သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ To be tight-lipped, To be mum on နဲ့ No smoking gun တို့ကို တင်ပြပေးထားပါတယ်။

(၁) To be tight lipped

To be (ဖြစ်တာ)၊ tight-Lipped (နှုတ်ခမ်းကို ပိတ်ထားတာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကနှုတ်ခမ်းကို ပိတ်ထားတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ နှုတ်ခမ်းကို ပိတ်ထားတယ်ဆိုကတည်းက ကိုယ်ပြောချင်ပေမယ့်လည်း မပြောဘဲ ထိန်းထားတာ၊ အထူးသဖြင့် ဒေါသဖြစ်နေတာ၊ မကျေနပ်ပေမယ့်လို့လဲ မပြောဘဲ ပါးစပ်ကို စေ့ထားတာ ဖြစ်ပါတယ်။ ဒီအသုံးကို ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Russia က ဝင်ရောက်စွက်ဖက်မှု ရှိမရှိ စုံစမ်းမှုနဲ့ ပတ်သက်လို့ သမ္မတ Trump ရာထူးက ထုတ်ပစ်လိုက်တဲ့ FBI အကြီးအကဲဟောင်း James Comey က ဇွန်လ (၈) ရက်နေ့က ထောက်လှမ်းရေးဆိုင်ရာ အထက်လွှတ်တော်ကော်မတီ ရှေ့မှောက်မှာ ကြားနာစစ်ဆေးခံခဲ့ရာမှာ ၊ ခါတိုင်း Twitter ကွန်ရက်ပေါ်မှာ သူ့အမြင်ကို တင်ပြလေ့ရှိတဲ့ သမ္မတ Trump အနေနဲ့ Twitter ကတဆင့် ဘာမှမပြောတာကို တွေ့ရတဲ့အတွက်၊ သတင်းမီဒီယာတွေက Trump ကတော့ ဒီတခါမှာ နှုတ်ပိတ်နေလေရဲ့ဆိုပြီးတော့ To be tight-lipped အသုံးကို ရည်ညွှန်းသုံးခဲ့ကြပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The manager remained tight-lipped about how many workers would be losing their jobs.

အလုပ်သမား ဘယ်နှစ်ယောက် အလုပ်ဖြုတ်ခံရမှာနဲ့ ပတ်သက်လို့ မန်နေဂျာက နှုတ်ပိတ်နေလေရဲ့။

(၂) To be mum on

To be (ဖြစ်တာ)၊ mum ကို ဒီနေရာမှာ ကြိယာ (Verb) အဖြစ် သုံးထားပြီး၊ ပါးစပ်ပိတ်ထားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ On (တခုခုအပေါ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုနဲ့ ပတ်သက်ပြီး ပါးစပ်ပိတ်ထားတာ ဖြစ်ပါတယ်။ နှုတ်ခမ်းကို စေ့ထားပြီး အသံထွက်အောင် လုပ်တဲ့အခါမှာ ထွက်လာတဲ့ “mmmm” ဆိုတဲ့ အသံကိုရည်ညွှန်းပြီး Mum on ဆိုတဲ့ Idiom ဆင်းသက်လာတာ ဖြစ်ပါတယ်။ စောစောက To be tight-lipped အသုံးနဲ့ ဆင်တူလို့ ဆိုရမှာပါ။ FBI အကြီးအကဲ Comey ထွက်ဆိုချက်နဲ့ ပတ်သက်လို့ Twitter ပေါ်မှာ လက်မနှေးဘဲ၊ တုံ့ပြန်လေ့ရှိတဲ့ Trump က ဒီတခါမှာတော့ ဘာမှမတုံ့ပြန်ဘဲ ထူးထူးဆန်းဆန်း တိတ်နေတဲ့အတွက်ကြောင့် To be mum on ဆိုတဲ့ Idiom ကို သတင်းမီဒီယာတွေကသုံးခဲ့ကြတာ ဖြစ်ပါတယ်။ Idiom သွယ်ဝိုက်အဓိပ္ပါယ်က နှုတ်ပိတ်နေတာ၊ ဘာမှမပြောဘဲနေတာ၊ အားစေးထည့်ထားသလို ဖြစ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary kept mum on who would get the job.

Mary က ဘယ်သူအလုပ်ရမယ်ဆိုတဲ့အကြောင်း ဘာမှ ထုတ်မပြောဘူး။

(၃) No smoking gun

No (မဟုတ်သဘောကိုပြတာ)၊ smoking က မီးခိုး ဆိုတဲ့ smoke စကားလုံးက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ Smoking က မီးခိုးထွက်နေတာဖြစ်ပြီး၊ (Adjective) နာမဝိသေသနအဖြစ် အသုံးပြုထားရာမှာ (Noun) နာမ် ဖြစ်တဲ့ သေနတ် Gun ကို အထူးပြုထားတာ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မီးခိုးထွက်နေတဲ့ သေနတ်မဟုတ်တာ ဖြစ်ပါတယ်။ လူတဦးလက်ထဲ မီးခိုးထွက်နေတဲ့ သေနတ်နဲ့ လက်ပူးလက်ကြပ် မိတယ်ဆိုရင် သေနတ်ပစ်တဲ့လူဟာ အဲဒီလူဖြစ်တယ်ဆိုတာ သက်သေအထောက်အထား ခိုင်လုံတယ်လို့ ဆိုရမှာပါ။ ဒါ့ကြောင့် No smoking gun ရဲ့ အီဒီယံအဓိပ္ပါယ်က လူတဦး အပြစ်ရှိတယ်ဆိုတာကို ပြသတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က Comey ရဲ့ထွက်ဆိုချက်နဲ့ ပတ်သက်လို့ သူကို အရေးယူနိုင်လောက်အောင် သက်သေအထောက်အထားရှိမှာမဟုတ်ဘူးလို့ ပြောခဲ့တာကို သတင်းမီဒီယာတွေက No smoking gun ဆိုပြီး ရည်ညွှန်းသုံးခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

President Trump predicted there was no smoking gun in the Comey’s case.

သမ္မတ Trump က Comey ရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး သူ့ကို အရေးယူနိုင်ဖို့ ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိမှာမဟုတ်ဘူးလို့ ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idiom အသုံးတွေက To be tight-lipped, To be mum on နဲ့ No smoking gun တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG