သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Double down, Put on the back burner နဲ့ Hang by a thread တို့ကို တင်ပြထား ပါတယ်။

(၁) Double down

Double (နှစ်ဆ)၊down (အောက်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပာယ်က အောက်ကိုနှစ်ဆချလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးက Blackjack ဆိုတဲ့ casino လောင်းကစားနည်းကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ Blackjack ဖဲကစားနည်းမှာ ဒိုင်က ပထမ ဖဲနှစ်ချပ်ကိုဝေအပြီးမှာ ကစားသမားက ကိုယ့်လက်ထဲရောက်နေတဲ့ ဖဲတွေရဲ့အခြေအနေ ကောင်းနေရင် ဒိုင်က နောက်ဆုံးတချပ်မဝေမီ ကစားသမားက ပထမလောင်းကြေးကို နှစ်ဆတိုး လောင်းခွင့်ရှိတာ ဖြစ်ပါတယ်။ တနည်းတော့ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ဖဲနှစ်ချပ်က နိုင်ခြေများတယ်ဆိုရင် ကိုယ်က ပိုအတင့်ရဲလာပြီး လောင်းကြေးကို နှစ်ဆတိုးတဲ့သဘော ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပာယ်က လူတဦးအနေနဲ့ အခြေအနေကောင်းလို့ တခုခုနဲ့ ပတ်သက်လို့ အတင့်ရဲပြီး နှစ်ဆတိုးရင်း လုပ်ဆောင်တာ၊ ဒါမှမဟုတ် နှစ်ဆတိုး ဖိအားပေး လုပ်ဆောင်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို Iran က ၂၀၁၅ နိုင်ငံတကာ nuclear သဘောတူစာချုပ်ကို လိုက်နာမှုလျှော့ချမယ်လို့ ဗုဒ္ဒဟူးနေ့က ကြေငြာခဲ့တာကြောင့် အမေရိကန်က အပြင်းဆုံး ဖိအားကို နှစ်ဆတိုးပေးတဲ့ ကြိုးပမ်းမှုအဖြစ် ဒဏ်ခတ်မှုအသစ်တွေ Iran အပေါ် ထပ်ချလိုက်တာကြောင့် CNN သတင်းမှာ “US set to double down on 'maximum pressure' as Iran eases adherence to nuclear deal” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The people need to “double down” on their calls for press freedom in the country.

လူတွေအနေနဲ့ နိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် နှစ်ဆတိုး ဖိအားပေး တောင်းဆိုသင့်ကြတယ်။

(၂) Put on the back burner

Put on (အပေါ်မှာတင်တာ) ၊ back (အနောက်)၊ burner (မီးဖို) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အနောက်ဖက်မှာရှိတဲ့ မီးဖိုပေါ်မှာတင်ထားတာ ဖြစ်ပါတယ်။ အိမ်မှာ မီးဖိုချောင် ဝင်ကြသူတွေ သိကြမှာပါ။ အထူးသဖြင့် ခေတ်မှီ ဂက်စ် (gas) ဒါမှမဟုတ် လျှပ်စစ်မီးဖိုတွေဆိုရင် အများအားဖြင့် (၄) ဖိုတွဲ ဖြစ်ကြတာမို့ ၊ အသုံးများတာက ရှေ့က (၂) ဖို ဖြစ်ပါတယ်။ အရင်ချက်ပြုတ်ဖို့ လိုတာကို ရှေ့မီးဖိုမှာ တင်ချက်ပြီး၊အရင်မလိုတဲ့ဟာကိုတော့ နောက်မီးဖိုမှာထားပြီး၊ အချိန်ရမှာ ချက်တော့မယ်လို့ ဆိုင်းထားလေ့ ရှိပါတယ်။ ဒီအတိုင်းပါပဲ Put on the back burner ရဲ့ အီဒီယံအဓိပ္ပာယ်က ကိစ္စတခုကို အရေးမကြီးတဲ့ အနေအထားမျိုး၊ နောက်မှလုပ်မယ့် အနေအထားမျိုးမှာထားတာ ဖြစ်ပါတယ်။ တခုခုကို ဦးစားပေးလုပ်မယ့် အနေအထားမျိုး မရှိတာ၊ ဘေးဖယ်ထားတာ၊ ခဏ အသာထားတဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးကို အမေရိကန်သမတ Donald Trump က တရုပ်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ဖို့ ပြင်ဆင်နေတာကြောင့် တရုတ်ကဥရောပနဲ့ ကုန်သွယ်ရေးသဘောတူညီမှု ရရှိဖို့ကို အသာခဏဘေးဖယ်ထားပြီး၊ အမေရိကန်က ချမှတ်မယ့် အခွန်ပြဿနာဆိုတဲ့မီးကို အရင်ဦးစားပေးဖြေရှင်းမယ်လို့ ဆုံးဖြတ်လိုက်တာကြောင့် South China Morning Post သတင်းစာကြီးက “China ‘puts Europe trade deal on back burner’ to put out US tariff fire “ ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Jane put her career “on the back burner” after her marriage to Jim.

Jane က Jim နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း သူ့ရဲ့ အသက်မွေးဝမ်းကျောင်းရှေ့ရေးကို ဦးစားမပေးတော့ဘူး။

(၃) To hang by a thread

To hang by (တွဲလောင်းကျနေတာ ၊ချိတ်နေတာ) ၊ a thread (အပ်ချည်တမြှင်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အပ်ချည်တမျှင်နဲ့ တွဲလောင်းကျနေတာ ဖြစ်ပါတယ်။ ဒီအသုံးမှာ a thread အစား ဆံပင်လို့အဓိပ္ပါယ်ရတဲ့ hair နဲ့ အစားထိုးပြီး To hang by a hair လို့လဲသုံးလို့ ရပါတယ်။ အီဒီယံအဓိပ္ပာယ်က တခုခုပြတ်ကျဖို့ အပ်ချည်တမြှင် ဒါမှမဟုတ် ဆံချည်တမြှင်စာလောက်ပဲ လိုတော့တယ်ဆိုတဲ့သဘောအတိုင်း အခြေအနေတခုခုဟာ ပျက်စီးဖို့၊ ပျက်သုဉ်းဖို့ တည်းတည်းလေး လိုတော့တဲ့အနေအထားမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ကျမတို့မြန်မာမှာတော့ တခုခုဖြစ်ဖို့ သီသီလေးလိုတော့တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်ကို တရုတ်ကတင်သွင်းနေတဲ့ ဒေါ်လာ Billion ၂၀၀ ဖိုးရှိတဲ့ ကုန်စည်တွေ အပေါ်အခွန် ၂၅ % အထိ စည်းကြပ်ဖို့ သမ္မတ Trump က ပြင်ဆင်နေတဲ့အတွက် အာရှ stock ဈေးတွေ အပေါ်ရိုက်ခတ်မှုရှိလာပြီး အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲတွေလည်း ပျက်ဖို့တည်းတည်းလေး ဖြစ်နေတဲ့အတွက် Asia Times သတင်းစာကြီးက “China-US trade talks hang by a thread” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The governor’s political future “hung by a thread” after the bribery scandal.

လာဘ်စားတဲ့အရှုပ်တော်ပုံ ဖြစ်ခဲ့အပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ နိုင်ငံရေး အနာဂတ်ဟာ အဆုံးသတ်ဖို့ တည်းတည်းလေးလိုတော့တယ်။

XS
SM
MD
LG