သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Hit a wall, Nothing off the table နဲ့ Frontrunner တို့ကိုတင်ပြထားပါတယ်။

(၁) Hit a wall

Hit (ထိတာ၊ တိုက်တာ)၊ a wall (နံရံ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နံရံနဲ့ ထိမိတာ၊ နံရံနဲ့ တိုက်မိတာ ဖြစ်ပါတယ်။ ရှေ့မှာ နံရံရှိရင် ဆက်သွားဖို့ မလွယ်တဲ့ အခြေအနေမျိုးမို့ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က တခုခုလုပ်ရာမှာ ဘယ်လိုမှ ရှေ့ဆက်မတိုးနိုင်တဲ့ အခက်အခဲ၊ အဟန့်အတားနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန် သမ္မတ Donald Trump နဲ့ လွှတ်တော် Democrat ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi အပြင် အထက်လွှတ်တော်အမတ် အနည်းစုခေါင်းဆောင် Chuck Schumer တို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး၊ နိုင်ငံ့ရဲ့ အခြေခံယန္တရား အဆောက်အအုံတွေ ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ရှိပေမယ့် အဲဒီဆွေးနွေးပွဲမတိုင်မီ Pelosi က သတင်းစာရှင်းပွဲမှာ ပြောခဲ့တဲ့အချက်နဲ့ ပတ်သက်လို့ သမ္မတ က ဒေါသထွက်ခဲ့ပြီး Pelosi တို့နဲ့ တွေ့ဆုံရာမှာ သုံးမိနစ်အကြာ အခန်းထဲက ထထွက်ခဲ့တဲ့အတွက် ဒီအခြေအနေဟာ Democrat တွေနဲ့ သမ္မတကြား ဆက်ဆံရေးမှာ ရှေ့ဆက်လို့ မရနိုင်တဲ့ အခက်အခဲ ဖြစ်စေတယ်ဆိုပြီး၊ The Politico သတင်းစာကြီးက “Trump’s Walkout Hits a Wall" ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

China’s plan to restart the Myitsone dam project has “hit a wall.”

မြစ်ဆုံရေကာတာ စီမံကိန်း ပြန်စဖို့ တရုတ်ရဲ့ ကြိုးပမ်းမှုဟာ ရှေ့မတိုးနိုင်ဘဲ အဟန့်အတားနဲ့ ကြုံနေရတယ်။

(၂)Nothing off the table

Nothing (ဘာမှ)၊ off (ဖယ်ရှားတာ)၊ the table (စားပွဲ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က စားပွဲပေါ်ကနေ ဘာမှ ဖယ်ပစ်မှာမဟုတ်ဘူး ဖြစ်ပါတယ်။ တနည်းအားဖြင့် စားပွဲပေါ်မှာ အားလုံးချပြထားမှာ ဖြစ်ပါတယ်။ Idiom ဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလဲ ရှင်းပါတယ်။ ကိစ္စတခုခုနဲ့ ပတ်သက်လို့ အားလုံးကို ထည့်စဉ်းစားသွားမယ်၊ လမ်းအားလုံးကို ဖွင့်ထားတယ်၊ ဘယ်ဟာကိုမှ ဘေးဖယ်မထားဘူး၊ ချန်မထားခဲ့ဘူးကို ဆိုလိုတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ NLD ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ”Everything is negotiable” အရာအားလုံးကို စေ့စပ်ညှိနှိုင်းလို့ ရတယ်ဆိုတဲ့သဘောထားနဲ့ ဒီအသုံးအနှုန်း ကိုက်ညီတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအသုံးကို ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောင့်ယှက်ဖို့ ကြိုးပမ်းခြင်း ရှိမရှိ နဲ့ ဒီစုံစမ်းမှုမှာ သမ္မတ Trump က ဟန့်တားဖို့ ကြိုးပမ်းခြင်း ရှိမရှိကို စစ်ဆေးဖို့ ၂၀၁၇ မှာ တာဝန်အပေးခံခဲ့ရတဲ့ အထူးစုံစမ်းရေးမှူး Robert Mueller က သူ့ရဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံသားတွေကို ဗုဒ္ဓဟူးနေ့က ပထမဆုံးအကြိမ် ကိုယ်တိုင်ထုတ်ဖေါ်ပြောကြားရာမှာ ရာထူးလက်ကိုင် သမ္မတတဦးကို တရားရေးဌာနက စွဲချက်တင်ပိုင်ခွင့်မရှိလို့ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ သမ္မတ Trump ကို အရေးယူဖို့ ကြိုးစားခဲ့ခြင်း မရှိတာဟာ၊ Trump အနေနဲ့ ရာဇဝတ်မှု မကျူးလွန်ဘူးလို့ ယူဆလို့ မရကြောင်း ပြောခဲ့တဲ့အတွက်၊ Trump ကို အရေးယူဖို့ အစကတွန့်ဆုတ်ခဲ့တဲ့ Democrat အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့နောက်ဆုံး သဘောထားက ဒီကိစ္စကို လွှတ်တော်က ကိုင်တွယ်ရာမှာ သမ္မတကို impeach ဆိုတဲ့ အရေးယူနိုင်မှု အပါအဝင် အခြားရွေးလမ်းအားလုံးကို ထည့်စဉ်းစားသွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့တဲ့အတွက် AP သတင်းမှာ “The Latest : Pelosi says nothing off the table on Trump" ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The government official told the armed ethnic leaders that nothing would be “off the table” in peace negotiations.

ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အားလုံးကို ထည့်စဉ်းစားပေးမယ်လို့ အစိုးရအရာရှိတွေက တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ပြောခဲ့တယ်။

(၃) Front-runner

Front (အရှေ့)၊ runner (ပြေးနေသူ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရှေ့ကပြေးနေသူ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်လည်း ရှင်းပါတယ်။ ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ အခြေအနေအကောင်းဆုံးလူ၊ အလုပ်ခန့်ရာမှာလည်း အလုပ်ရဖို့အလားအလာ အရှိဆုံးလူကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ “တစ်ပြေးနေသူ” လို့ဆိုရင် မမှားပါဘူး။ ဒီအသုံးကို EU ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်တဲ့ Brexit နဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် Theresa May အကြိကြိမ်ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် May အနေနဲ့ ဇွန်လ (၇) ရက်နေ့မှာ ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ပေးမယ်လို့ ပြောခဲ့ပြီးနောက်၊ သူ့နေရာမှာ အစားထိုးဖို့ တစ်ပြေးနေသူကတော့ May ရဲ့ Conservative ပါတီကလည်းဖြစ် Brexit ကိုလည်း ထောက်ခံတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Boris Johnson ပဲ ဖြစ်ပေမယ့် သူလည်း Brexit အိပ်မက်ဆိုးကြီးကို ဆက်ရင်ဆိုင်ရမှာ ဖြစ်တယ်ဆိုပြီး CNN သတင်းမှာ “Boris Johnson is frontrunner for PM, but he'll face the same Brexit nightmare "ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Mr. Brown, our party’s candidate is the “front runner” to win the Mayor’s race.

ကျနော်တို့ပါတီ ကိုယ်စားလှယ်လောင်း Mr. Brown ဟာ မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ တစ်ပြေးနေသူ ဖြစ်တယ်။

XS
SM
MD
LG