သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Home စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အိမ် (Home) ကိုအခြေခံ တဲ့အီဒီယံအသုံးအနှုန်းတွေဖြစ်ကြတဲ့ Hit a home run, Make yourself at home နဲ့ Homesick တို့ကိုတင်ပြထားပါတယ်။


(၁) Hit a home run

Hit (ရိုက်တာ၊ ထိတာ)၊ a (တခု)၊ home (အိမ်)၊ run (ပြေးတာ) လိုလုံးကောက်အဓိပ္ပါယ်ရပေမဲ့ ဒီနေရာမှာ Home run ရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းပြချင်ပါတယ်။ ဒီအသုံးက အမေရိကန်မှာသိပ်လူကြိုက်များတဲ့Baseball ဆိုတဲ့ အားကစားနည်းကဆင်းသက်လာတာဖြစ်ပါတယ်။ Home run က ဘေ့စ်ဘော (baseball) ကစားပွဲမှာ ဘောလုံုံးရိုက်တဲ့လူက ဘောလုံးကိုအဝေးကြီးရောက်အောင် ရိုက်နိုင်တဲ့အတွက်ကြောင့် ၊ ရိုက်တဲ့လူ Hitter ဒါမှမဟုတ် Batter အနေနဲ့ ဘေ့စ်ဘောကွင်းရဲ့ Base သုံးခုစလုံးကို ရောက်အောင်ဆက်တိုက်ပတ်ပြေးနိုင်ပြီး နဂိုရိုက်တဲ့ Home base ကို ပြန်အရောက် ပြေးနိုင်တာကို Home run ရယ်လို့ခေါ်တာဖြစ်ပါတယ်။ အဲဒီ ရိုက်တဲ့လူက ဘောလုံးကို အဝေးကြီး ရိုက်နိုင်တဲ့အတွက်ကြောင့် တဖက်အသင်းက ဘောလုံးကို ကောက်ဖို့ကြိုးစားနေချိန်မှာ သူ့အနေနဲ့ အခုလို စွမ်းဆောင်ပြနိုင်တာ ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုရရင် အသင်းအတွက် Run ဒါမှမဟုတ် အမှတ်ရစေတာ ဖြစ်ပါတယ်။ အခုလို ဆက်တိုက်ပြေးနိုင်ဖို့ကလည်း တကယ်တော့ မလွယ်လှပါဘူး။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က နေ့စဉ်ဘဝမှာ လူတဦးအနေနဲ့ ထူးချွန်ခက်ခဲတဲ့ အောင်မြင်မှုကို စွမ်းဆောင်နိုင်တာကို တင်စားပြောတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ တော်ရုံတန်ရုံ မလုပ်နိုင်တာကို လက်စွမ်းပြလိုက်နိုင်တာမျိုး ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Our team hit a home run in last night’s design competition by winning all three awards.
ကျနော်တို့ အသင်းက မနေ့ညကဒီဇိုင်း ပြိုင်ပွဲမှာ လက်စွမ်းပြနိုင်ခဲ့ပြီး ၊ ဆု(၃)ခု စလုံးကိုကြုံးယူနိုင်ခဲ့တယ်လေ။

(၂) Make yourself at home

Make (ပြုလုပ်ပါ)၊ yourself (သင်ကိုယ်တိုင်) at (နေရာမှာ) home (အိမ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကိုယ့်အိမ်လိုဘဲပြုလုပ်ပါ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ကျမတို့မြန်မာမှာ အနီးစပ်ဆုံးကတော့ ကိုယ့်အိမ်လိုပဲသဘောထားဖို့ ၊ အားမနာဖို့ပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John, please come in and make yourself at home.
John ရေ ဝင်လာခဲ့ပါ။ ဘာမှ အားနာစရာ မလိုပါဘူး။ ကိုယ့်အိမ်လိုပဲ သဘောထားပါ။

(၃) Homesick

Homesick ရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အိမ်ဖျားတာပေါ့။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ရှင်းပါတယ်။ အိမ်ကို လွမ်းတာကို ဆိုလိုပါတယ်။ ကိုယ့်အိမ်ကိုလွမ်းတာ။ ပြည်ပရောက်နေလို့ ကိုယ့်ဇာတိမြေကိုလွမ်းတယ်ဆိုရင်လဲ I am homesick လို့ ပြောလို့ရပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Myanmar refugees in Thailand are homesick for their country.
ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာဒုက္ခသည်တွေဟာ သူတို့နေရပ်ရင်း နိုင်ငံကို လွမ်းနေကြတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Home စကားလုံးကို အခြေခံတဲ့ Idiom အသုံးတွေက Hit a home run, Make yourself at home နဲ့ Homesick တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG