သုံးရလွယ်ကူစေသည့် Link များ

Ride စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Ride (စီးသည်) ကို အခြေခံတဲ့ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ A Free Ride, Take someone for a Ride နဲ့ Ride the Coattails တို့ကို တင်ပြထားပါတယ်။

(၁) A Free Ride
A (တခု)၊ Free (အလွတ်၊ အလကား)၊ Ride (စီးသည်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အလကားစီးရတယ် ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ အလကားစီးရတယ်ဆိုတော့ ကိုယ့်အတွက် ဘာမှမကုန်ကျဘဲ ၊ ကိုယ်မကြိုးစားဘဲ တခုခုကို မပင်ပန်းဘဲရလိုက်တာကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းတော့ မြန်မာမှာ ရေသာခိုတဲ့ သဘောမျိုးလို့လည်း ဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Don’t think you can get a free ride just because you are the boss’s son.
ဆရာသမားရဲ့ သားဖြစ်နေလို့ ရေသာခိုလို့ရမယ်လို့တော့ မထင်လိုက်နဲ့။

(၂) Take someone for a Ride
Take (ခေါ်သွားသည်)၊ Someone (တဦးတယောက်ရဲ့)၊ For (အတွက်)၊ A (တကြိမ်)၊ Ride (စီးသည်) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်ကို တခုခုကိုစီးဖို့ ခေါ်သွားတာ ဖြစ်ပါတယ်။ လူတဦးကို တခုခုစီးဖို့ ခေါ်သွားတယ်ဆိုတဲ့ အီဒီယံအဓိပ္ပါယ်က လူတဦးကို လှည့်ဖြားခေါ်ဆောင်သွားတာ၊ ဖြီးဖြန်းတာ၊ မြန်မာဘန်းစကားမှာတော့ အတည်ပေါက်လှိမ့်တာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Be careful when you buy a car. Those car salesmen will take you for a ride.
မော်တော်ကား ဝယ်မယ်ဆိုရင် သတိထားနော်။ ကားပွဲစားတွေရဲ့ အတည်ပေါက်လှိမ့်တာကို ခံရလိမ့်မယ်။

(၃) Ride the Coattails
Ride (စီးသည်)၊ the Coattails (ကုတ်အင်္ကျ ီ နောက်ကျောဖက်အောက်ပိုင်း) ကိုဆိုလိုပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကုတ်အင်္ကျ ီနောက်မြီးပိုင်းကိုလိုက်စီးနေတာကိုဆိုလိုပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ သူများရဲ့အရှိန်၊ သူများရဲ့နံမည်ကို သုံးတာကို ဆိုလိုပါတယ်။ နံမည်ကြီးတဲ့လူ၊ သြဇာရှိတဲ့လူရဲ့ နံမည်ကို မှီသုံးပြီး ကိုယ့်ဘဝတက်လမ်းရှာတာ၊ အခွင့်အရေးယူတာမျိုုးကို ဆိုလိုပါတယ်။ မြန်မာဘန်းစကားမှာဆိုရင်တော့ နောက်ကနေ အမြီးဆွဲလိုက်တာ၊ ပုဆိုးစဆွဲလိုက်တာ၊ သူများ စိန်နားကပ်နဲ့ ကိုယ့်ပါးပြောင်အောင်တာမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The young business man is riding on the coattails of his uncle, who is a general.
အဲဒီလူငယ် စီးပွားရေးလုပ်ငန်းရှင်က သူ့ရဲ့ဦးလေး ဗိုလ်ချုပ်ရဲ့ အရှိန်အဝါကိုသုံးပြီးတက်လမ်းရှာနေတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idioms အသုံးအနှုန်းများမှာ A Free Ride, Take someone for a Ride နဲ့ Ride the Coattails တို့ ဖြစ်ပါတယ်။
XS
SM
MD
LG