ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီးလည်း နီးကပ်လာပြီဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ running mate, ticket နဲ့ front runner တို့ကို တင်ပြထားပါတယ်။
ပထမဦးဆုံး running mate ဖြစ်ပါတယ်။ အမေရိကန်ရွေးကောက်ပွဲ အီဒီယံတွေထဲမှာ မြင်းပြိုင်ပွဲကနေ ဆင်းသက်လာတဲ့ အီဒီယံတွေ အတော်များများရှိရာမှာ running mate ကလည်း တခုအပါအဝင် ဖြစ်ပါတယ်။ Running = ဒီစကားလုံးက Run က ဆင်းသက်လာတာဖြစ်ပြီး သာမန်အားဖြင့် ပြေးတယ်လို့ အဓိပ္ပါယ်ရပေမဲ့ ရွေးကောက်ပွဲ၊ ယှဉ်ပြိုင်ပွဲတွေနဲ့ ပတ်သက်လို့ သုံးရင်တော့ ဝင်ရွေးတယ်၊ ဝင်ယှဉ်ပြိုင်တယ်လို့ အဓိပ္ပါယ်ရသလို၊ လုပ်ငန်းတခုခုကို ဦးစီးလုပ်ကိုင်တယ်ဆိုရင် ကုမ္မဏီကို run လုပ်တယ်လို့ ပြောနိုင်ပါတယ်။ Run ဆိုတဲ့ အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ Running က (verb) ကြိယာအဖြစ် သုံးရင်တော့ ပြေးနေတုန်း လို့ အဓိပ္ပါယ်ရပြီး၊ ဒီနေရာမှာတော့ ဝင်ယှဉ်ပြိုင်တယ် ဖြစ်ပြီး (adjective) နာမဝိသေသနအဖြစ် သုံးထားတာ ဖြစ်ပါတယ်။ Mate = နာမ် (noun) ဖြစ်ပြီး အဖော် ဖြစ်ပါတယ်။ တခုခုကို အတူတွဲလုပ်သူ ဖြစ်ပါတယ်။ မြင်းပြိုင်ပွဲမှာ မြင်းတကောင်နဲ့ ဝင်ယှဉ်ပြိုင်တဲ့ နောက်မြင်းတကောင် ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံအဓိပ္ပါယ်က အတူဝင်ယှဉ်ပြိုင်တဲ့လူ ဖြစ်ပါတယ်။ ဒါပေမဲ သမ္မတ ရွေးကောက်ပွဲမှာ သုံးတဲ့အတွက်ကြောင့် သမ္မတလောင်းက သူနဲ့အတူတွဲပြီး အလုပ်လုပ်မယ့်ပုဂ္ဂိုလ်၊ တနည်းအားဖြင့် ဒုတိယ သမ္မတလောင်းကို running mate အဖြစ် ခေါ်ခြင်းဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
In this November 6 election Mitt Romney chosen Congressman Paul Ryan from Wisconsin as his running mate.
ဒီ နိုဝင်ဘာလ (၆) ရက်နေ့ ရွေးကောက်ပွဲမှာ Mitt Romney က ဝင်စ်ကွန်စင် က အောက်လွှတ်တော်အမတ် Paul Ryan ကို သူ့ရဲ့  ဒုတိယ သမ္မတလောင်းအဖြစ် ဝင်ရောက်ရွေးဖို့ ရွေးချယ်လိုက်တယ်။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ ticket ဖြစ်ပါတယ်။ Ticket ကို သာမန်အားဖြင့် လက်မှတ်လို့ အများက သိထားပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ Ticket ဆိုတဲ့ ဝေါဟာရကတော့ နိုင်ငံရေးရာထူးတနေရာထက် ပိုပြီးဝင်ရွေးခံမယ့် ရွေးကောက်ပွဲကို ဆိုလိုတာ ဖြစ်ပါတယ်။ အခုလာမယ့် နိုဝင်ဘာလ (၆) ရက် ရွေးကောက်ပွဲမှာ အနိုင်ရရှိသူဟာ သူနဲ့တွဲပြီး ဒုတိယ သမ္မတအဖြစ် ဝင်ယှဉ်ပြိုင်မယ်လူကလည်း အလိုအလျောက်ပဲ အဲဒီ ရာထူးမှာ ခန့်အပ်ခြင်းခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲကတကြိမ်၊ ဒါပေမဲ့လို့လည်း ရွေးချယ်တဲ့ရာထူးကတော့ ရာထူးနှစ်ခုအတွက် ဖြစ်ပါတယ်။ နောက် ticket ဆိုတဲ့ အဓိပ္ပါယ်က နိုင်ငံရေးပါတီကိုလည်း ရည်းညွှန်းပြောလို့လည်း ရပါတယ်။ ဒီနိုင်ငံရေးပါတီကနေ ကိုယ်စားပြုပြီး ဝင်ရွေးချယ်ခံမယ်ဆိုရင် ဒီနိုင်ငံရေးပါတီ ticket နဲ့ ဝင်ရွေးမယ်လို့ ရည်းညွှန်းပြောနိုင်ပါတယ်။ ဥပမာ အခုလက်ရှိ သမ္မတရွေးကောက်ပွဲမှာ ကြည့်မယ်ဆိုရင် Republican Party ဖက်က ticket ကတော့ Romney နဲ့ Ryan တို့ဖြစ်ပြီး Democrat ဖက်က ticket ကတော့ Obama နဲ့ Biden တို့ ဖြစ်ကြတာကို တွေ့ရပါတယ်။

During the 1996 Presidential election the Democratic party's national ticket was President Bill Clinton of Arkansas and Vice-President Al Gore from Tennessee.
၁၉၉၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတုန်းက ဒီမိုကရက်တစ်ပါတီဖက်က ဝင်ရွေးချယ်ခံကြတဲ့ အတွဲက Arkansas ပြည်နယ်က သမ္မတ Bill Clinton နဲ့ Tennessee ပြည်နယ်က ဒုတိယ သမ္မတ Al Gore တို့ ဖြစ်ကြပါတယ်။
၁၉၉၆ ခုနှစ်တုန်းက Bill Clinton ဟာ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းမှာ ပြန်လည်ရွေးကောက်တင်မြောက်ခြင်း ခံရတာကိုလည်း ဖြည့်စွက်တင်ပြလိုပါတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ front runner ဖြစ်ပါတယ်။ ဒီအသုံးကလည်း မြင်းပြိုင်ပွဲကနေ ဆင်းသက်လာတာပါ။ Front = ရှေ့ က၊ Runner = ပြေးသူ တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ရှေ့ ကပြေးနေသူ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ မြင်းပြိုင်ပွဲမှာဆိုရင်လည်း ရှေ့ မှာပြေးနေတဲ့မြင်းကို front runner လို့ ပြောနိုင်ပါတယ်။ အလားတူပဲ ရွေးကောက်ပွဲမှာဆိုရင်လည်း front runner ဟာ နိုင်ခြေကောင်းနိုင်သူကို ဆိုလိုပါတယ်။

It's very difficult to say who the front runner is in this Presidential race. Both are almost equal in the polls.
လက်ရှိ သမ္မတရွေးကောက်ပွဲမှာ ဘယ်ပုဂ္ဂိုလ်က ရှေ့ ကအသာစီးရနေတယ်ဆိုတာကို ပြောဖို့အတော်ခက်လှတယ်။ လူထုသဘောထားအမြင် စစ်တမ်းတွေမှာတော့ နှစ်ဦးစလုံးက ဆတူနီးပါး ရှိနေကြတယ်။