သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Card စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ဖဲချပ် (Card) နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Cards are stacked against, Stack the deck နဲ့ Keep cards close to chest တို့ကို တင်ပြထားပါတယ်။

(၁) Cards are stacked against

Cards (ဖဲချပ်တွေ)၊ Are Stacked က ဒီနေရာမှာ ဆင့်ထားတာ၊ ထပ်ထားတာဖြစ်ပြီး၊ Against (ဆန့်ကျင်တာ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဖဲချပ်တွေကို ဆန့်ကျင်ပြီးတော့ ဆင်ထားတာ၊ စီထားတာ ဖြစ်ပါတယ်။ ဖဲမကစားမီ ဖဲထုပ်ပါ ဖဲချပ်တွေကို ဒိုင်လုပ်တဲ့လူက ကုလားဖန်ထိုးပြီး ပြန်စီထားရတာ ဖြစ်ပါတယ်။ ဖဲညစ်ချင်တယ်ဆိုရင် ဒိုင်က ကစားတဲ့သူတွေ ရှုံးရလေအောင် ဖဲကိုဆင်ထားလေ့ရှိတော့ ဖဲဆင်ထားခြင်း ခံရတဲ့ ဖဲကစားသမားအားလုံးအနေနဲ့ နိုင်ဖို့ကမလွယ်၊ ရှုံးဖို့ကသေချာသလောက် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း အလားတူပါပဲ။ နေ့စဉ်ဘဝမှာ တဖက်မှာ အသာစီးရထားသူက ပြိုင်ဖက်အရှုံးပေါ်ရလေအောင် တမျိုးပြီးတမျိုး အဟန့်အတားတွေနဲ့ ချပေးထားတာ၊ ဆင်ပေးထားတာဖြစ်ပါတယ်။ အဲဒီ ခံရတဲ့လူအတွက်ကတော့ အခက်အခဲတွေတခုပြီးတခု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ Cards are stacked against လို့ တင်စားသုံးပါတယ်။ လူတဦးအနေနဲ့ ရင်ဆိုင်ရတဲ့ ပြဿနာက ကြီးမားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘန်းစကားအရ မလွယ်ကျောပေါ့။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Cards are stacked against the political party in trying to change the constitution.
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့ အဲဒီ နိုင်ငံရေးပါတီအတွက်တော့ မလွယ်ဘူး။ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကတော့ တခုပြီးတခုပါပဲ။

(၂) Stack the deck

Stack (ဆင်ထားတာ၊ ဆင့်ထားတာ)၊ the Deck က ဒီနေရာမှာ A deck of cards ဖဲတစ်ထုပ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဖဲတစ်ထုပ်ကို ဆင်ထားတာပေါ့။ စောစောကလိုပါပဲ ဖဲကုလားဖန်ထိုးပြီး ဖဲထုပ်ကို ဒိုင်ကဆင်ထားတယ်ဆိုရင် တဖက်ကစားသမားတွေအနေနဲ့ ရှုံးဖို့ပါပဲ။ တနည်းတော့ Stack the deck က တဖက်လူ ရှုံးရလေအောင် အကွက်ဆင်ထားတာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာဆို လူတဦးဦးအပေါ်ညစ်ပြီး မတရားအကွက်ဆင်ထားတာ၊ အမျိုးမျိုးဒုက္ခရောက်အောင် ပြုလုပ်ထားတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’m miserable in my office. The boss has stacked the deck against me.
ကျနော့်ရုံးထဲမှာ သိပ်ကိုစိတ်နေတာပဲဗျာ။ ဆရာသမားက အကွက်ဆင်ပြီး ကျနော်ကို ဒုက္ခအမျိုးမျိုးပေးနေတယ်။

(၃) Keep cards close to chest

Keep (ထားတာ)၊ Cards (ဖဲချပ်တွေ)၊ Close (အနီးကပ်ထားတာ)၊ to (နေရာကိုရည်ညွှန်းတာ)၊ Chest (ရင်ဘတ်) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ ဖဲချပ်တွေကို ကိုယ့်ရင်ဘတ်နား ကပ်ထားတာ ဖြစ်ပါတယ်။ ဒီအသုံးမှာ Keep အစား Play (ကစားတယ်) အဓိပ္ပါယ်ရတဲ့ စကားလုံးကိုလည်းသုံးပြီး Play cards close to chest လို့လည်း သုံးနိုင်ပါတယ်။ ဖဲကစားရာမှာ ကိုယ့်ဖဲကို ဘေးလူတွေ မမြင်ရအောင် အောက်ကိုမချဘဲ ကိုယ့်ရင်ဘတ်နား ကပ်ထားပြီး ကစားတဲ့သဘောမျိုးမို့ ၊ နေ့စဉ်ဘဝမှာလည်း ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ကိုယ်တခုခုကို လုပ်မယ်ဆိုရင် ကိုယ့်အကြံအစည်ကို သူများမသိစေဘဲ ကိုယ်ဘာသာ တိတ်တိတ်လေး ကြိတ်လုပ်နေတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ သူများကို အသိမပေးတာပေါ့။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It’s difficult to tell who Joe plans to marry. He plays his cards close to his chest.

Joe က ဘယ်သူကို လက်ထပ်ဖို့ ရည်ရွယ်ထားတယ်ဆိုတာကို ပြောဖို့က ခက်တယ်ဗျာ။ သူက သူများကို သိပ်အသိပေးတာ မဟုတ်ဘူး။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Card နှင့်ပတ်သက်တဲ့ idioms အသုံးတွေက Cards are stacked against, Stack the deck နဲ့ Keep cards close to chest တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG