ဒီတပတ် English American Style Idioms ကဏ္ဍမှာ ပေါင်မုန့် လို့ အဓိပ္ပါယ်ရတဲ့ Bread ကို အခြေခံတဲ့ Bread Winner, Bread Basket နဲ့ To know which side of the bread is buttered အီဒီယံအသုံးအနှုန်းတွေကို တင်ပြထားပါတယ်။
(၁) Bread Winner
Bread (ပေါင်မုန့်) ၊ winner (အနိုင်ရရှိသူ၊ ရှာဖွေနိုင်သူ)ဖြစ်ပြီး ၊ တိုက်ရိုက်အဓိပ္ပါယ်က ပေါင်မုန့်ကိုအနိုင်ရသူ၊ ပေါင်မုန့်ကိုရှာဖွေနိုင်သူ ဖြစ်ပါတယ်။ Bread ဆိုတဲ့ပေါင်မုန့်ဟာ ကျမတို့မြန်မာလူမျိုးတွေရဲ့ နေ့စဉ်အဓိက အစား အစာဖြစ်တဲ့ထမင်းလို အနောက်နိုင်ငံတွေမှာ နေ့စဉ်စားသုံးအဓိကအစာဖြစ်တာမို့ Bread ကို ဒီနေရာမှာ မိသားစုဝင်ငွေ မိသားစုစားဝတ်နေရေးအဖြစ် တင်စားသုံးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်ဒီအသုံးအနှုန်း ရဲ့ သွယ်ဝိုက်အီဒီယမ်အဓိပ္ပါယ်က မိသားစုဝင်ငွေကို အဓိက ရှာဖွေပေးသူု ဖြစ်ပါတယ်။ ကျမတို့မြန်မာမှာ လည်းထမင်းငတ်မယ်၊ထမင်းအိုးကွဲမယ် စသဖြင့် နေ့စဉ် ဘ၀ရှင်သန်ရေးကို ထမင်းနှင့်တင်စားသုံးနှုန်းထားတာရှိပါတယ်။အစဉ်အလာအရတော့ bread winner ဟာ အိမ်ထောင်ဦးစီးအမျိုးသားများကို ဆိုလိုတာဖြစ်ပေမဲ့၊ ကြပ်တည်းလာတဲ့ ခုခေတ်မှာတော့ မောင်ရောမယ်ပါ အလုပ်ထွက်လုပ်မှ မိသားစုစားဝတ်နေရေးဖူလုံမယ့် အခြေအနေဖြစ်တဲ့အတွက် Bread winner အဖြစ် မောင်ရော မယ်ကိုပါ တင်စားပြောလာကြပြီ ဖြစ်ပါတယ်။
ဥပမာ
My sister Mary has been working two different jobs ever since her husband got injured in a car accident.She is the “bread winner” of the family.
ကျနော့် ညီမ မယ်ရီဟာ သူခင်ပွန်းကားတိုက်ခံရပြီး ဒဏ်ရာရခဲ့ချိန်ကစလို အလုပ်၂ ခု လုပ်နေရရှာတယ်။ သူဟာမိသားစုဝင်ငွေကို အဓိကရှာဖွေပေးနေသူဖြစ်တယ်။
(၂) Bread Basket
Bread (ပေါင်မုန့်) ၊ basket (ချင်းတောင်း) ဖြစ်ပြီး၊ စကားစုရဲ့ တိုက်ရိုက် အဓိပ္ပါယ်က ပေါင်မုန်ချင်း တောင်း ဖြစ်ပါတယ်။ ပေါင်မုန့်ဟာအနောက်နိုင်ငံတွေရဲ့အဓိကအစားအစာဖြစ်သလို၊ ပေါင်မုန့်ဖုတ်ရာမှာသုံးတဲ့ဂျုံ ကိုအဓိကစိုက်ပျိုးတဲ့ဒေသတွေကိုလည်း Bread basket ရယ်လို့ရည်ညွှန်းသုံးပါတယ်။ အီဒီယမ် သွယ်ဝိုက်အဓိပ္ပါယ်က စပါးကျီ ဒေသကို ဆိုလိုပါတယ်။ နိုင်ငံတနိုင်ငံမှာအဓိကစားသုံးတဲ့ကောက်ပဲသီးနှံစိုက်ပျိုးရာ၊ ထွက်ရာဒေသကို ရည်ညွှန်းတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းကို စပါးကျီ ဒေသအဖြစ်ရည်ညွှန်းသလို ၊ အမေရိကန်ပြည်ထောင်စုမှာ အနောက်အလယ်ပိုင်းပြည်နယ်တွေ ကို Bread basket လို့ ရည်ညွှန်းပါတယ်။
ဥပမာ
The delta area is the “bread basket” of Myanmar.
