ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းများမှာ to get on someone’s nerves, to get something off one’s chest နဲ့ to get something straight တို့ ဖြစ်ကြပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ to get on someone’s nerves ဖြစ်ပါတယ်။ To Get က တခုခုကို ဖြစ်စေတာ၊ On က အပေါ်မှာ၊ Someone’s က လူတဦးတယောက်၏၊ Nerves က အာရုံကြောများ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်၏ အာရုံကြောတွေပေါ်မှာ ရောက်စေသည် ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီနေရာမှာ ရှင်းပါတယ်။ လူတဦးတယောက်၏ အာရုံကြောကိုသွားပြီး အနှောက်အယှက်ဖြစ်တယ်ဆိုရင် ဒီလူလုပ်တာ စိတ်တိုစရာ၊ မျက်စိနှောက်စရာ၊ စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်စေတာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
His loud singing gets on my nerves. I’m going to tell him to stop.
သူအသံကျယ်ကြီးနဲ့ သီချင်းဆိုနေတာကို ကျနော် စိတ်အနှောက်အယှက် ဖြစ်လိုက်တာဗျာ။ ရပ်ဖို့ ကျနော် သွားပြောတော့မယ်။
ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ to get something off one’s chest ဖြစ်ပါတယ်။ To get က တခုခုကို ဖြစ်စေတာ၊ Something က တခုခုကို ရည်ညွှန်းတဲ့ နာမ်စား၊ Off က ဒီနေရာမှာ to get နဲ့တွဲပြီး to get off က တနေရာရာကနေ ထွက်သွားအောင် ထုတ်ပြစ်လိုက်တာမျိုးကို ဆိုလိုပါတယ်။ One’s က လူတဦးတယောက်၏၊ Chest က ရင်ဘတ် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ရင်ဘတ်ထဲမှာ ရှိနေတာကို ထုတ်ပြစ်လိုက်တာ ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ကျမတို့ မြန်မာမှာ ပြောလေ့ရှိတဲ့အတိုင်း ရင်ဖွင့်လိုက်တာ၊ ရင်ထဲမှာ စိတ်ထဲမှာ ရှိနေတဲ့ မကျေနပ်ချက်၊ စိတ်ခံစားချက်၊ လိပ်ခဲတည်းလည်း ဖြစ်နေတာကို တဖတ်လူသိအောင် ဖွင့်ပြောလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါမှလည်း ရင်ထဲမှာ ပေါ့သွားမှာ ဖြစ်ပါတယ်။

I told my wife about losing a one-thousand-dollar bet on horseracing. I felt much relieved now as I’ve got it off my chest.
ကျနော် မြင်းလောင်းလို့ ဒေါ်လာ တစ်ထောင် ရှုံးသွားတဲ့အကြောင်း ကျနော့်ဇနီးကို ပြောပြလိုက်တယ်။ ကျနော့် ရင်ထဲမှာ ဖွင့်ပြောလိုက်ရတော့ ပေါ့သွားတယ်ဗျာ။
နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ to get something straight ဖြစ်ပါတယ်။ To get က တခုခုကို ဖြစ်အောင်လုပ်တာ၊ Something က တခုခုကို ရည်ညွှန်းတာ၊ Straight က တည့်တည့်မတ်မတ်၊ ဖြောင့်ဖြောင့်တန်းတန်း တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်ကတော့ တခုခုကို တည့်မတ်အောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှဘူးလို့ ဆိုရမှာပါ။ တခုခုကို ရှင်းအောင်လုပ်တာ၊ နားလည်းထားတာ၊ သဘောပေါက်ထားတာ မှန်မမှန်ကို အတိအကျဖြစ်အောင် လုပ်တာကို ဆိုလိုပါတယ်။

I want to get this straight about your sister. We are very good friends and nothing more.
ခင်များညီမနဲ့ ပတ်သက်လို့ ကျနော် ရှင်းရှင်းပြတ်ပြတ်သားသား အသိပေးပါရစေ။ ကျနော်တို့က သိပ်ခင်တဲ့ မိတ်ဆွေတွေပါ။ ဒါထက်တော့ မပိုပါဘူးဗျာ။