ဒီတပတ် English American Style Idioms ကဏ္ဍမှာ Down (အောက်) ကိုအခြေခံတဲ့ Hunker down, Hand-me-down နဲ့ Bring down the house တို့ကို တင်ပြထားပါတယ်။
(၁) Hunker down
Hunker က မြန်မာမှာ အနီးစပ်ဆုံးရှင်းရရင် ခန္ဓာကိုယ် အနေအထားက ဆောင့်ကြောင့်ထိုင်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ Down (အောက်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အောက်ကိုဆောင့်ကြောင့် ထိုင်ချလိုက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ အောက်ကိုဆောင့်ကြောင့် ထိုင်ချလိုက်တာဆိုတာကတော့ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး အကာအကွယ်ယူထားတဲ့ ပုံစံအနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အန္တရာယ်ရှိလို့၊ ရန်ရှိလို့ ကိုယ့်ကိုကိုယ် လုံခြုံအောင် အနေအထားမျိုးယူတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Tens of millions of residents hunkered down in their homes to ride out the recent snow storm which dumped over two feet of snow.
မြို့ နေလူသန်းနဲ့ချီပြီး မကြာသေးခင်က ကျခဲ့တဲ့ နှင်းမုန်တိုင်းအပြီးအထိ ဘေးကင်းစွာ သူတို့ နေအိမ်တွေမှာခိုအောင်းပြီး နေခဲ့ကြတယ်။
Hunker down ဆိုတဲ့ အီဒီယံအသုံးမှာ နောက်အဓိပ္ပါယ်တမျိုးလည်း ရှိပါတယ်။ အဲဒါကတော့ လွယ်လွယ်နဲ့ အရှုံးမပေးဘဲ၊ ဇွဲမလျှော့ဘဲ၊ အားတင်းထားတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John, you have to hunker down and practice if you want to win the competition.
John ရေ ၊ မင်း ပြိုင်ပွဲမှာ အနိုင်ရချင်တယ်ဆိုရင်တော့ မလျှော့တဲ့လုံ့ လနဲ့ ဇွဲရှိရှိ လေ့ကျင့်ဖို့ လိုတယ်။
(၂) Hand-me-down
Hand (ပေးတာ)၊ me (ကျနော်၊ ကျမ) down (အောက်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကျနော်ကျမကို လက်ဆင့်ကမ်းပြီး ချပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ အထူးသဖြင့် အစ်ကိုတွေ၊ အစ်မတွေက သူတို့နှင့်မတော်တော်တဲ့အ၀တ်အစားတွေ၊ သူတို့ မသုံးတော့တဲ့ပစ္စည်း တွေကို ညီငယ်၊မောင်ငယ်၊ညီမငယ်တွေကို လက်ဆင့်ကမ်းပေးတာကို ဖြစ်ပါတယ်။ မြန်မာဘန်းစကားမှာတော့ အကျတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Hand-me-down အီဒီယံအသုံးမှာ ဝေါဟရသုံးလုံးကြားမှာ Hyphen (-) တွေခံ ပြီး နာမ် Noun အဖြစ် သုံးထားတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Mary has eight brothers and sisters. So all of the younger ones are used to hand-me-downs!
Mary က မောင်နှမ (၈) ယောက် ရှိတယ်လေ။ ဒါကြောင့်မို့ အကြီးတွေရဲ့  အကျတွေကို ဝတ်ရတာ၊ သုံးရတာ အငယ်တွေအတွက်မဆန်းပါဘူး။
(၃) Bring down the house
Bring (ဖြစ်စေတာ)၊ down (အောက်) ၊ bring down က (အောက်ကိုကျစေတာ၊ ပြိုစေတာ) ၊၊ the house (အိမ်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အိမ်ကိုအောက်ကို ပြိုကျစေတာ ဖြစ်ပါတယ်။ အီဒီယံအသုံးရဲ့  အဓိပ္ပါယ်က ဖျော်ဖြေမှုတခုမှာ ပရိသတ်က သိပ်ကိုသဘောကျလို့ အသံကျယ်လောင်စွာ သြဘာလက်ခုပ်ဝိုင်းတီးကြတာ အဆောက်အဦးကြီး ပြိုကျသွားမတတ် ဟိန်းသွားတဲ့သဘောမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ မြန်မာမှာတော့ သြဘာသံက ဝက်ဝက်ကွဲဆိုတဲ့ အသုံးနဲ့ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The pop singer brought down the house with her latest hit song!
ခေတ်ပေါ်အဆိုတော်က သူ့ရဲ့  နောက်ဆုံးပေါ် လူကြိုက်များလှတဲ့ သီချင်းနဲ့ ဖျော်ဖြေတော့ ပရိသတ်က သြဘာပေးခဲ့တာ ဝက်ဝက်ကွဲပဲ။
ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Down ကို အခြေခံပြီး ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေက Hunker down, Hand-me-down နဲ့ Bring down the house တို့ ဖြစ်ကြပါတယ်။