မြစ်ဝကျွန်းပေါ်ဒေသဟာ မြန်မာနိုငိငံ ရဲ့ စပါးကျီ ဒေသ ဖြစ်ပါတယ်။
(၃) To know which side of the bread is buttered
To know (သိရှိတာ) which side က (ဘယ်ဘက်က) the bread (ပေါင်မုန့်) ၊ is buttered (ထောပတ်သုတ်ထားပြီး) ဖြစ်ပြီး ၊ စကားပိုဒ်တခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ပေါင်မုန့်ရဲ့ ဘယ်အခြမ်းဘက်မှာ ထောပတ်သုတ်ထားတယ်ဆိုတာ သိဖို့ လိုတယ်လို့အဓိပ္ပါယ်ရပါတယ်။ ပေါင်မုန့်စားမယ်ဆိုရင် ထောပတ်သုတ်စားလေ့ရှိပြီး ၊အဲဒီထောပတ်သုတ်ထားတဲ့ဘက်ကမှပိုအရသာရှိတာဖြစ်ပါတယ်။ နေ့စဉ် ဘ၀မှာလည်း ဒီအတိုင်းပါဘဲ။ ဘယ်သူက ကိုယ့်ကိုအကျိုးပြုနိုင်မယ်၊ ကိုယ့်ဘ၀တိုးတက်သာယာရေးအတွက် စောင်မပေးနိုင်မယ်ဆိုတာကို လူတဦးအနေနှင့်ပါးနပ် လိမ္မာမှုရှိရင်သိမှာဖြစ်ပါတယ်။ သိခဲ့ရင်တော့ “You know which side of the bread is buttered. “ လို့ဆိုရမှာပါ။ အရိပ်သုံးပါးနားမလည် ဘဲ ကိုယ့်အတွက်အကျိုးရှိမှာကိုမသိဘဲခပ်အအ ၊ ခပ်တုံးတုံး ဆိုရင်တော့ “You don’t know which side of the bread is buttered. “ လို့ဆိုရမှာပါ။ “To know which side of the bread is buttered” ရဲ့ အီဒီယမ် အဓိပ္ပါယ်က အရိပ်သုံးပါးနားလည်တာ၊ လျင်တာ၊ဘယ်သူ့က ကိုယ့်ကိုအကျိုးပြုမယ်၊ ဘယ်သူ့ ကို ဆရာတင်ရင် ကိုယ့်အတွက် အကျိုးရှိမယ် ဆိုတာကို ကွဲကွဲပြားပြား သဘောပေါက်နားလည်တာ၊ အကင်းပါးတာကို ဆိုလိုပါတယ်။
ဥပမာ
Fred sure knows “which side the bread is buttered.” He goes out of his way to please his boss!
Fred က ကိုယ့်အကျိုးအတွက်မြင်တဲ့ တကယ်လျင်တဲ့ လူပဲ။ သူ့ဆရာသဘောကျဖို့ ဘာဘဲလုပ်ရ လုပ်ရသူလုပ်ပေးတယ်။
ဒီတပတ် English American Style Idioms ကဏ္ဍမှာ တင်ပြခဲ့တဲ့ idiom အသုံးတွေက Bread winner, Bread basket နဲ့ To know which side of the bread is buttered တို့ဖြစ်ကြပါတယ်။