သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Home စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Home (အိမ်) စကားလုံးဝေါဟာရကို အခြေခံတဲ့ Till the cows come home, Hit home နဲ့ Feel at home စတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

(၁) Till the cows come home

Till (အချိန် အတိုင်းအတာတခုအထိ)၊ the Cows (နွားများ)၊ Come home (အိမ်ပြန်လာတာ) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ နွားတွေ အိမ်ပြန်လာတဲ့အထိ ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ နွားတွေအနေနဲ့ မြက်ရှာစားဖို့ ထွက်သွားရင် ပျောက်သွားတယ်ဆိုရင် အိမ်ကိုပြန်လာလေ့ မရှိကြတဲ့အတွက်ကြောင့် အဲဒီ ပျောက်သွားတဲ့နွားတွေ အိမ်ပြန်ရောက်တဲ့အထိဆိုရင် ဘယ်တော့ ပြန်လာမယ်ဆိုတာကို မပြောနိုင်တာကို ဆိုလိုပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ ဘယ်တော့ပြီးမယ်ဆိုတာ မသိနိုင်တာ။ အချိန်သိပ်ကြာတာကို ဆိုလိုပါတယ်။ တနည်း တခုခုဖြစ်လာဖို့ သိပ်အချိန်ယူမယ့်ဟာမျိုး။ ကျမတို့ မြန်မာဘန်းစကားအရတော့ ရပါလိမ့်မယ် အားကြီး၊ ဖြစ်လာပါလိမ့်မယ် အားကြီး ပြောတာမျိုး။ မိုးပြိုမှာကို စောင့်နေသလားဆိုတာမျိုးနဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

You can talk to your son to lose weight till the cows come home. I bet he won’t listen.
မင်းရဲ့  သားကို ကိုယ်အလေးချိန်ချဖို့ ပြောနေတာ ရပါလိမ့်မယ်အားကြီး။ ငါ လောင်းရဲတယ် သူ မင်းစကားကို နားထောင်မှာ မဟုတ်ဘူး။

(၂) Hit home

Hit (ရိုက်တာ၊ ထိတာ)၊ Home (အိမ်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အိမ်ကိုထိတာ ဖြစ်ပါတယ်။ Home ဆိုတဲ့ အိမ်ဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် လူတဦး အိမ်ကိုထိတယ်လို့ တင်စားပြောရာမှာ တခုခုနဲ့ ပတ်သက်လို့ သဘောပေါက်နားလည်တာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာတော့ ပြောလိုက်တာ ထိတယ်ဆိုတဲ့ အသုံးနဲ့ဆင်တူတယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် ဝေဖန်ခံရရင် ခံရခက်ပေမယ့်လို့လဲ ပြောလိုက်တာက မှန်နေတော့ အပြောခံရတဲ့လူကို အသိတရားရစေတာမျိုး ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The teacher criticism hit home. The student realized his mistake and changed for the better.
ဆရာက သူကို ဝေဖန်တာ တကယ်ပဲ သူ့ကို ထိစေတယ်။ ကျောင်းသားကလဲ သူ့အပြစ်တွေ ပြန်မြင်ပြီး အကောင်းဖက်ကို ပြုပြင်တာ တွေ့ရတယ်။

(၃) Feel at home

Feel (ခံစားတာ)၊ At (နေရာကိုပြတာ)၊ Home (အိမ်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အိမ်လိုပဲ ခံစားရတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကလဲ သိပ်မကွာလှပါဘူး။ ကိုယ့်အိမ်လိုပဲ နေသာထိုင်သာ ရှိစေတာ၊ နေရထိုင်ရ မခက်တာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I like my room at the hostel. I feel at home there.
ကျနော့်အဆောင်မှာရှိတဲ့ အခန်းကို ကျနော် ကြိုက်တယ်။ ကျနော့်အိမ်လိုပဲ နေသာထိုင်သာ ရှိပါတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Home စကားလုံးကို အခြေခံတဲ့ Idiom အသုံးတွေက Till the cows come home, Hit home နဲ့ Feel at home တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG