သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lip စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ နှုတ်ခမ်းလို့ အဓိပ္ပါယ်ရတဲ့ lip (နှုတ်ခမ်း) စကားလုံး အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Lip service, Stiff upper lip, Lips are sealed နဲ့ Tight-lipped တို့ကို တင်ပြထားပါတယ်။

Lip service

Lip (နှုတ်ခမ်း)၊ Service (ဝန်ဆောင်လုပ်ငန်း၊ ဒါမှမဟုတ် တဦးတယောက်အတွက် ဆောင်ရွက်ပေးခြင်း) တို့ဖြစ်ပြီး ဒီစကားစုတခုလုံး တိုက်ရိုက်အဓိပ္ပါယ်က နှုတ်ခမ်းနဲ့ ဝန်ဆောင်မှုတခုခု လုပ်ပေးသည် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ကျမတို့ မြန်မာတွေရဲ့ နေ့စဉ်အသုံးကို ပြောရရင်တော့ ပါးစပ်နဲ့ လောကွက်လုပ်တာ ဖြစ်ပါတယ်။ ဟိုလိုလုပ်ရင်ကောင်းမယ်၊ ဒီလိုလုပ်ရင်ကောင်းမယ်၊ လုပ်ပေးပါမယ် စသဖြင့်ပြောပြီး လက်တွေ့အားဖြင့် ဘာမှလုပ်မပေးတာ၊ အပြောကြီးသက်သက်ဖြစ်ပြီး ဘာမှ အားကိုးလို့ မရတာမျိုးကို ဆိုလိုပါတယ်။

ဥပမာ

Joe has promised to help his brother financially since he lost his job, but so far it's just lip service. And, his brother is in great trouble.

သူ့ညီ အလုပ်ပြုတ်သွားချိန်ကစလို့ Joe က ငွေရေးကြေးရေး အကူအညီပေးပါ့မယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့လို့ အခုအချိန်အထိတော့ လောကွတ်စကားသက်သက်ပါပဲ။ သူ့ညီလည်း တော်တော်လေး ဒုက္ခရောက်နေတယ်။

Stiff upper lip

Stiff (တောင့်နေတာ၊ မလှုပ်ဘဲနေတာ)၊ Upper (အပေါ်)၊ Lip (နှုတ်ခမ်း) တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အပေါ်နှုတ်ခမ်းကို မလှုပ်ဘဲ နေသည် ဖြစ်ပါတယ်။ စကားပြောဆိုတဲ့အခါ သောတရှင်များ သိကြတဲ့အတိုင်း အပေါ်၊ အောက် နှုတ်ခမ်းလှုပ်ဖို့ လိုတာကြောင့် အပေါ်နှုတ်ခမ်းကို မလှုပ်ဘဲထားတယ်ဆိုရင် စကားမပြောဘဲ နေတာမျိုးကို ဆိုလိုပါတယ်။ တနည်းအားဖြင့် လူတဦးက အပေါ်နှုတ်ခမ်း မလှုပ်ရအောင်နေတယ် ဆိုလို့ရှိရင် ကိုယ်ခံစားနေရတာကို သူများ သိမှာစိုးလို့ ကိုယ့်စိတ်ကိုယ် ကိုယ်ထိန်းပြီး ဘာမှ နှုတ်ကနေမပြောတာ၊ စိတ်စိတ်ငြိမ်နေတာကို ဆိုလိုပါတယ်။ ဒီ အီဒီယံကို keep ဆိုတဲ့ verb ကြိယာနဲ့တွဲသုံးပြီး keep a stiff upper lip လို့ ရည်ညွှန်းသုံးပါတယ်။

ဥပမာ

When Mary heard the bad news that she will soon be losing her job and she kept a stiff upper lip.

Mary က သူမကြာခင် အလုပ်ပြုတ်တော့မယ်ဆိုတဲ့ စိတ်မကောင်းစရာသတင်း ကြားပေမယ့် သူ ဒီအကြောင်း ဘာမှမပြောဘဲ နေခဲ့တယ်။

Lips are sealed

Lips (နှုတ်ခမ်း)၊ Sealed (seal ဝေါဟာရက ဆင်းသက်လာပြီး ပိတ်ထားတာ) တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပါးစပ်ကို ပိတ်ထားတာ ဖြစ်ပါတယ်။ အီဒိယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ပါးစပ်ကို ပိတ်ထားတယ်ဆိုရင် တခုခုအကြောင်းကို ထုတ်မပြောဘဲ နေတာဖြစ်ပါတယ်။ အထူးသဖြင့် လူတဦးဦးက သူများမသိစေချင်တဲ့အကြောင်း ကိစ္စတခုခုကို ကိုယ်က သိထားတယ်ဆိုရင် အဲဒီ မသိစေချင်တဲ့သတင်းကို ကိုယ်က လျှောက်မပြောတာ၊ နှုတ်လုံတာမျိုးကို ဆိုလိုပါတယ်။

ဥပမာ

Jone promised me that she won’t tell my parents that I’m going out with Susan. She said her lips are sealed.

Jone က ကျနော် Susan နဲ့ တွဲနေတာကို ကျနော့် မိဘတွေကို သွားမပြောဘူးလို့ ကတိပေးထားတယ်။ သူ နှုတ်လုံပါတယ်။

Tight-lipped

Tight (ကျပ်သည်)၊ lipped (lip) နှုတ်ခမ်း ဝေါဟာရ က ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပထမဝေါဟာရ tight နဲ့ lipped ကြားမှာ တုံးတို (hyphen) ကို ခံထားတာ ဖြစ်ပါတယ်။ ဒီ tight lipped ဝေါဟာရက နာမဝိသေသန adjective ဖြစ်ပါတယ်။ ဒီ စကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ နှုတ်ခမ်းကို စေ့ထားတာဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ပါးစပ်ကို ပိတ်ထားတာ၊ တခုခုကိုအကြောင်းနဲ့ ပတ်သက်လို့ ဘာမှ ထုတ်မပြောဘဲ နှုတ်ပိတ်နေတာကို ဆိုလိုပါတယ်။

ဥပမာ

Jim was tight-lipped about his plan to get married. We don’t know anything about his girlfriend.

Jim တစ်ယောက် သူလက်ထပ်မယ့် အစီအစဉ်အကြောင်း လုံးဝဘာမှ ထုတ်မပြောဘူး။ သူ့အမျိုးသမီးအကြောင်းလည်း ကျနော်တို့ ဘာမှ မသိကြဘူး။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idioms အသုံးတွေက Lip service, Stiff upper lip, Lips are sealed နဲ့ Tight-lipped တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG