သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်း


တိုက်ရိုက် လင့်ခ်

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ An olive branch, Keep your cool နဲ့ Not off the table တို့ကို တင်ပြထားပါတယ်။

(၁) An olive branch

An olive branch (သံလွင်ပင်အခက်) ဖြစ်ပါတယ်။ ရှေးဂရိခေတ်တုန်းက သံလွင်ခက်နဲ့လုပ်တဲ့ ပန်းကုံးကို ခေါင်းပေါ်မှာ သရဖူအဖြစ် အမျိုးသမီးတွေဆောင်းလေ့ရှိသလို၊ အိုလံပစ်အားကစားပွဲတွေမှာ၊ အနိုင်ရသူတွေကို ဆုချီးမြင့်တဲ့အခါမှာ သံလွင်ခက်နဲ့ လုပ်ထားတဲ့ သရဖူကို ချီးမြင့်လေ့ရှိပါတယ်။ သံလွင်ခက်ကို ရောမအင်ပါယာခေတ်မှာ ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ သင်္ကေတအဖြစ် သုံးလာခဲ့တာပါ။ ချိုးဖြူတကောင်က သံလွင်ခက်ကို ချီထားတဲ့ သင်္ကေတကတော့ ရှေးဦးခရစ်ယာန်အနုပညာကနေ ဆင်းသက်လာပြီး၊ (၁၈) ရာစု ဗြိတိန်နဲ့ အမေရိကန်မှာ ဒါကို ငြိမ်းချမ်းရေးသင်္ကေတအဖြစ် အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒါကြောင့် An olive branch ရဲ့ အီဒီယံအဓိပ္ပါယ်က ငြိမ်းချမ်းရေး၊ ရန်လိုမုန်းထားစိတ် ပြေပျောက်ရေး၊ မနှစ်မြို့မှု၊ မကျေနပ်မှု ကို ဘေးဖယ်ထားပြီး ပြန်လည်ရင်ကြားစေ့ရေးကို ကမ်းလှမ်းတာ၊ အတိတ်က အာဃတတွေကို သင်ပုန်းချေတာ ဖြစ်ပါတယ်။

ဒီအသုံးကို နိုဝင်ဘာ (၃၀) ရက်နေ့က ကွယ်လွန်ခဲ့တဲ့ အမေရိကန်ရဲ့ (၄၁) ယောက်မြောက် သမ္မတ George H. W. Bush အတွက် ဝါရှင်တန်ဒီစီရှိ ခရစ်ယာန်ဘုရားကျောင်းတော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို လက်ရှိသမ္မတ Donald Trump တက်ရောက်ဖို့ ကွယ်လွန်သူသမ္မတရဲ့ ကျန်ရစ်သူမိသားစုကဖိတ်ကြားခဲ့တဲ့အတွက် Washington Post သတင်းစာကြီးက “A final journey to DC, marked by an olive branch” DC ကို နောက်ဆုံးသွားတဲ့ ခရီးကို ချစ်ကြည်ရေးကမ်းလှမ်းမှုနဲ့ အထိမ်းအမှတ် ပြုခဲ့တယ်ဆိုတဲ့ခေါင်းကြီးကိုရေးသားခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ သမ္မတ Trump ရဲ့ လုပ်ဆောင်ချက်တွေကို သမ္မတ Bush မိသားစုက မနှစ်သက်ခဲ့လို့ ခပ်ခွါခွါ နေခဲ့ကြပေမယ့်လဲသူ့ရဲ့နောက်ဆုံးခရီးဖြစ်တဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကိုတော့ ကျေအေးမှုနဲ့ သမ္မတ Trump ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The government held out “an olive branch” to armed groups and agreed to hold cease-fire talks.

အစိုးရက လက်နက်ကိုင်တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေးကမ်းလှမ်းပြီး အပစ်ရပ်ဆွေးနွေးဖို့ သဘောတူခဲ့တယ်။

(၂) Keep your cool

Keep (ထားတာ)၊your cool (သင့်ရဲ့အေးဆေးမှု) ဖြစ်ပြီး၊စကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်ကသင့်ရဲ့အေးဆေးမှုကို ဆက်ထိန်းထားတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အခက်အခဲ ပြဿနာတွေကို စိတ်ကိုအေးအေးထားပြီး ကိုင်တွယ်ဖြေရှင်းတာ၊ ဒေါသထွက်စရာကောင်းပေမဲ့တည်တည်ငြိမ်ငြိမ်၊ ဣန္ဒြေရရနဲ့ ရင်ဆိုင်ဖြေရှင်းတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးကို ကွယ်လွန်သူသမ္မတ Bush နဲ့ ပတ်သက်လို့ သူ့သမ္မတသက်တမ်း ၁၉၈၉-၉၃ ခုနှစ် စစ်အေးခေတ်ကာလတွင်း ၊ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲမှု၊ ဘာလင်တံတိုင်းကြီး ဖြိုချမှု၊ ကူဝိတ်ကို အီရတ်အာဏာရှင် ဆဒမ်ဟူစိန် ဝင်သိမ်းခဲ့လို့ ညွန့်ပေါင်းတပ်ဖွဲ့ပြီး စစ်ဆင်ရေးကို ဦးဆောင်နိုင်ခဲ့မှု စသဖြင့် ကမ္ဘာ့နိုင်ငံရေးမြင်ကွင်းတွေမှာ အပြောင်းအလဲကြီးတွေကို ရင်ဆိုင်ရာမှာ သမ္မတ Bush က အေးဆေးတည်ငြိမ်မှု ရှိခဲ့တယ်ဆိုပြီး Washington Post သတင်းစာကြီးက “Bush kept his cool as the world caught fire” ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

John’s comments were very insulting, but Mary managed to “keep her cool”.

John ပြောဆိုမှုတွေကသိပ်ကိုရိုင်းစိုင်းတာဘဲ။ ဒါပေမဲ့ Mary ကတော့ အေးအေးဆေးဆေး ဣန္ဒြေနဲ့ တုံ့ပြန်နိုင်ခဲ့တယ်။

(၃) Not off the table

Not off (အပေါ်မှာပဲ ရှိနေသေးတာ၊ ဖယ်မပြစ်သေးတာ)၊ the table (စားပွဲု) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စားပွဲပေါ်က ဖယ်မပြစ်သေးတာ ဖြစ်ပါတယ်။ Table က ဒီနေရာမှာ ဆွေးနွေးပွဲကို ကိုယ်စားပြု တဲ့အတွက်၊ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ဆွေးနွေးမှုတွေမှာ ထည့်သွင်းစဉ်းစားပေးနိုင်မဲ့ အခြေအနေရှိတာ၊ အလားအလာရှိတာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့ ဖြစ်နိုင်ခြေရှိတာ ၊လမ်းဖွင့်ထားဆဲရှိပြီး ပယ်မချသေးတဲ့ ကိစ္စရပ် ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump ရဲ့ မဲဆွယ်စည်ရုံးရေးမန်နေဂျာဟောင်း Paul Manafort ကရုရှားအိမ်ခြံမြေကိစ္စနဲ့ ပတ်သက်လို့ သူလိမ်လည်ထွက်ဆိုခဲ့တဲ့အကြောင်း ဖြောင့်ချက်ပေးခဲ့တဲ့အတွက် သူ့ကို အရေးယူဖို့ အခြေအနေရှိရာမှာ သမ္မတ Trump က သူ့လုပ်ပိုင်ခွင့်အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စဉ်းစားပေးနိုင်တယ်လို့ ပြောခဲ့တဲ့အတွက် Fox News က “Trump: Manafort pardon 'not off the table” ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The government said that no option on the peace deal was “off the table”.

ငြိမ်းချမ်းရေးရရှိဖို့ နည်းလမ်းမှန်သမျှကို လက်ခံဆွေးနွေးမယ်လို့ အစိုးရက ပြောခဲ့တယ်။

XS
SM
MD
LG