သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


Benny Gantz, Benjamin Netanyahu
Benny Gantz, Benjamin Netanyahu
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ To bow out, draw the line, neck and neck တို့ကို တင်ပြထားပါတယ်။

(၁) To bow out

To bow (ဦးညွှတ်တာ)၊ out (အပြင်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ဦးညွှတ်ပြီး အပြင်ထွက်တဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးရဲ့ သွယ်ဝိုက်အီဒီယံအဓိပ္ပါယ်ကတော့ ရာထူးကနေ သိက္ခာရှိရှိ ထွက်ပေးလိုက်တာ၊ အသာတကြည် လက်မြှောက်အရှုံးပေးလိုက်တာ၊ ပြိုင်ပွဲရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘဲ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်နဲ့ မက်စီကိုနယ်စပ် လူဝင်မှုကြီးကြပ်ရေး ပြဿနာနဲ့ ပတ်သက်ပြီး သမ္မတ Donald Trump နဲ့ တွေ့ဆုံပြီး DHS လို့ အတိုကောက်ခေါ်တဲ့ အမိမြေလုံခြုံရေး (Department of Homeland Security) ဝန်ကြီး Kirstjen Nielsen ရာထူးကနေ တနင်္ဂနွေနေ့က နုတ်ထွက်သွားခဲ့လို့ Washington Post သတင်းစာကြီးက Nielsen bows out as DHS secretary ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The company founder bowed out of his role as President because of his serious illness.

ကုမ္ပဏီမတည်သူက သူ့ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတာကြောင့် သူ ယူထားတဲ့ ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်သွားခဲ့တယ်။

(၂) Draw the line

Draw (ရေးဆွဲတာ၊ တားတာ)၊ the line (မျဉ်းကြောင်း) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျဉ်းကြောင်းတားတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ နေ့စဉ်ဘဝမှာ လူတဦးအနေနဲ့ ကိုယ်တတ်နိုင်ဆုံး လိုက်လျောနိုင်မှုကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ ဒါထက်ပို လုပ်မပေးနိုင်တာ၊ လက်မခံနိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့ စည်းချထားတာမျိုး၊ ဒါထက်ကျော်ပြီး လုပ်မပေးနိုင်တာကို ချပြတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို ဒီမိုကရက် အောက်လွှတ်တော်အမတ်တွေက သမ္မတ Trump လက်ရှိ ရာထူးမတိုင်မီ သန်းကြွယ်စီးပွားရေး လုပ်ငန်းရှင်ကြီးဘဝတုန်းက Income Tax ဝင်ငွေဆောင်ခဲ့တာတွေကို ခြောက်နှစ်စာ ထုတ်ပြန်ပေးဖို့ ဖိအားပေးတောင်းဆိုရာမှာ သမ္မတ Trump ရဲ့ အိမ်ဖြူတော်ယာယီအရာရှိချုပ်ဖြစ်တဲ့ Mick Mulvaney က သမ္မတ၏ Income Tax ဝင်ငွေခွန် ဆောင်ခဲ့တာတွေကို ဒီမိုကရက်အမတ်တွေကို ဘယ်တော့မှ ထုတ်မပေးနိုင်ဘူးလို့ စည်းချပြီး တနင်္ဂနွေက ငြင်းလိုက်တဲ့အတွက် Washington Post သတင်းစာကြီးက Mulvaney draws line on releasing Trump's taxes ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

John told me he has finally drawn the line about working more than forty hours a week.

John က တပတ်မှာ နာရီလေးဆယ်ထက် ပိုမလုပ်ဖို့ နောက်ဆုံးတော့ စည်းချလိုက်တယ်။

(၃) Neck and neck

Neck (လည်းပင်)၊ and (နှင့်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လည်းပင်နှင့်လည်းပင် ဖြစ်ပါတယ်။ ဒီအသုံးက မြင်းပြိုင်ပွဲက ဆင်းသက်လာတာပါ။ မြင်းပြိုင်ပွဲတွေကို ကြည့်ဖူးကြမယ်ဆိုရင် မြင်းတွေဟာ တကောင်နဲ့တကောင် အပြိုင်အဆိုင် ပြေးကြရာမှာ သိပ်ပြီးကပ်နေလို့ရှိရင် လည်းပင်ချင်းထပ်နေတဲ့ပုံကို မြင်ကြရမှာပါ။ ဒါကြောင့်လဲ Neck and neck ဆိုတာကတော့ သူမသာ ကိုယ်မသာ အခြေအနေမျိုး အနိုင်ရဖို့က သိပ်ကပ်နေတဲ့ အခြေအနေမျိုး သိပ်ကို အကြိတ်အနယ် ဖြစ်နေတဲ့ သဘောမျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီအသုံးကို ဧပြီလ (၉) ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ Israel ရွေးကောက်ပွဲကြီးမှာ လက်ရှိ ဝန်ကြီးချုပ် Benjamin Netanyahu အနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့တုန်းကတော့ Exit Poll လို့ခေါ်တဲ့ မဲပေးအပြီး မဲရုံအထွက်မှာ ကောက်ခံတဲ့ စစ်တမ်းတွေအရ ဝန်ကြီးချုပ် Netanyahu နဲ့ သူ့ပြိုင်ဘက် ကာကွယ်ရေးဦးစီးချုပ်ဟောင်း Benny Gantz တို့အပေါ် ထောက်ခံမှုဟာ သိပ်ပြီးအကြိတ်အနယ် ဖြစ်နေလို့ ဘယ်သူအနိုင်ရမယ်ဆိုတာကို ပြောဖို့ခက်နေတဲ့အတွက် Reuters သတင်းတပုဒ်မှာ Netanyahu နဲ့ သူ့ယှဉ်ပြိုင်ဘက်တို့ဟာ Israel ရွေးကောက်ပွဲ စောစောပိုင်း မဲရုံအထွက် ကောက်ခံတဲ့ စာရင်းတွေအရ မဲတွေ သိပ်ပြီးကပ်နေတယ်ဆိုပြီး Netanyahu, main rival neck and neck in Israel election's early exit polls ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The two candidates are neck and neck in public opinion surveys. So, it’s too early to say who will win at this point.

ကိုယ်စားလှယ်နှစ်ဦးတို့က လူထုသဘောထား ကောက်ခံချက်တွေမှာ သူမသာ၊ ကိုယ်မသာ ဖြစ်နေကြတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ ဘယ်သူအနိုင်ရမယ်ဆိုတာကို ပြောနိုင်ဖို့ စောလွန်းနေသေးတယ်။

XS
SM
MD
LG