သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kick စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American-style Idioms ကဏ္ဍမှာ တင်ပြထားတဲ့ အီဒီယံ အသုံးတွေက Kick the can down the road, A kick in the teeth နဲ့ Kick up a fuss တို့ ဖြစ်ကြပါတယ်။

(၁) Kick the can down the road

Kick (ကန်တာ)၊ the can (နို့ဆီခွက်၊ သံဘူးခွံ)၊ down (အောက်ဘက်)၊ the road (လမ်း) တို့ ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က သံဗူးခွံကို တလမ်းလုံး အဆင့်ဆင့် ကန်ချလိုက်တာ ဖြစ်ပါတယ်။ တနည်းတော့ သံဗူးခွံကို ဝေးသထက် ဝေးအောင် ကန်သွားတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း အလားတူပါပဲ။ စောစောက သံဗူးခွံကို တလမ်းလုံး တနေရာကနေ တနေရာကို တောက်လျှောက်ကန်သွားပြီး၊ ဝေးသထက်ဝေးအောင် လုပ်သလို၊ ကိုယ်လုပ်ပေးပါမယ်လို့ ပြောထားတဲ့ ကတိတွေကို ဟိုအချိနိရှေွှ့ဒီချိန်ရွှေ့လုပ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ လုပ်ပေးဖို့လိုတဲ့ ကိစ္စရပ်တခုခုကို အတိုင်းအတာကာလအတွင်း လုပ်ပေးပါ့မယ်လို့ ကတိပေးထားပေမယ့်လဲ ကတိပေးထားတဲ့အတိုင်း မလုပ်ပေးနိုင်ဘဲ၊ ခဏခဏ ရက်ရွှေ့ရတဲ့ ဖြစ်ရပ်ကိုရည်ညွှန်းထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီအသုံးကို နိုင်ငံရေးလောကမှာတော့ အသုံးများလာပါတယ်။ နိုင်ငံရေးသမားတွေအနေနဲ့ မဲဆွယ်ရာမှာ ကိုယ့်မဲဆန္ဒရှင်တွေအတွက် ဘာလုပ်ပေးပါ့မယ်၊ ညာလုပ်ပေးပါ့မယ်လို့ ကတိတွေ ပေးခဲ့ပေမယ့် တကယ် လက်တွေ့မှာတော့ ဆင်ခြေတွေ အမျိုးမျိုးပေးပြီး အချိန်ကို ဟိုရှေွှ့ဒီရှေွှ့ လုပ်နေတာမျိုး၊ ခဏခဏ ရက်ရွှေ့နေတာမျိုးကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနှင့်ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The ruling Party lost most of the seats in elections because the Party kicked the can down the road on its promises to the people.

ရွေးကောက်ပွဲမှာ အာဏာရပါတီက နေရာအများစု ဆုံးရှုံးခဲ့တဲ့ အကြောင်းကတော့ ပါတီက သူတို့ လုပ်ပေးပါမယ်လို့ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေကို တကယ်လုပ်ပေးဖို့ ခဏခဏ ရွှေ့ဆိုင်းခဲ့လို့ဖြစ်တယ်။

(၂) A kick in the teeth

A (တခု၊တကြိမ်)၊ kick ဒီနေရာမှာ noun (နာမ်) အဖြစ် သုံးထားပြီး၊ ကန်တဲ့အပြုအမူကိုဆိုလိုတာ ဖြစ်ပါတယ်။ In (အထဲမှာ)၊ the teeth (သွားတွေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သွားတွေကို တချက်ကန်လိုက်တာ ဖြစ်ပါတယ်။ လူတဦးရဲ့ ပါးစပ်ထဲမှာရှိတဲ့သွားတွေဟာ အကန်ခံလိုက်ရတယ်ဆိုတာ ဘယ်လောက် နာကျင်စေမလဲ၊ အခံရခက်စေမလဲ၊ ဒေါသထွက်စေမလဲ၊ စော်ကားရာရောက်စေမလဲဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။ ဒါကြောင့် A kick in the teeth ရဲ့ အီဒီယံအဓိပ္ပါယ်က လူတဦးအတွက် သိပ်အခံရခက်စေတဲ့ အပြုအမူမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနှင့်ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary worked very hard but she was denied a promotion. So it was a kick in the teeth for her.

Mary က ရာထူးတက်ရလေအောင် အလုပ်ကို သိပ်ကြိုးစားခဲ့ပေမယ့်လို့လဲ၊ သူရာထူး မတိုးခဲ့ဘူး။ ဒါကြောင့် သူ့အနေနဲ့ သိပ်ကိုအခံရခက်ခဲ့တယ်။

(၃) Kick up a fuss

Kick ကို up (ဝိဘတ်) နဲ့တွဲပြီး kick up က တခုခုဖြစ်အောင်လုပ်တာ၊ ဖန်တီးတာ၊ a (တခု)၊ fuss က အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ ဒီနေရာမှာတော့ ဂျီတိုက်တာ၊ မျက်စိရှုပ်အောင်လုပ်တာ၊ ပျာယာခတ်တာ စသဖြင့် အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကိစ္စတခုခုနှင့်ပတ်သက်လို့ ဂျီတိုက်တာ၊ ကျမတို့ မြန်မာဘန်းစကားအရတော့ မကျေနပ်လို့၊ ဘဝင်မကျလို့ ပူညံပူညံလုပ်တာမျိုး၊ ရေးကြီးခွင်ကျယ်လုပ်တာနဲ့ တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနှင့် ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The customer at the restaurant kicked up a fuss about his food being cold.

စားသောက်ဆိုင်မှာ လာစားတဲ့ အမျိုးသားက သူ့အတွက်လာချပေးတဲ့ အစားအစာက အေးနေတဲ့အတွက်ကြောင့် ပူညံပူညံလုပ်လိုက်တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ Kick ကို အခြေခံတဲ့ idiom အသုံးတွေက Kick the can down the road, A kick in the teeth နဲ့ Kick up a fuss တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG