သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fly စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Air Force F-16
Air Force F-16

ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ပျံတယ် လို့အဓိပ္ပါယ်ရတဲ့ Fly စကားလုံးကို အခြေခံတဲ့ When pigs fly, Pass with flying colors နဲ့ Fly by night တို့ကိုတင်ပြထားပါတယ်။

() When pigs fly

When (ဖြစ်လာမယ့်အချိန်ကို ရည်ညွန်းတာ)၊ pigs (ဝက်တွေ)၊ fly (လေထဲမှာ ပျံတာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဝက်တွေ လေထဲမှာ ပျံနိုင်တဲ့အခါ ဖြစ်ပါတယ်။ ဝက်ဆိုတဲ့ ခြေလေးချောင်းသတ္တဝါဟာ အတောင်မပါတဲ့အတွက် ဘယ်တော့မှ လေထဲမှာ ပျံနိုင်မှာ မဟုတ်သလို၊ When pigs fly ရဲ့ အီဒီယံအဓိပ္ပါယ်က မဖြစ်နိုင်တာ၊ မရနိုင်တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ မြန်မာမှာတော့ မိုးပြိုခဲ့ရင် ပြောသလိုနဲ့ တူတယ်လို့ ဆိုရပါလိမ့်မယ်။ ဘန်းစကားအရတော့ ဖြစ်ပါလိမ့်မယ်အားကြီး ပြောတာနဲ့ တူတယ်လို့ ပြောနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John thinks his football team will win the championship, but I told him when pigs fly! The other teams are much better.
John က သူ့ရဲ့ဘောလုံးအသင်း ချန်ပီယံဆု ရလိမ့်မယ်လို့ ထင်နေတာ။ ကျနော်က ရပါလိမ့်မယ် အားကြီးလို့ သူကိုပြောလိုက်တယ်။ တခြားအသင်းတွေက သူ့အသင်းထက် ပိုပြီးသာကြတယ်။

() To pass with flying colors

To pass (အောင်မြင်ဖို့)၊ with (နှင့်)၊ flying (ပျံနေတာ)၊ colors (အမေရိကန်စာလုံးပေါင်း)၊ colours (ဗြိတိသျှ စာလုံးပေါင်း) က အရောင်များဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပျံနေတဲ့အရောင်တွေနဲ့ အောင်မြင်တာဖြစ်ပါတယ်။ ဒီအသုံးက ပင်လယ်ရေကြောင်း သွားလာမှုကနေ ဆင်းသက်လာတာပါ။ ရှေးတုန်းက ပင်လယ်ပြင်မှာ စစ်တိုက်ကြတဲ့အခါ အောင်ပန်းဆွတ်ခူးကြတဲ့ သင်္ဘောတွေအနေနဲ့ ဌာနေအပြန်မှာ Colors ဆိုတဲ့ အလံ (Flag) ကို လွှင့်ထူပြီး ပြန်လာတဲ့ဓလေ့ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဒီနေရာမှာ Flag အလံကို Colors လို့ လည်းခေါ်တာဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ အောင်လံတလွင့်လွင့် လွှင့်ထူပြီး ပြန်လာတာပေါ့။ နေ့စဉ်အသုံးမှာတော့ ထူးထူးချွန်ချွန် အောင်မြင်တာဖြစ်ပါတယ်။ အထူးသဖြင့် စာမေးပွဲတွေမှာ ဂုဏ်ထူး အများကြီးနဲ့အောင်တယ်၊ အမှတ်သိပ်ကောင်းတယ်ဆိုရင် Pass with flying colors လို့ တင်စားပြောပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My son passed his matriculation examination with flying colors! He got six distinctions!
ကျနော့်သားက ဆယ်တန်းစာမေးပွဲကို သိပ်ကိုထူးချွန်စွာ အောင်မြင်ခဲ့တယ်။ ခြောက်ဘာသာ ဂုဏ်ထူးတောင် ရခဲ့တယ်။

() Fly by night

Fly (လေထဲပျံတာ)၊ by (ဖြင့်)၊ night (ည) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ညအချိန်မှာပျံတာ ဖြစ်ပါတယ်။ ဒီအသုံးကတော့ ရှေးတုန်းက ပုံပြင်ဖြစ်တဲ့ စုန်းမကြီးတယောက်က မကောင်းတာတွေ ပြုလုပ်ခဲ့ပြီးနောက်၊ ညအချိန်မှာ ထွက်ပြေးတဲ့ ပုံပြင်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ညဆိုတာ တနည်းအားဖြင့် မှောင်တဲ့အချိန်ဖြစ်ပြီး ခိုးကြောင်ခိုးဝှက် လုပ်ရတဲ့လုပ်ငန်းမျိုးသဘောနဲ့ ပတ်သက်နေတော့ အဲဒီလိုလုပ်တဲ့ လူမျိုးဟာလည်း စိတ်မချရတာမို့ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က လူဆိုရင် စိတ်မချရတဲ့လူ၊ လုပ်ငန်းဆိုရင်လည်း ပေါ်ပင်လုပ်ရတဲ့ လုပ်ငန်းမျိုး၊ ကြာရှည်မမြဲမယ့် လုပ်ငန်းမျိုး၊ အခြေသိပ်မခိုင်တဲ့ လုပ်ငန်းမျိုးကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ ပျံကျလုပ်ရတဲ့ အလုပ်မျိုး၊ မှောင်ရိပ်ခိုပြီး လုပ်ရတဲ့အလုပ်မျိုး၊ တိုးတိုးတိတ်တိတ် လုပ်ရတဲ့အလုပ်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

His business is a fly by night operation. So, I don’t want to have anything to do with it !
သူ့စီးပွားရေး လုပ်ငန်းက ပေါ်ပင်လုပ်တဲ့ လုပ်ငန်းမျိုးဖြစ်တော့ ကျနော်အနေနှင့် အဲဒီလိုလုပ်ငန်းမျိုးနှင့် ဘာမှ မပတ်သက်ချင်ဘူးဗျာ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Fly စကားလုံးကို အခြေခံတဲ့ Idiom အသုံးတွေက When pigs fly, Pass with flying colors နဲ့ Fly by night တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG