သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


THAILAND ANIMALS DISABLED CHILDREN
THAILAND ANIMALS DISABLED CHILDREN
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Keep under your hat, Elephant in the room, Show your cards တို့ကို တင်ပြထားပါတယ်။

(၁) Keep under your hat

Keep under (အောက်မှာထားတာ)၊ your hat (သင့်ရဲ့ဦးထုပ်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က သင့်ရဲ့ဲ့ဦးထုပ် အောက်မှာထားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဦးထုပ်ကို လူ့ဦးခေါင်း ဒါမှမဟုတ် အသိဉာဏ် ဦးနှောက်အဖြစ် တင်စားပြောထားတာမို့ Idiom သွယ်ဝိုက်အဓိပ္ပါယ်က အကြောင်းအရာတခုခုနဲ့ ပတ်သက်လို့ ခေါင်းထဲမှာပဲ မှတ်ထားဖို့၊ ထုတ်မပြောဘဲ စိတ်ထဲမှဘဲထားဖို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးကို ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီဘက်က သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ယှဉ်ပြိုင်မယ်လို့ ကြေငြာထားတဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ဟာ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲတုန်းကလဲ Democrat ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ယှဉ်ပြိုင်ဖို့ကြိုးပမ်းခဲ့စဉ်က ထိုစဉ်က သူ့ကိုထောက်ခံပြီး Internet ပေါ်မှာ လှုပ်ရှားခဲ့ကြတဲ့ Bernie ရဲ့ ညီနောင် ဆိုပြီး Bernie bro ဘန်းစကားအရ နံမည်တပ်ခေါ်ခံရတဲ့လူတွေဟာ Sanders အခု ၂၀၂၀ ရွေးကောက်ပွဲအတွက် ဝင်ပြိုင်မယ်လို့ ကြေငြာရာမှာတော့ Bernie ရဲ့ ညီနောင် Bernie bro တွေထံက ဘာသံမှထွက်တာမကြားရဘဲ ငြိမ်နေကြတဲ့အတွက်၊ The Washington Post သတင်းစာကြီးမှာ “Bernie bros Keep it under their hats” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Keep it “under your hat,” but I heard John is getting married.

ဘယ့်သူ့ကိုမှ သွားမပြောနဲ့၊ စိတ်ထဲမှာဘဲထားပါ ။ John မင်္ဂလာဆောင်တော့မယ်လို့ ကျနော်ကြားတယ်။

(၂) Elephant in the room

Elephant (ဆင်)၊ in the room (အခန်းအထဲမှာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အခန်းထဲမှာရှိနေတဲ့ ဆင် ဖြစ်ပါတယ်။ တိရိစ္ဆာန်တွေထဲမှာ သိပ်ကိုအရွယ်အစားကြီးလှတဲ့ ဆင်တကောင်အခန်းထဲ ရောက်နေတဲ့သဘောကို သွယ်ဝိုက်တဲ့ အီဒီယံအဓိပ္ပါယ်အရ ရှင်းရမယ်ဆိုရင်၊ နေ့စဉ်ဘဝမှာ လူ့အဖွဲ့အစည်းတခုခုအတွက် သိပ်ကို ကြီးမားတဲ့ပြဿနာ ရှိနေတာကို သိထားပေမယ့်လို့လဲ အကြောင်းအမျိုးမျိူးကြောင့် လူတွေက ပြောဖို့၊ ဆွေးနွေးတင်ပြဖို့၊ ခက်ခဲနေတဲ့ ပြဿနာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့ ကိစ္စတခုခုဟာ သိပ်ကိုအရေးကြီးလွန်းလှပြီး၊ ပြဿနာ ဖြစ်တယ်ဆိုတာကို သိထားကြပေမယ့် လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး စသဖြင့် တို့ကြောင့် ဘယ်သူကမှစပြီး ပြောဖို့၊ ဖြေရှင်းဖို့ မလုပ်ကြတဲ့ ပြဿနာမျိုး၊ ကိုင်တွယ်ရမှာကို လက်တွန့်တဲ့ ပြဿနာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမထွက်တာ၊ မပြောချင်တာ၊ ပြောဖို့ မျက်နှာပူတာ၊ ပြောဖို့ကြောက်တာ၊ ပြောဖို့ဝန်လေးတဲ့ ပြဿနာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို Twitter ကတဆင့်သူ့အမြင်တွေကို အသိပေးရေးသားလေ့ရှိတဲ့ သမ္မတ Donald Trump နဲ့ပတ်သက်ပြီးTrump က Twitter မှာ ရေးတယ်ဆိုတဲ့ Tweet လုပ်တဲ့အခါ အကြောင်းအရာတခုခုနဲ့ ပတ်သက်လို့ တခုရေးပြီးနောက် ဆက်ရေးဖို့ တခါတလေ မိနစ် ၅၀ လောက်ကြာမှ ဆက်ရေးတဲ့ အလေ့အကျင့်ဟာ စိတ်တိုစရာ အားမလိုအားမရ ဖြစ်စေပေမယ့် ဒါနဲ့ပတ်သက်လို့ သမ္မတကိုဘယ်သူကမှ ဝေဖန်မရဲကြဘဲ ပြောရခက်နေတဲ့ ပြဿနာအကြောင်း ထောက်ပြရာမှာ The Washington Post သတင်းစာကြီးရဲ့မှာ ဆောင်းပါးရှင်တဦးက “Let’s Address the elephant in the room: Why does it take Trump so long to tweet?”ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်.

ဥပမာ

The “elephant in the room” for this country is the issue of religion.

ဒီနိုင်ငံမှာ လူတွေ ဆွေးနွေးဖြေရှင်းဖို့ ဝန်လေးတဲ့ ပြဿနာကြီးတရပ်ကတော့ ဘာသာရေးကိစ္စရပ် ဖြစ်တယ်။

(၃) Show your cards

Show (ပြတာ)၊ your cards (သင့်ရဲ့ဖဲချပ်တွေ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သင့်ရဲ့ဖဲချပ်တွေကို ထုတ်ပြပါ ဖြစ်ပါတယ်။ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ဖဲချပ်တွေကို အများမြင်နိုင်အောင် စားပွဲပေါ်မှာ ချပြလိုက်တယ်ဆိုတဲ့ သဘောကတော့ ကိုယ်လုပ်နေတာကို အများသိအောင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလိုက်တဲ့သဘော ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ။ ကိုယ့်မှာ ဘာအစီအစဉ်တွေ ရှိနေတယ်ဆိုတာကို အရှိကိုအရှိအတိုင်း ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးကို အခု သမ္မတ Trump က ၂၀၂၀ အတွက်အစိုးရအသုံးစရိတ်ကိုကြေငြာလိုက်ပြီး၊ သူလိုချင်တဲ့ Mexico တံတိုင်းဆောက်ဖို့ ငွေအပါအဝင် သူဖြတ်ချင်တာဖြတ်၊ သူလိုချင်တာသူ ထည့်တောင်းထားတဲ့အတွက် Democrat တွေဘက်ကလည်း တုံ့ပြန်မယ့် အစီအစဉ်ချပြရမယ်ဆိုပြီး့ The New York Times သတင်းစာကြီး က “With Trump’s Budget Out, Democrats Must Now Show Their Cards” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

It’s time for both parties “to show all their cards” at the Peace talks.

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်နေတဲ့ အုပ်စုနှစ်ဖက်စလုံးတို့အနေနဲ့ အရှိကိုအရှိအတိုင်း အခြေအနေအားလုံးကို ပွင့်ပွင့်လင်းလင်း ချပြကြဖို့ အချိန်တန်ပါပြီ။

XS
SM
MD
LG