သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Breathe စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


A Ukraine boy near the sign "I breathe freely", Khreschatik, Kyiv.
A Ukraine boy near the sign "I breathe freely", Khreschatik, Kyiv.

ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အသက်ရှူတယ်လို့ိအဓိပ္ပါယ်ရတဲ့ Breathe စကားလုံးကို အခြေခံတဲ့ Breathe down someone’s neck, Won’t breathe a word နဲ့ Breathe easily တို့ကိုတင်ပြထားပါတယ်။


() Breathe down someone’s neck

Breathe (အသက်ရှူတာ)၊ down (အောက်)၊ someone’s (တဦးတယောက်ရဲ့)၊ neck (လည်ပင်း) ဆိုတော့ စကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ရဲ့ လည်ပင်းအနောက်နားကနေ အသက်ရှူထုတ်တာဖြစ်ပါတယ်။ တနည်းတော့ အသက်ရှူသံကြားရလောက်အောင် ကိုယ့်နောက်မှာလူတဦးကပ်ရပ်နေတာဖြစ်ပါတယ်။ အခုလိုလူတယောက် ကိုယ့်နောက်ကနေ ကပ်ရပ်လို့ အဲဒီလူရဲ့ အသက်ရှူသံကိုကြားနေရတယ်ဆိုရင်အကပ်ခံရတဲ့လူအနေနဲ့ ဘယ်လောက် အနေရ ခက်လိမ့်မလဲဆိုတာကိုစဉ်းစားကြည့်နိုင်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်းအလားတူပါဘဲ။ လူတဦးကို ထပ်ချပ်မကွာအနီးကပ်စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ မြန်မာမှာမျက်စိဒေါက်ထောက်ပြီး အကြည့်ခံရတယ်ဆိုတာနဲ့ တူတယ်လို့ ဆိုရမှာပါ။ ကိုယ်ဘာလုပ်နေလဲဆိုတာကိုတချိန်လုံးအနီးကပ်စောင့်ကြည့်ခြင်းခံရသူအနေနဲ့ တနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်ရသလို၊ စိတ်ဖိစီးမှုလည်း ခံရမှာ ဖြစ်ပါတယ်။ အနီးကပ်စောင့်ကြည့်တဲ့အပြင် ဟိုဟာမလုပ်သေးဘူးလား၊ ဒီဟာ မလုပ်သေးဘူးလားဆိုပြီးတောက်လျှောက်ဂျီတိုက်တာမျိုးကိုလည်း ဒီအသုံးနဲ့ ရည်ညွှန်းသုံးနိုင်ပါတယ်။ တနည်းဆိုတော့တချက်ကလေးမှအလွတ်မပေးဘဲတချိန်လုံးဂျီကျနေတာမျိုး၊ဖိအားပေး လုပ်ခိုင်းနေတာမျိုး၊ မလုပ်မချင်း အပြောမရပ်တဲ့ ဖြစ်ရပ်မျိုးတွေမှာ ဒီ အီဒီယံကိုသုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I can’t take it anymore ! So I told my boss to stop breathing down my neck !
ကျနော် ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ဒါကြောင့်မို့လို့ ကျနော်ကို အနီးကပ် တချိန်လုံး စောင့်ကြည့်မနေနဲ့လို့ ကျနော့် ဆရာသမားကို ပြောလိုက်တယ်။

() Won’t breathe a word

Won’t (မလုပ်တာ)၊ breathe (အသက်ရှူတာ)၊ a word (စကားလုံးတလုံး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ စကားလုံးတလုံးတောင်မှ အသက်ရှူမထုတ်ဘူးဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ မြန်မာမှာ အနီးစပ်ဆုံး ပြောရရင်တော့ စကားတလုံးတောင် မဟဘူးဆိုတာ ဖြစ်ပါတယ်။ တနည်းတော့ ကိုယ်သိထားတဲ့ အကြောင်းတခုခု၊ သူများ မသိစေချင်တဲ့ အကြောင်းတခုခုကို ဘယ်သူကိုမှ ပြန်မပြောပါဘူး။ သူများ မသိစေပါဘူးလို့ ကတိပေးတာနဲ့ တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I just found out John is going to lose his job soon. But please don’t breathe a word of it.
John တယောက် မကြာခင် အလုပ်ဖြုတ်ခံရတော့မယ်ဆိုတာကို ကျနော် အခုလေးတင်ပဲ သိလိုက်တယ်။ ဒါပေမဲ့ အဲဒီအကြောင်း ကျေးဇူးပြုပြီး ဘယ်သူကိုမှတလုံးတလေမှမဟပါနဲ့ဗျာ။

() To breathe easily

To breathe (အသက်ရှူတာ)၊ easily (လွယ်လွယ်နဲ့ လုပ်နိုင်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသက်ကောင်းကောင်းရှူနိုင်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ မြန်မာမှာ အနီးစပ်ဆုံး အသက်ရှူ ချောင်သွားတယ် လို့ပြောတာနဲ့ တူတယ်လို့ ဆိုရမှာပါ။ တနည်း စိတ်ဖိစီးမှုကြောင့် ဒုက္ခရောက်နေတာ၊ စိတ်သောက ရောက်နေတာနဲ့ ကြုံတွေ့နေရာ ကနေ ပြဿနာ ပြေလည်သွားတော့ နေသာထိုင်သာ ရှိသွားပြီး၊ စိတ်သက်သာရာ ရတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်ပါ။

Now that the matriculation results are out , I can breathe easily ! My daughter passed with five distinctions !
အခု ဆယ်တန်းစာမေးပွဲ အောင်စာရင်းတွေ ထွက်ပြီဆိုတော့ ကျနော်လည်း အသက်ရှူချောင်သွားတယ်လို့ ဆိုရမှာပါ။ ကျနော့်သမီးက (၅) ဘာသာ ဂုဏ်ထူးနဲ့ အောင်တယ်လေ။

ဒီသတင်းပတ်တင်ပြပေးခဲ့တဲ့ Breathe စကားလုံးကိုအခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Breathe down someone’s neck, Won’t breathe a word နဲ့ Breathe easily တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG