သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Glove စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသီတင်းပတ် English American-Style Idioms ကဏ္ဍမှာ Glove (လက်အိတ်) နဲ့ ပတ်သက်တဲ့ Fit like a glove, Handle somebody with kid gloves နဲ့ The gloves are off တို့ကို တင်ပြထားပါတယ်။

(၁) Fit like a glove

Fit (တော်တာ)၊ like (တူတာ၊ ဆင်တာ)၊ a glove (လက်အိတ်တဖက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လက်အိတ်လိုပဲ တော်တာ ဖြစ်ပါတယ်။ ဒီအသုံးက လူတွေအနေနဲ့ အဝတ်အစား၊ ဖိနပ် စသဖြင့် ဝတ်ရာမှာ ဘာမှပြောစရာမရှိ တော်နေတယ်ဆိုရင် တင်စားပြီးပြောတာ ဖြစ်ပါတယ်။ လက်အိတ်ဝတ်ထားရင် လက်နဲ့ လက်အိတ်ဟာ အံဝင်ဂွင်ကျ ဖြစ်နေတာမို့ ဘာမှ အပြစ်ပြောစရာမရှိ၊ ကိုယ်နဲ့ တော်နေတယ်ဆိုရင် Fit like a glove လက်အိတ်ဝတ်ထားသလိုပဲ အားလုံးက သူ့နေရာနဲ့သူ ပြောစရာမရှိ တော်နေတယ်ဆိုတာကို တင်စားပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

His new blue jeans fit him like a glove.

သူ့ဂျင်းဘောင်ဘီအသစ်က သူနဲ့ အတော်ပဲလေ။

(၂) Handle somebody with kid gloves

Handle (ကိုင်တွယ်တာ)၊ somebody (တဦးတယောက်)၊ with (နှင့်)၊ kid (ဒီနေရာမှာ ဆိတ်ပေါက်စလေးကို ခေါ်တာပါ)၊ gloves (လက်အိတ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဆိတ်ပေါက်စ သားရေနဲ့ လုပ်ထားတဲ့ လက်အိတ်နဲ့ လူတဦးကို ကိုင်တွယ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ Handle အစား Treat ကို အစားထိုးပြီး Treat somebody with kid gloves လို့လည်း ရည်ညွှန်းသုံးနိုင်ပါတယ်။ လက်အိတ်ဆိုတာက သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်။ အလုပ်ကြမ်းလုပ်ရင် ချည်ကြမ်းချည်ထည်နဲ့ ချုပ်ထားတဲ့ လက်အိတ် ရှိသလို၊ ပျော့ပေ့နုပေ့ သားရည်အနုစားနဲ့ ချုပ်ထားတဲ့ ဈေးကြီးလှတဲ့ လက်အိတ်တွေလည်း ရှိတာမို့ လူတဦးကို ကောင်းပေ့၊ ပျော့ပေ့၊ အဖိုးတန်ပေ့ဆိုတဲ့ လက်အိတ်နဲ့ ကိုင်တွယ်တဲ့သဘောကတော့ သိပ်ကို သတိထားကိုင်တွယ်ရတာ၊ ဖွဖွလေး ကိုင်တွယ်ရတာ၊ နုနုနယ်နယ်၊ ကြင်ကြင်နာနာ၊ ဂရုတစိုက် ကိုင်တွယ်ရတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါ့အပြင် တဖက်သား စိတ်မခုရလေအောင် သတိထားရတာ၊ အထူးသဖြင့် အာဏာရှိတဲ့လူ၊ လွှမ်းမိုးနိုင်တဲ့ လူတွေရဲ့ ငြိုငြင်မှုကို မခံရလေအောင် အဲဒီလူကို အထူးသတိထား ဆက်ဆံကိုင်တွယ်ရာမှာ ဒီအီဒီယံကိုသုံးနိုင်ပါတယ်။ လူတွေနှင့်သာမကပါဘူး၊ ကိစ္စတခုခုနှင့်ပတ်သက်လို့လဲ အကြမ်းမကိုင်နိုင်တာ သိပ်ကိုသတိထား ကိုင်တွယ်ရတာမျိုး ဆိုရင်လဲ ဒီအသုံးကို ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary has just lost her job. So, you need to treat her with kid gloves.

Mary က မကြာသေးမီကပဲ အလုပ်ပြုတ်သွားတယ်။ ဒါကြောင့် သူနဲ့ ပြောဆိုဆက်ဆံရာမှာ သိပ်ကိုသတိထားရလိမ့်မယ်။

(၃) The gloves are off
The gloves (လက်အိတ်တွေ)၊ are off (ချွတ်ထားပစ်လိုက်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လက်အိတ်တွေကို ချွတ်ထားပစ်လိုက်တာ ဖြစ်ပါတယ်။ လက်ဝှေ့ပွဲတွေမှာလက်ဝှေ့သမားတွေအနေနဲ့ တဦးနဲ့တဦး အထိမနာရလေအောင်၊ ဒဏ်ရာမရကြလေအောင် လက်အိတ်ဝတ်ပြီး ထိုးကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ လက်အိတ်တွေချွတ်ပြီး ထိုးကြမယ်ဆိုရင်တော့ လက်သီးစားမိရင်ဒဏ်ရာက ပိုကြီးနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ သွယ်ဝိုက်တဲ့ အီဒီယံအဓိပ္ပါယ်ကတော့ မြန်မာမှာ ပွဲကြမ်းလာပြီဆိုတဲ့သဘော၊ အတားအဆီးမရှိ၊ စောင့်စည်းမှုမရှိ သူနိုင်ကိုယ်နိုင် အပြတ်ချဲကြတဲ့ သဘောမျိုးကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The gloves came off at the recent Presidential candidates’ debate!

မကြာမီက ကျင်းပခဲ့တဲ့ သမ္မတကိုယ်စားလှယ်လောင်း နှစ်ဦး စကားစစ်ထိုးပွဲမှာ တဖက်နဲ့တဖက် အားမနာတမ်း အပြတ်ချဲခဲ့ကြတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Glove စကားလုံးအခြေခံ idioms အသုံးအနှုန်းများမှာ Fit like a glove, Handle somebody with kid gloves နဲ့ The gloves are off တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG