သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Foot စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ခြေထောက် လို့အဓိပ္ပါယ်ရတဲ့ Foot ဝေါဟာရကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Put your foot down, Get your foot in the door နဲ့ Put your best foot forward တို့ကို တင်ပြထားပါတယ်။

(၁) Put your foot down

Put (ချတာ)၊ your (သင့်ရဲ့)၊ foot (ခြေထောက်)၊ down (အောက်) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သင့်ရဲ့ ခြေထောက်ကို အောက်ချတာ ဖြစ်ပါတယ်။ လူတွေကို သူတို့ပြောစကား အပြင်အပြုအမူဆိုတဲ့ Body language နဲ့လည်း အကဲခတ်လို့ရပါတယ်။ ခြေထောက်ကိုအောက်ချပြီဆိုတဲ့ အပြုအမူက ဘယ်လိုသဘောပါလဲ။ လူတဦးအနေနဲ့ သူ့ခြေထောက်ကိုဆောင့့််ပြီး အောက်ချလိုက်တယ်ဆိုရင် တခုခုကို အခိုင်အမာလုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အပြုအမူမျိုးလို့ ယူဆရမှာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း အလားတူပါပဲ။ တခုခုကိုလုပ်ဖို့ အခိုင်အမာ ဆုံးဖြတ်တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ကျမတို့မြန်မာ ဘန်းစကားမှာဆိုရင်တော့ အပြတ်လုပ်လိုက်တာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John suffered a heart attack. So his wife put her foot down and ordered him to stop drinking.
John တစ်ယောက်နှလုံးလေဖြတ်တယ်။ အဲဒီတော့အရက်မသောက်ရဘူးလို့ သူ့မိန်းမကအပြတ်အမိန့် ထုတ်လိုက်တယ်။

(၂) Get your foot in the door

Get (တခုခုဖြစ်ဖို့ စလုပ်တာ)၊ your (သင့်ရဲ့)၊ foot (ခြေထောက်)၊ in (အထဲ)၊ the door (တံခါး) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သင့်ရဲ့ခြေထောက်ကို တံခါးအတွင်းဖက်ရောက်အောင်လှမ်းဝင်ထားတာကို ဆိုလိုပါတယ်။ ဒီအသုံးရဲ့ပုံကိုမျက်စိထဲမြင်ကြည့်မယ်ဆိုရင် တံခါးနည်းနည်းပွင့်လာလို့ လူတစ်ဦးကသူ့ခြေထောက်ကို ရှေ့ထိုးပြီးဝင်ထားတယ်ဆိုရင် အဲဒီတံခါးက ပြန်မပိတ်နိုင်တော့ဘဲ ဆက်ပွင့်ဖို့ပဲ ရှိပါတယ်။ နေ့စဉ်ဘဝမှာလည်း ဒီအတိုင်းပါပဲ။ တစ်ခုခုကိုကိုယ်ကနည်းနည်းစထားလိုက်ပြီဆိုရင် ရှေ့မှာ လမ်းပွင့်နိုင်ဖို့ အခွင့်အလမ်းကိုဖန်တီးပေးရာရောက်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပ။ဲ Get your foot in the door လို့ပြောရင် ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ စထားလိုက်ရင် မြေစမ်းခရမ်းပျိုးပြီးသား ဖြစ်တဲ့သဘောမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ အလုပ်တစ်ခုကို လျှောက်နိုင်ဖို့က အဲဒီလုပ်ငန်းမှာ လုပ်အားသွားပေးထားမယ်ဆိုရင် အလုပ်ခေါ်တဲ့အခါကြတော့ ကိုယ်က လုပ်ငန်းသဘော နားလည်ပြီးသား ဖြစ်နေတဲ့အတွက်၊ကိုယ်လျှောက်ရင် သူများထက်စာရင် အလုပ်ရဖို့ ကိုယ့်မှာအခွင့်အလမ်း ပိုရထားတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I got my foot in the door by first working part-time with the company. Now after ten years, I have become a manager.
ကျနော် အဲ့ဒီကုမ္မဏီမှာအချိန်ပိုင်း အလုပ်သမားအဖြစ် စဝင်လုပ်ခဲ့တာ။ အခုဆယ်နှစ်လုပ်ပြီးသွားတဲ့အခါမှာတော့ ကျနော်လည်း မန်နေဂျာဖြစ်နေပြီ။


(၃) Put your best foot forward

Put (ထားတာ)၊ your (သင့်ရဲ့)၊ best (အကောင်းဆုံး)၊ foot (ခြေထောက်)၊ forward (ရှေ့သို့) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရှေ့ခြေလှမ်းရာမှာ ကိုယ့်အကောင်းဆုံး ခြေလှမ်းကို ပထမလှမ်းတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ တစ်ခုခု လုပ်တော့မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိစေမယ့်၊ အမှတ်ရစေမယ့်အပြုအမူနှင့်စလုပ်ဖို့ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

When you go for your job interview, try to put your best foot forward.
ခင်ဗျား အလုပ်လျှောက်ဖို့ တွေ့ဆုံမေးမြန်းခန်းဝင်မယ်ဆိုရင် အရင်ဆုံး အကောင်းဆုံးနဲ့ စနိုင်ဖို့ ကြိုးစားနော်။


ဒီသတင်းပတ် တင်ပြခဲ့တဲ့ Foot ကိုအခြေခံတဲ့ Idiom အသုံးတွေက Put your foot down, Get your foot in the door နဲ့ Put your best foot forward တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG