ဒီသီတင်းပတ် English American Style ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့အီဒီယံအသုံးအနှုန်းတချို ဖြစ်တဲ့ Double down, To be cornered နဲ့  To go nuts နဲ့တို့ကို တင်ပြထားပါတယ်။
(၁) Double down
Double (နှစ်ဆ) down (အောက်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပာယ် အောက်ကို နှစ်ဆ ချလိုက်တာဖြစ်ပါတယ်။ ဒီအသုံးက Blackjack ဆိုတဲ့ Casino လောင်းကစားနည်းကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ Blackjack ဖဲကစားနည်းမှာ ဒိုင်က ပထမ ဖဲနှစ်ချပ်ဝေအပြီး၊ ဖဲသမားက ကိုယ့်လက်ထဲရောက်နေတဲ့ ဖဲတွေရဲ့အခြေအနေ ကောင်းနေရင် ဒိုင်က နောက်ဆုံးတချပ်မဝေမီ ဖဲသမားကသူပထမထိုးထားတဲ့လောင်းကြေးကို နှစ်ဆတိုး လောင်းခွင့်ရှိတာ ဖြစ်ပါတယ်။ တနည်းတော့ ကိုယ့်လက်ထဲမှာရှိနေတဲ့ ဖဲနှစ်ချပ်က နိုင်ခြေများတယ်ဆိုရင် ကိုယ်က ပိုအတင့်ရဲလာပြီး လောင်းကြေးနှစ်ဆတိုးတဲ့သဘောဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပာယ်က လူတဦးအနေနဲ့ အခြေအနေကောင်းလို့ တခုခုနဲ့ပတ်သက်လို့ အတင့်ရဲပြီး နှစ်ဆတိုးအားစိုက်လုပ်ဆောင်တာ ဒါမှမဟုတ် နှစ်ဆတိုး ဖိအားပေးလုပ်ဆောင်တာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump ဖေဖေါ်ဝါရီလ (၅) ရက်နေ့က လွှတ်တော်မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ နိုင်ငံ့အတွက် နယ်စပ်လုံခြုံရေးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုပဲ အလေးပေး ပြောကြားခဲ့တဲ့အတွက် The Atlantic စာစောင်မှာ “Trump Doubles Down “ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။
ဥပမာ
The people need “to double down” on their call to amend the country’s constitution.
လူတွေအနေနဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် နှစ်ဆတိုး ဖိအားပေး တောင်းဆိုသင့်ကြတယ်။
(၂) To be cornered
(To be) ဖြစ်စေတာ ၊ (cornered) က ဒီနေရာမှာ ဒေါင့်ပိတ်မိနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပာယ်က ဒေါင့်ပိတ်မိနေတဲ့ နေရာ ရောက်နေတာဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက် အဓိပ္ပာယ်ကလည်း သိပ်မကွာလှပါဘူး။ ကျမတို့မြန်မာမှာ ချောင်ပိတ်မိနေတာ၊ လွတ်လမ်း သိပ်မမြင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို ၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ် သမ္မတ Trump ကမက္ကဆီကိုနဲ့ နယ်စပ်လုံခြုံရေး အတွက် တံတိုင်းကြီးဆောက်လုပ်ပေးမယ်လို့ ကတိပေးခဲ့တဲ့အတွက်၊ သူပေးထားတဲ့ကတိကိုလိုက်နာဖို့ လိုအပ်နေတာဖြစ်ပါတယ်။
သမတအနေနဲ့ ကိုယ့်အတတ်ကိုယ်စူး ဆိုသလို တံတိုင်းဆောက်လုပ်ဖို့ ဒေါ်လာ ၅၃ ဘီလီယံကို မရမက တောင်းဆို ဖို့ကြိုးပမ်းရာမှာ အမေရိကန်အစိုးရတစိတ်တပိုင်း သမိုင်းတင်ကြာအောင်ပိတ်ခဲ့ရတဲ့ ၃၅ ရက်ကြာကာလနဲ့ ကြုံတွေ့ခဲ့ရသလို၊ သူ့ရဲ့ Republican လွှတ်တော်အမတ်တွေထံကလည်း ဆန့်ကျင်မှုတွေ ထွက်ပေါ်လာခဲ့တာကိုရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့ကြောင့်သူ့ ကတိတည်ဖို့ကြိုးပမ်းရာမှာလက်တွေ့မလွယ်ဘဲဖြစ်ပြီး၊မဖြစ်မနေလုပ်ပေးရတော့မဲ့ချောင်ပိတ်မိနေတဲ့အခြေဆိုက်နေတာမို့၊ The Political သတင်းစာကြီးက“Trump Cornered on Border Wall” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။
ဥပမာ
The boss was cornered on his promise to give pay raises to his employees.
ဆရာသမားက သူ့ဝန်ထမ်းတွေကို လစာတိုးပေးမယ်လို့ ပေးထားတဲ့ကတိနဲ့ချောင်ပိတ်မိနေတယ်။
(၃) To go nuts
To go (ဖြစ်စေတာ) ၊ nuts က အဓိပ္ပာယ်အမျိုးမျိုး ရှိပေမယ့် ၁၈၀၀ ခုနှစ်များက nut ကို လူ့ရဲ့ဦးခေါင်းအဖြစ် ဘန်းစကားမှာ အသုံးပြုခဲ့တာဖြစ်တဲ့အတိုင်း ဒီနေရာမှာ nuts ကို ဦးခေါင်းအဖြစ် ရည်ညွှန်းသုံးတယ်လို့ ဆိုရမှာပါ။ To go nuts ရဲ့ အီဒီယံအဓိပ္ပာယ်က ဦးနှောက်ချောင်တာ၊ ရူးတာ၊ အဓိပ္ပာယ်မရှိ လျှောက်လုပ်နေတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ သာမာန်အသုံးကတော့ “crazy” ဖြစ်တာ လို့ဆိုနိုငိပါတယ်။ To go nuts ကို ဒီအဓိပ္ပာယ်အပြင်၊ “Drive me nuts” ဆိုပြီး၊ drive နဲ့ တွဲသုံးရင် တခုခုကြောင့်မခံမရပ်နိုင်အောင် စိတ်ဆိုးဒေါသထွက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါ့အပြင်“I am nuts about something” ဆိုရင် တခုခုနဲ့ပတ်သက်ပြီးတော့ အရူးအမူးဖြစ်တာ၊ သိပ်ကို အငမ်းမရဖြစ်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ To go nuts အသုံးကို ၂၀၁၆ ရွေးကောက်ပွဲကာလက သမ္မတTrump နဲ့ ရုရှား အဆက်အသွယ်တွေအကြောင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အမေရိကန်အောက်လွှတ်တော်သစ်မှာ အမတ်အများစုနေရာရလိုက်တဲ့ ဒီမိုကရက်တွေက ခုတလောဖိအားတိုးပေးလာတဲ့အတွက် Trump က သူ့ကိုအကန့်အသတ်မရှိ လိုက်နှောင့်ယှက်နေတဲ့ ဒီမိုကရက်တွေဟာ ဦးနှောက်ချောင်ကုန်ကြပြီဆိုပြီးဝေဖန်ခဲ့တဲ့အတွက် Fox News မှာ “President Trump says, Democrats are going nuts with unlimited presidential harassment” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဥပမာ
John said he was going nuts with all his financial woes.
John က သူ့ရဲ့ ငွေရေးကြေးရေ:ပြဿနာတွေကြောင့် သူဦးနှောက်ချောက်နေပြီလို့ပြောခဲ့တယ်။
ဒီသီတင်းပတ်တင်ပြခဲ့တဲ့ အီဒီယုံအသုံးတွေက Double down, To be cornered နဲ့ To go nuts တို့ ဖြစ်ကြပါတယ်။