သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hit စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ရိုက်တယ်၊ ထိတယ် လို့အဓိပ္ပါယ်ရတဲ့ ကို Hit အခြေခံတဲ့ အီဒီယံ အသုံးအနှုန်းတွေဖြစ်ကြတဲ့ Hit the roof, Hit the sack နဲ့ Hit the bull eyes တို့ကိုတင်ပြထားပါတယ်။

(၁) Hit the roof

Hit (ရိုက်တာ၊ ထိတာ)၊ the roof (အိမ်ခေါင်မိုး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အိမ်ခေါင်မိုးကိုသွားထိတာ၊ အိမ်ခေါင်မိုးကိုသွားရိုက်တာဖြစ်ပါတယ်။ အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်က လူတဦးအနေနဲ့ဒေါသအရမ်းထွက်တာကိုဆိုလိုပါတယ်။ မြန်မာမှာ ဒေါသကြီးလို့ ဆွေ့ဆွေ့ခုန်တယ်ဆိုသလိုပေါ့။ ဒေါသရဲ့ အရှိန်ဟာ ကြီးလွန်တာကြောင့် အဲဒီလူရဲ့ခေါင်းနဲ့ ခေါင်မိုး သွားဆောင့်တဲ့သဘောကိုတင်စားထားတာ ဖြစ်ပါတယ်။ ယမ်းပုံမီးကျဆိုတဲ့ အသုံးအနှုန်းနဲ့လည်း ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John hit the roof when his leave was canceled! He’s already bought a plane ticket to travel during the long holiday!
John က သူ ခွင့်ယူထားတာ အဖျက်ခံရတော့ ယမ်းပုံမီးကျတော့တယ်။ သူက အားလပ်ရက်ရှည်အတွင်း ခရီးထွက်ဖို့တောင် လေယာဉ်လက်မှတ်ဝယ်ထားပြီးသားဖြစ်နေတယ်။

ဒီအသုံးမှာ “Hit the roof” အစား “Hit the ceiling” ဆိုပြီးတော့လည်း ခေါင်မိုး roof အစား မျက်နှာကျက်လို့ အဓိပ္ပါယ်ရတဲ့ ceiling ကိုအစားထိုးပြီးတော့ အသုံးပြုလို့ရတယ်လို့ ဖြည့်စွက်တင်ပြလိုပါတယ်။

(၂) Hit the sack

Hit (ထိတာ၊ ရိုက်တာ)၊ the sack (ဂုံနီအိတ်လိုအိတ်ကြီးမျိုး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အိတ်ကြီးကို သွားထိတာ၊ အိတ်ကြီးကို သွားရိုက်တာ ဖြစ်ပါတယ်။ အိတ်ကြီးလို့ ဆိုရာမှာ လူတစ်ယောက်အနေနဲ့ အဲဒီအိတ်ပေါ်မှာ လဲလျောင်းအိပ်နိုင်လောက်အောင် ကြီးလှတဲ့အိတ်ကို ဆိုလိုပါတယ်။ ရှေးတုံးက အလုပ်သမားတွေအနေနဲ့ တနေကုန် ဆန်အိတ်တွေ၊ ဂျူံအိတ်တွေ သယ်ပြီးနောက်၊ မောလို့ အဲဒီအိတ်တွေကြားမှာ ထိုးအိပ်တဲ့ အလေ့အကျင့်ကနေ ဒီအသုံး ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တနေကုန်တနေခန်း ခြေကုန်လက်ပန်းကျအောင် အလုပ်လုပ်ပြီးတော့ အိပ်ယာထဲပစ်အိပ်လိုက်တဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

After driving nearly five hundred miles from New York, I’m exhausted. I’m going to hit the sack!
New York ကနေ မိုင် (၅၀၀) နီးပါး ကားမောင်းလာပြီးတဲ့နောက် ခြေကုန်လက်ပန်း ကျနေပြီ။ အိပ်ယာထဲ တန်းဝင်တော့မယ်။

(၃) Hit the bull eyes

Hit (ထိတာ၊ ရိုက်တာ)၊ the bull (နွားရိုင်း)၊ eyes (မျက်စိ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နွားရိုင်းရဲ့ မျက်စိကို တည့်တည့်ထိတာ ဖြစ်ပါတယ်။ Bull eyes ရဲ့ နောက်အဓိပ္ပါယ်တမျိုးကတော့ မြှား၊ ဒါး၊ သေနတ် စသဖြင့် အပစ်လေ့ကျင့်ရာမှာ လေ့ကျင့်တဲ့ကဒ်ပြား ဒါမှမဟုတ် သစ်သားပြားပေါ်မှာ အဝိုင်းတွေအထပ်ထပ် ဆွဲထားရာက အလယ်ဗဟိုမှာ ရှိနေတဲ့ မျက်စိနဲ့တူတဲ့ အမဲစက်ကို Bull eyes လို့ တင်စားပြောတာ ဖြစ်ပါတယ်။ သေနတ်၊ ဒါး၊ မြှား စသဖြင့် အပစ်လေ့ကျင့်ရာမှာ လက်သိပ်တည့်ရင် အလယ်က အဲဒီအမဲစက် ပစ်မှတ် (target) ကို ထိမှန်ရင် “Hit the bull eyes” လို့ တင်စားပြောကြပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ စကားပြောရာမှာ လိုရင်းတိုရှင်း ထိထိမိမိ ပြောနိုင်တာ၊ ဂျက်ကျကျ ပြောနိုင်တာကို ဆိုလိုပါတယ်။ မြန်မာမှာ “ဒက်ထိပဲဟေ”့ လို့ ပြောသလိုပေါ့။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။

Joan is very smart. She knows how to hit the bull eyes at meetings!
Joan က သိပ်ကိုဉာဏ်ထက်တာဘဲ။ အစည်းအဝေးတွေမှာဆိုဘယ်လိိုဂျက်ကျကျ ပြောရမလဲဆိုတာကို သူသိတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Hit ကိုအခြေခံတဲ့ idiom အသုံးတွေက Hit the roof, Hit the sack နဲ့ Hit the bull eyes တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG