရေးသမားအနေနဲ့ ဘူတာတိုင်းမှာရပ်ပြီး ရထားတွဲပေါ်ကဖြစ်ဖြစ်၊ အောက်ဆင်းပြီး ဘူတာရုံပလက်ဖောင်းပေါ်ကနေဖြစ်ဖြစ် လူစုကို မိန့်ခွန်းပြော၊ လက်ဆွဲနှုတ်ဆက် မဲဆွယ်တာမျိုး ဖြစ်ပါတယ်။ ဒါမျိုး မဲဆွယ်လှုပ်ရှားမှုကို whistle stop campaign လို့ ခေါ်ပါတယ်။ အချိန်တိုတိုအတွင်း နေရာတော်တော်များများကို ကာမိအောင် မဲဆွယ်လှုပ်ရှားတာ၊ အချိန်လုပြီး လူထုနဲ့တွေ့တာ လက်ဆွဲနှုတ်ဆက်တာမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

In 1948, President Truman seeking re-election made his famous whistle stop campaign to the West. The speeches he made at each stop helped him win the Presidency.

၁၉၄၈ ခုနှစ်တုန်းက သမ္မတရာထူး ပြန်လည်ရွေးကောက်တင်မြှောက်ခံရဖို့ သမ္မတ Truman က အနောက်ဖက်ခြမ်းတခွင် တမြို့ဝင်တမြို့ထွက် မဲဆွယ်လှုပ်ရှားခဲ့တယ်။ သူရပ်တဲ့ နေရာတိုင်းမှာလည်း သူပြောခဲ့တဲ့ မိန့်ခွန်းတွေကြောင့် သူဟာ သမ္မတအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။

ထို့စဉ်က အဲဒီလှုပ်ရှားမှုအတွင်း သမ္မတ Truman အနေနဲ့ မိုင်ပေါင်း သုံးသောင်းလောက်ကို သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းက smear campaign ဖြစ်ပါတယ်။ Smear = နံမည်ဖျက်သော၊ နံမည်ပျက်စေသော, Campaign = လှုပ်ရှားမှု တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နံမည်ဖျက်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ တဖတ်ပြိုင်ဖက်ကို အပုပ်ချတဲ့၊ နံမည်ပျက်စေတဲ့၊ အသရေပျက်စေမယ့်၊ အကြည်ညိုပျက်စေမယ့် ပြောဆိုမှုတွေ ပြုလုပ်တာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

A weaker candidate uses a smear campaign to confuse voters about the opponent’s reputations.

အားနည်းတဲ့ ကိုယ်စားလှယ်တဦးအနေနဲ့ သူ့ပြိုင်ဖက် ကျင့်ဝတ်သိက္ခာနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်တွေ တွေးဝေသွားအောင် အပုပ်ချပြောဆိုတဲ့ လှုပ်ရှားမှုကို သုံးလေ့ရှိတယ်။

တခါတရံလည်း smear campaign ကို negative campaign လို့လည်း သုံးလေ့ရှိပါတယ်။ Negative = အနုတ်လက္ခဏာဆောင်တယ် လို့ အဓိပ္ပါယ်ရတဲ့ negative ဝေါဟာရနဲ့ သုံးလေ့ရှိတာပါ။ အထူးသဖြင့် TV ကြော်ငြာတွေမှာ ဟိုဖက်ကပြိုင်ဖက် ပုဂ္ဂိုလ်အနေနဲ့ ဘယ်လိုမျိုးပြောတယ်၊ ဘယ်လိုမျိုးလုပ်တယ် စသဖြင့်တို့ စွပ်စွဲပြောဆိုတာမျိုး ဖြစ်ပါတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ mudslinging ဖြစ်ပါတယ်။ Mud = ရွှံ့, Slinging = Sling - ပစ်ပေါက်တာ ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ရွှံ့နဲ့ ပစ်ပေါက်တာ၊ ရွှံ့နဲ့ပက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စောစောက negative campaign က မကောင်းသတင်း၊ ကဲ့ရဲ့ခံရတဲ့သတင်းမျိုး လွှင့်ရကနေ ကျမတို့မြန်မာစကားအရဆို ပွဲကြမ်းလာတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ရွှံ့နဲ့ ပစ်ပေါက်ကြတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ တကိုယ်လုံး ရွှံ့ပေတယ်ဆိုရင် ဘယ်ကြည့်ကောင်းတော့မလဲ။ တဖက်လူအပေါ်မှာ အထင်အမြင်သေးစေမယ့် စွပ်စွဲပြောဆိုချက်တွေကို ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Politicians should avoid mudslinging. Voters don’t want to hear any of it. They would be disappointed.

နိုင်ငံရေးသမားတွေအနေနဲ့ တဖက်နဲ့တဖက် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုစွပ်စွဲမှုတွေ မလုပ်သင့်ပါဘူး။ မဲဆန္ဒရှင်တွေက အဲဒါမျိုးကို မကြားချင်ကြဘူး။ နောက်ပြီး စိတ်ပျက်ကြလိမ့်မယ်။
XS
SM
MD
LG