သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fire စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ မီး (Fire) စကားလုံးဆိုင်ရာ အီဒီယံများဖြစ်တဲ့ The Fat is in the fire, Add fuel to the fire နဲ့ Put someone’s feet to the fire တို့ကို တင်ပြထားပါတယ်။

(၁) The fat is in the fire

The fat (အဆီ)၊ is (ဖြစ်တာ)၊ in (အထဲမှာ)၊ the fire (မီး) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မီးထဲကိုအဆီကျတာ ဖြစ်ပါတယ်။ အဆီဟာ မီးထဲကျတဲ့ဆိုရင် ပျော်ပြီး မီးထတောက်စေပါတယ်။ မီးဆိုတာ အများအားဖြင့်ပြဿနာနှင့်တင်စားပြောလေ့ရှိတဲ့အတွက်လည်း ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က မလွဲမသွေပြဿနာတက်တော့မှာ ၊ ဒုက္ခရောက်တော့မှာကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းအကျိုးနဲတဲ့ အခြေအနေကိုရောက်တာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The fat is in the fire! My exams are next week and I haven’t studied well.
ကျနော်တော့ ပြဿနာတက်တော့မယ်။ နောက်တပတ်ဆိုရင် စာမေးပွဲတွေရှိတယ်။ ကျနော်လည်း ကောင်းကောင်း စာမကျက်ရသေးဘူး။

(၂) Add fuel to the fire

Add (ထပ်ပေါင်းတာ၊ထပ်ထည့်တာ)၊ fuel (လောင်စာဆီ)၊ to (သို့)၊ the fire (မီး) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မီးထဲကို လောင်စာဆီ ထပ်ထည့်တာပေါ့။ တောက်နေတဲ့ မီးထဲကို ဓါတ်ဆီ ဒါမှမဟုတ် ရေနံဆီ လောင်းထည့်လိုက်မယ်ဆိုရင် မီးတောက်က ပိုကြီးလာမှာ ဖြစ်ပါတယ်။ အလားတူပဲ၊ အီဒီယံအဓိပ္ပါယ်ကလည်း ဖြစ်နေတဲ့ ပြဿနာကို ပိုကြီးစေတာ၊ စိတ်ဆိုးနေတဲ့ လူတဦးကို ပိုပြီးစိတ်ဆိုးအောင် လုပ်တာ၊ ဆိုးနေတဲ့ အခြေအနေကို ပိုပြီးဆိုးအောင် လုပ်တာကို ဆိုလိုပါတယ်။ မြန်မာမှာတော့ မီးလောင်ရာလေပင့်တဲ့သဘောမျိုး၊ ယမ်းပုံမီးကျတဲ့သဘောမျိုးနဲ့တူတယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The government will only add fuel to the fire in the labor dispute if union members are arrested.
အလုပ်သမားပြဿနာမှာ သမဂ္ဂအဖွဲ့ဝင်တွေကို ဖမ်းဆီးမယ်ဆိုရင် အစိုးရအနေနဲ့ မီးလောင်ရာ လေပင့်လုပ်သလို ဖြစ်လိမ့်မယ်။

(၃) Put someone’s feet to the fire

ဒီအသုံးကို Put အစား ကိုင်တယ်လို့ အဓိပ္ပါယ်ရတဲ့ Hold နဲ့ အစားထိုးပြီးတော့ Hold someone’s feet to the fire လို့လည်း ပြောလို့ရပါတယ်။ Put (ထားတာ)၊ someone’s (တဦးတယောက်ရဲ့)၊ feet (ခြေထောက်တွေ)၊ to (သို့)၊the fire (မီး) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးရဲ့ ခြေထောက်တွေကို မီးနားကိုတိုးထားတာ၊ အပူနားကိုတိုးပြီးမီးမြှိုက်ဖို့ လုပ်တာကို ဆိုလိုပါတယ်။ ဒီအသုံးဆင်းသက်လာတာ အမျိုးမျိုးရှိပါတယ်။ တခုကတော့ လူတဦးရဲ့ သတ္တိကို စမ်းသပ်ရာမှာ သူ့ခြေထောက်တွေကို မီးမြှိုက်ပြီး စမ်းသပ်တာကနေဆင်းသက်လာသလို နောက်တမျိုးကတော့ တခုခုကို မဖြစ်မနေ ပြုလုပ်ရအောင်လို့ ခြေထောက်တွေကို မီးနားတိုးပြီး နှိပ်စက်ရာကနေ ဒီအသုံးဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒီအသုံးရဲ့ အီဒီယံကလည်း ရှင်းပါတယ်။ လူတဦးအနေနဲ့ သူ့ခြေထောက်တွေကို မီးနားတိုးမယ်၊ သူ့ခြေထောက်တွေ မီးမြှိုက်ခံရမယ်ဆိုရင် အဲဒီလူက ကြောက်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအသုံးက၊ နေ့စဉ်ဘဝမှာ လူတဦးအနေနဲ့ မဖြစ်မနေ လုပ်ပေးလာဖို့ရာ အဲဒီလူကို ခပ်ပြင်းပြင်း ဖိအားပေးတာ၊ အကြပ်ကိုင်တာ တနည်း မြန်မာမှာတော့ အပူမီးတိုက်တာမျိုးလို့ ဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Journalists in this country need to put the minister’s feet to the fire to get more press freedom.
အဲဒီနိုင်ငံမှာရှိတဲ့ သတင်းသမားတွေအနေနဲ့ သတင်းလွတ်လပ်ခွင့် ပိုရအောင် ဝန်ကြီးကို ပြင်းပြင်းထန်ထန် ဖိအားပေးသင့်တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ Idiom အသုံးတွေက The Fat is in the fire, Add fuel to the fire နဲ့ Put someone’s feet to the fire တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG