သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hand စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ လက် (Hand) ဝေါဟာရကို အခြေခံတဲ့ Play into someone’s hands, Wait on hand and foot နဲ့ Wash my hands of တို့ကို တင်ပြထားပါတယ်။

(၁) Play into someone’s hands

Play က သာမန်အားဖြင့် ကစားတယ်လို့အဓိပ္ပါယ်ရပြီး၊ တူရိယာဆိုရင်တီးခတ်တယ်၊ တီးမှုတ်တယ် စသဖြင့် အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ အတွင်းသို့ လို့အဓိပ္ပါယ်ရတဲ့ into နဲ့ တွဲသုံးထားတာမို့၊ play into က ရှောရှောရှူရှူ ဝင်သွားတယ်လို့ အဓိပ္ပါယ်ရပါတယ်။ Someone’s (တဦးတယောက်ရဲ့)၊ hands (လက်တွေ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က လူတဦးတယောက်ရဲ့ လက်ထဲကို ရှောရှောရှူရှူ ဝင်သွားတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ လူတဦး ထောင်ထားတဲ့ ၊ ဆင်ထားတဲ့အကွက်ထဲကို ဝင်မိတာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့ ပြောသမျှ လုပ်သမျှ ကို အဟုတ်ကြီးထင် ပြီးယုံမိ၊ လက်ခံမိ တဲ့အတွက်ဂျောက်ကျတာ၊ ဒုက္ခရောက်တာဖြစ်ပါတယ်။ မြန်မာမှာတော့ လက်ခုပ်ထဲရောက်တဲ့ရေ နှင့်ဆင်တူတယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe played into the hands of the guy who disliked him. He made Joe so angry that Joe hit him. Now, Joe is under arrest.

Joe တယောက် သူကိုကြည့်မရတဲ့လူကဆင်ထားတဲ့အကွက်ထဲကို ဝင်သွားခဲ့တယ်။ အဲဒီလူက Joe ကို သိပ်ဒေါသထွက်အောင်လုပ်တော့၊ Joe လည်း သူ့ကို ဆွဲထိုးမိတယ်။ အခုတော့ Joe အဖမ်းခံနေရပြီလေ။

(၂) Wait on hand and foot

Wait က သာမန်အားဖြင့် စောင့်တယ်လို့ အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ on (ဝိဘတ် - preposition) နဲ့တွဲပြီး wait on က ခိုင်းတာကို လုပ်ပေးတာ ဖြစ်ပါတယ်။ Hand (လက်)၊ and (နှင့်)၊ foot (ခြေထောက်) လို့ လုံးကောက်အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခိုင်းတာကို ခြေနှင့်လက်နှင့် လုပ်ပေးတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ မြန်မာစကားအရ ပြောရရင်တော့ ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးကိုင်ပေးတာ၊ လိုလေသေးမရှိ ကိုယ်ဖိရင်ဖိလုပ်ပေးတာ၊ ခိုင်းသမျှကိုအနွံအတာခံလုပ်ပေးတာ၊ ကျိုးကျိုးနွံ့နွံ့နဲ့ ပြုစုတာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John finally got married to his girlfriend. After living alone for years , I think he wants someone to wait on him hand and foot!

John တယောက် နောက်ဆုံးတော့ သူ့ရည်းစားကို လက်ထပ်လိုက်တယ်။နှစ်ပေါင်းအတော်ကြာ သူတကိုယ်တည်းနေလာပြီးတဲ့နောက်၊ ကျနော်ထင်ပါတယ် ၊ သူ့ကိုလိုလေသေးမရှိ ပြုစုမယ့် လူတဦး သူလိုချင်နေပုံရပါတယ်။

(၃) Wash my hands of

Wash (ဆေးကြောတာ)၊ my (ကျွန်တော်၊ကျမရဲ့)၊ hands (လက်တွေ)၊ of (တခုခုရဲ့) လို့ လုံးကောက်အဓိပ္ပါယ်ရပြီး ၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကကျွန်တော်၊ကျမရဲ့ ကလက်တွေကနေ ဆေးကြောပစ်လိုက်တာ ဖြစ်ပါတယ်။ Idiom သွယ်ဝိုက်အဓိပ္ပါယ် က စိတ်ကုန်လို့နောက်ဆိုဘာမှမပတ်သက်တော့တာ ကိုဆိုလိုပါတယ်။ ဒီနေရာမှာ တခုခု လို့ အဓိပ္ပါယ်ရတဲ့ something ဒါမှမဟုတ် တဦးတယောက် လို့ အဓိပ္ပါယ်ရတဲ့ someone ဆိုတဲ့စကားလုံးတွေ နဲ့တွဲပြီး Wash my hands of someone ဒါမှမဟုတ် Wash my hands of something လို့သုံးလေ့ရှိပါတယ်။ Wash my hands of someone ဆိုရင် အဲဒီလူနဲ့ ဘာမှ မပတ်သက်တာ၊ အဲဒီလူနဲ့ အဆက်ဖြတ်တာကဆိုလိုပြီး ၊ Wash my hands of something ဆိုရင် တခုခုနဲ့ ပတ်သက်ပြီး စိတ်ကုန်လို့ အပြီးအပိုင် ရပ်ပစ်တာမျိုး၊ ကိစ္စတခုခုကိုဆက်မလုပ်တော့တာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။z

My aunt washed her hands of her son. He gave her so much trouble that she decided to disown him.
ကျနော့်အဒေါ်က သူ့သားနဲ့ လုံးဝအဆက်ဖြတ်လိုက်ပြီ။ သူကို သိပ်ဒုက္ခပေးတော့ အမွေဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Hand စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Play into someone’s hands, Wait on hand and foot နဲ့ Wash my hands of တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG